မြန်မာနိုင်ငံက လုပ်ငန်းများအတွက် စတုတ္ထမဏ္ဍိုင်ကိုကျေးဇူးတင်ကြောင်း နိုဘယ်လ်ဆုရ WFP ပြော

မြန်မာနိုင်ငံက လုပ်ငန်းများအတွက် စတုတ္ထမဏ္ဍိုင်ကိုကျေးဇူးတင်ကြောင်း နိုဘယ်လ်ဆုရ WFP ပြော
Photo - AFP

အောက်တိုဘာ ၁၀၊ ၂၀၂၀

၂၀၂၀ ပြည့်နှစ်အတွက် ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ရရှိသည့် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ၏ မြန်မာနိုင်ငံအတွက် အထောက်အပံ့ လုပ်ငန်းများကို စတုတ္ထမဏ္ဍိုင်ကဏ္ဍမှတစ်ဆင့် ဝိုင်းဝန်းကူညီပေးကြ သည့်အတွက် ကျေးဇူးအထူးတင်ရှိကြောင်း WFP က သတင်းထုတ်ပြန်ထားသည်။

ငတ်မွတ်ခေါင်းပါးမှု တိုက်ဖျက်ရေး၊ ပဋိပက္ခဖြစ်ပွားရာ ဒေသများတွင် ငြိမ်းချမ်းရေးအတွက် အခြေအနေ ပိုကောင်းလာစေရန် လုပ်ဆောင်မှု၊ စစ်ပွဲနှင့် ပဋိပက္ခဖြစ်ပွားရာ ဒေသများတွင် ငတ်မွတ်မှုကို လက်နက်သဖွယ် သုံးနေခြင်းကို တားဆီးရန် အားထုတ်မှုတို့အတွက် WFP ကို ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ပေးအပ်ခြင်းဖြစ်ကြောင်း နော်ဝေ နိုဘယ်လ် ကော်မတီက သတင်းထုတ်ပြန်ခဲ့သည်။

အများက ဆန္ဒအလျောက် လှူဒါန်းကြသည့် ထောက်ပံ့မှုများအပေါ်  ရပ်တည်နေရသော WFP ကဲ့သို့သော အဖွဲ့အစည်းတစ်ရပ်အတွက် မီဒီယာမိတ်ဆွေ လုပ်ဖော်ကိုင်ဖက်များ၊ အစိုးရနှင့်  အစိုးရမဟုတ်သော မိတ်ဖက်အဖွဲ့ အစည်းများ၊ ညီနောင် ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် အလှူရှင်များ၏ ပံ့ပိုးမှုမပါဘဲ ငတ်မွတ်ခေါင်းပါးမှုကို မည်သို့မျှ ဆက်လက် ရင်ဆိုင်ဖြေရှင်းနိုင်မည် မဟုတ်ကြောင်းလည်း အောက်တိုဘာလ ၁၀ ရက်နေ့ ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

ယခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်လ်ဆု ပေးအပ်ချီးမြှင့်ခြင်းခံရခြင်းအတွက် WFP အနေဖြင့် ကျိုးနွံစိတ်နှင့်အတူ ဝမ်းမြောက်ကြည်နူးမိကြောင်း၊ ကမ္ဘာအရပ်ရပ်က အခက်အခဲကြုံတွေနေရသည့် လူဦးရေ သန်း ၁၀၀ ကျော်ထံ စားနပ်ရိက္ခာ အထောက်အပံ့များ ပို့ပေးနိုင်ရန် အသက်အန္တရာယ်များ ကြားထဲက ကြိုးစားဆောင်ရွက်နေသည့် WFP ဝန်ထမ်းများကို အသိအမှတ်ပြု၊ ဂုဏ်ပြုပေးသည်ဟု မှတ်ယူကြောင်းလည်း ဖော်ပြထားသည်။

ကမ္ဘာအနှံ့ ငတ်မွတ်ခေါင်းပါးမှု အဆုံးသတ်ရေးပန်းတိုင်ဆီ မရောက်နိုင်သေးဘဲ နောက်ပြန်ဆုတ်ပြီး ကြိုးစားဖြေရှင်းနေရသည့်အခိုက် ယခုကဲ့သို့ နိုဘယ်လ်ဆုချီးမြှင့်ရေး ကော်မတီက ဆုံးဖြတ်ရွေးချယ်ခဲ့သည့် ဂုဏ်ပြုဆုကို ရရှိခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံနှင့် ပတ်သက်၍ အဆုံးမသတ်နိုင်သေးသော စစ်ဘေးပဋိပက္ခဒဏ်များကြောင့် အလားတူ စားနပ်ရိက္ခာ အခက်အခဲကို ရင်ဆိုင်နေကြရဆဲဖြစ်ကြောင်း၊ ထို့အပြင် COVID-19 ရောဂါ၏ ရိုက်ခတ်မှုများက ကျေးလက် ရော မြို့ပြဒေသများက မိသားစု အတော်များများကို ဆင်းရဲနွမ်းပါးမှုနှင့် ငတ်မွတ်ခေါင်းပါးမှုတို့ဆီ ထပ်မံ တွန်းပို့ဦးမည့် အလားအလာရှိနေကြောင်းလည်း ဖော်ပြထားသည်။

လက်ရှိတွင် ကမ္ဘာ့အနှံ့ လူဦးရေသန်းပေါင်း ၆၉၀ ကျော်သည် နေ့စဉ် စားစရာအတွက် ရုန်းကန်နေကြရကြောင်း၊ ထိုအအထဲမှ လူဦရေ ထက်ဝက်ကျော်သည် အာရှဒေသတွင် နေထိုင်နေကြသူများ ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly