ရီးယဲလ်မက်ဒရစ်မှာ တစ်နေ့ ကစားရဖို့ သူ့ရဲ့ အိပ်မက်ဖြစ်တယ်လို့ ပေါလ် ပေါ့ဂ်ဘာ ဝန်ခံ

ရီးယဲလ်မက်ဒရစ်မှာ တစ်နေ့ ကစားရဖို့ သူ့ရဲ့ အိပ်မက်ဖြစ်တယ်လို့ ပေါလ် ပေါ့ဂ်ဘာ ဝန်ခံ

မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကစားသမား ပေါလ် ပေါ့ဂ်ဘာက တစ်နေ့နေ့မှာ ရီးယဲလ်မက်ဒရစ်အတွက် ကစားပေးရဖို့ဆိုတာ သူ့ရဲ့ အိပ်မက်ဖြစ်တယ်လို့ ဝန်ခံခဲ့ပါတယ်။ 

ဒါပေမယ့် အသက် ၂၇ နှစ်အရွယ် ကစားသမားက သူဟာ ယူနိုက်တက်နဲ့ ထိုက်တန်တဲ့ အရာတွေကို ရရှိအောင် လုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်း ထည့်သွင်း ပြောဆိုခဲ့ပါတယ်။ 

ပြင်သစ်ကစားသမားဟာ ၂၀၁၆ ခုနှစ်က ပေါင် ၈၉ သန်းနဲ့ ပြန်လည် ပူးပေါင်းခဲ့တာဖြစ်ပေမယ့် အသင်းကနေ ထွက်ခွာဖို့ အမြဲလိုလို သတင်းတွေ ထွက်နေသူလည်းဖြစ်ပါတယ်။ 

ပေါ့ဂ်ဘာရဲ့စာချုပ်ဟာ နွေရာသီမှာ သက်တမ်းကုန်ဆုံးမှာဖြစ်ပေမယ့် ယူနိုက်တက်ဟာ ၂၀၂၂ ခုနှစ်အထိ နောက်ထပ် တစ်နှစ်ထပ်မံသက်တမ်းတိုးနိုင်ပါတယ်။ 

ဒါ့အပြင် ပေါ့ဂ်ဘာက သူဟာ စာချုပ်သက်တမ်းတိုးဖို့ ကိစ္စနဲ့ ပတ်သက်ပြီး အသင်းနဲ့ ဆွေးနွေးမှုဘာမှ မရှိသေးဘူးလို့ ပြောပါတယ်။

"ဘယ်သူမှ ကျနော့်ကို ဘာမှ မပြောကြသေးပါဘူး။"လို့ သူက ကြာသပတေးနေ့က ပြင်သစ်လက်ရွေးစင်အသင်းနဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ "အက်ဒ်ဝုဒ်ဝက်ဒ်နဲ့ (ယူနိုက်တက် အမှုဆောင်အရာရှိချုပ်) စကားမပြောရသေးသလို ကျနော်တို့ဟာ စာချုပ်သစ်ကိစ္စ ပြောထားတာလည်း မရှိသေးပါဘူး။" 

"အခုအချိန်မှာတော့ ကျနော်က မန်ချက်စတာမှာ ရှိနေပြီး ကျနော့်ရဲ့ အကောင်းဆုံးပုံစံကို ပြန်လည်ရရှိဖို့ အာရုံစိုက်နေပါတယ်။ 

"ကလပ်အသင်းက လာပြီး ကျနော်ကို ပြောဆိုလာနိုင်ပြီး တစ်ခုခုကမ်းလှမ်းတာ ဒါမှမဟုတ် ကမ်းလှမ်းမှု မရှိတော့မယ့် အခိုက်အတန့်လေးတစ်ခုရှိလိမ့်မယ်လို့ ကျနော် ထင်ပါတယ်။" 

သူနဲ့ အကြိမ်ပေါင်းများစွာ ချိတ်ဆက်မှုရှိနေတဲ့ မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ အလားအလာနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာ သူက "ဘောလုံးသမားအားလုံး ရီးယဲလ်မက်ဒရစ်အတွက် ကစားပေးချင်ကြမှာပါ။ ကျနော့်အတွက်လည်း ဒါက အိပ်မက်ပဲတစ်ခုပဲပေါ့။ တစ်နေ့နေ့မှာ ဘာကြောင့် မဖြစ်နိုင်ရမှာလဲ။"လို့ ဖြေကြားခဲ့ပါတယ်။

"ကျနော်က မန်ချက်စတာမှာ ရှိနေပြီး ကျနော့်အသင်းကို ကျနော် ချစ်ပါတယ်။ မန်ချက်စတာမှာ ကစားနေပြီး ပျော်လည်း ပျော်ပါတယ်။ ဒီအသင်းနဲ့ ထိုက်တန်တဲ့ အရာတွေကို ရရှိအောင် အရာအားလုံး လုပ်ဆောင်ချင်ပါတယ်။

"ကျနော့်ရဲ့အသင်းဖော်တွေလိုပဲ ကျနော် အစွမ်းကုန်ပေးဆပ်သွားမှာပါ။" 

ယူနိုက်တက်ဟာ ဒီရာသီ စတင်ရာမှာ အခက်အခဲကြုံနေပြီး သူတို့ရဲ့ လိဂ်အဖွင့်ပွဲ သုံးပွဲမှာ တစ်ပွဲသာ အနိုင်ရထားပါတယ်။

နိုင်ငံတကာပွဲစဉ်တွေ မတိုင်ခင် သူတို့ရဲ့ နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ တော့တင်ဟမ်နဲ့ပွဲမှာ ၆-၁ ဂိုးပြတ်နဲ့ အကြီးအကျယ်ရှုံးနိမ့်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၁၆ မှာ ရပ်တည်ခဲ့ပါတယ်။

ပေါ့ဂ်ဘာဟာ သြဂုတ်လမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခဲ့ရပြီးနောက် သီးခြားနေထိုင်စေခဲ့ရာကနေ ဒီရာသီ ယူနိုက်တက်ရဲ့ လိဂ်ပွဲ သုံးပွဲစလုံးကို စတင်ပါဝင်ခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required