အဖွဲ့သုံးဖွဲ့ခွဲကာ ပါရီကို တိုက်ခိုက်ခြင်းဖြစ်၊ သေဆုံးသူ ၁၂၉ ဦးနှင့် ဒဏ်ရာရသူ ၃၅၀ ကျော်ရှိ

အဖွဲ့သုံးဖွဲ့ခွဲကာ ပါရီကို တိုက်ခိုက်ခြင်းဖြစ်၊ သေဆုံးသူ ၁၂၉ ဦးနှင့် ဒဏ်ရာရသူ ၃၅၀ ကျော်ရှိ

ပြင်သစ်နိုင်ငံ၏ မြို့တော် ပါရီတွင် တိုက်ခိုက်ရေးအဖွဲ့ သုံးဖွဲ့ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သေဆုံးသူပေါင်းမှာ ၁၂၉ ဦးနှင့် ဒဏ်ရာရသူ ၃၅၀ ကျော်ရှိကြောင်း ပြင်သစ်ရှေ့နေချုပ်ကပြောသည်။

"ဒီတိုက်ခိုက်ရေးသမားတွေရဲ့ အရင်းအမြစ်ကို ကျွန်တော်တို့ သိထားပါပြီ။ သူတို့ရဲ့ ဘဏ္ဍာငွေအထောက်အပံ့ရပ်တည်မှုကိုလည်း သိထားတယ်။"ဟု ဖရန့်စွာမိုလင်းက သတင်းထောက်များကိုပြောသည်။

တိုက်ခိုက်သူအစွန်းရောက် ခုနစ်ဦးအား သုတ်သင်နိုင်ခဲ့ရာ ၎င်းတို့သည် လက်နက်ကြီးများ ရှိထားသလို ဗုံးခါးပတ်များလည်း ပတ်ထားကြောင်း ၎င်းက ပြောသည်။

အိုင်အက်စ်တို့က ၎င်းတို့လက်ချက်ဖြစ်သည်ဟု ကြေညာထားသည့် နိုဝင်ဘာ ၁၃ ရက်က တိုက်ခိုက်မှုများမှာ ဂီတဖျော်ဖြေပွဲ၊ အားကစားရုံ၊ စားသောက်ဆိုင်များနှင့် အရက်ဘားများ တိုက်ခိုက်ခံရခြင်းဖြစ်သည်။

ယခုတိုက်ခိုက်မှုများနှင့် ချိတ်ဆက်ပတ်သက်သူ သုံးဦးကို ဘယ်လ်ဂျီယမ်တွင် နိုဝင်ဘာ ၁၄ ရက်က ဖမ်းမိထားကြောင်းလည်း မိုလင်းက ပြောသည်။

ဘရပ်ဆဲလ်မြို့အနီး ဖမ်းမိသူတစ်ဦးမှာ နိုဝင်ဘာ ၁၃ ညနေ ပါရီတိုက်ခိုက်မှုတွင် ကိုယ်တိုင်ပါဝင်ခဲ့သူဖြစ်နိုင်၍ စုံစမ်းစစ်ဆေးနေကြောင်း ဘယ်လ်ဂျီယမ် ဝန်ကြီးချုပ် ချားလ်မိုက်ကယ်က ပြောခဲ့သည်။

"စုံစမ်းစစ်ဆေးမှုများအရ အဖွဲ့သုံးဖွဲ့ခွဲ လုပ်ဆောင်ခဲ့သည့် တိုက်ခိုက်မှုဖြစ်တယ်လို့ ပြောနိုင်ပါတယ်။"ဟု နိုဝင်ဘာ ၁၄ ရက် ညနေက သတင်းထောက်များကို မိုလင်းက ပြောခဲ့သည်။

ထိုပြင် သေဆုံးသည့် တိုက်ခိုက်ရေးသမားတစ်ဦးမှာ အသက် ၃၀ ဝန်းကျင်ရှိ ပြင်သစ်တစ်ဦးဖြစ်ပြီး ပြစ်မှုဟောင်းရှိထားသူဖြစ်သော်လည်း ထောင်မကျဘူးသူဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly