လက်နက်ကိုင်လမ်းစဉ်နဲ့ ပါတီနိုင်ငံရေးလမ်းကြောင်း

လက်နက်ကိုင်လမ်းစဉ်နဲ့ ပါတီနိုင်ငံရေးလမ်းကြောင်း
Photo Creadit - အစိုးရ-တပ်မတော်-လက်နက်ကိုင်အဖွဲ့- နိုင်ငံရေးပါတီ ခေါင်းဆောင်များကိုတွေ့ရစဉ်(ပုံ- အတိုင်ပင်ခံရုံးဖေ့စ်ဘွတ်လူမှုကွန်ရက်စာမျက်နှာ)

အောက်တိုဘာ ၆ ၊ ၂၀၂၀

နိုင်ငံတစ်နိုင်ငံတွင် လူမှုရေး၊ နိုင်ငံရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး ဆိုသည့် အခန်းကဏ္ဍများ နိမ့်ကျပါ က ပြည်တွင်း တောင်းဆိုသံများ ထွက်ပေါ်လေ့ရှိပါသည်။ထို့နောက် တစ်ဆက်တည်းမှာပဲ လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တန်းတူညီမျှခြင်းဆိုသည့် လောကပါလ တရားများ ပျက်သုဉ်းလာပါက ထွက်ပေါက်တစ်ခုကို ရှာဖွေလေ့ ရှိကြသည်။

ထိုသို့ထွက်ပေါက်ရှာရာတွင် လူတစ်ဦးနှင့်တစ်ဦး အမြင်သဘောထား အပါအဝင် ခံယူချက်များ မတူညီကြပေ။ တချို့က နိုင်ငံရေးအရ နိုင်ငံရေးစကားဝိုင်းထိုင် ဖြေရှင်းရန် လိုအပ်သည်ဟု မြင်ကြသလို တချို့မှာ နိုင်ငံရေး စကားဝိုင်းထိုင် ဖြေရှင်း၍ မရသည့်အဆုံး လက်နက်ကိုင် လမ်းစဉ်ဖြင့် ဖြေရှင်းရန် လိုအပ်သည်ဟု မြင်ကြသည်။

အဆိုပါ မတူညီသော အမြင်များကြားတွင် မြန်မာနိုင်ငံကို လေ့လာကြည့်ပါက မတူညီသော အမြင်နှစ်ခုကြားမှာ အမြင် နှစ်ခုစလုံးဖြင့် လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တန်းတူညီမျှခြင်းဆိုသော လောကပါလ တရားများကို တည်ဆောက်နေကြသည်။

ဓာတ်ပုံ - - ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ တပ်မတော်အရာရှိကြီးများ (ပုံ-မဇ္ဈိမ)

လက်နက်ကိုင် လမ်းစဉ်

လက်ရှိ မြန်မာနိုင်ငံတွင် နိုင်ငံရေးအရ သဘောထား ကွဲလွဲမှုများကြောင့် လက်နက်ကိုင် လမ်းစဉ်ကို ကျင့်သုံး၍ ဖြေရှင်းလာခဲ့သည်မှာ နှစ်ပေါင်း ၇၀ ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း ယနေ့ချိန်ထိတိုင်း မဖြေရှင်းနိုင်သေးဘဲ ဖြစ်နေသည်။

အစိုးရ အဆက်ဆက် နည်းလမ်းပေါင်းစုံဖြင့် ဖြေရှင်းလာခဲ့ရာ ယနေ့ထိတိုင် အမြင်သဘောထားများက ကွဲလွဲနေ ကြပြီး ယုံကြည်မှု တည်ဆောက်ရေးကိုပင် မဆောင်ရွက်နိုင်ဘဲ ဖြစ်နေကြခြင်းကြောင့် လက်နက်ကိုင် လမ်းစဉ် ကို စွန့်လွှတ်၍ နိုင်ငံရေးပါတီ ထူထောင်ကာ ပါတီနိုင်ငံရေး လမ်းကြောင်းပေါ် လျှောက်လှမ်းရန် လက်နက်ကိုင် ထား ကြသူများတွင် လတ်တလော အခြေအနေမှာ မည်ကဲ့သို့မှ မဖြစ်နိုင်ပေ။

အဘယ်ကြောင့်ဆိုသော် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ်သည် အောင်မြင်မှု မရှိသေးဘဲ ပြန်လည် ပျက်စီး မသွားအောင်ပင် အတော်လေး ကြိုးစားတည်ဆောက်နေကြရ ခြင်း ကြောင့် ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ လက်နက်ကိုင် လမ်းစဉ်နှင့် လက်နက်ကိုင် လမ်းကြောင်းကို ဖြစ်တည်စေခဲ့သော အကြောင်းအရာမှာ “လွတ်လပ်ခွင့်ကို ထိန်းချုပ်ခံရသည့်နေ့သည် တော်လှန်ရေးကို စတင်သည့်နေ့”ဟု ဆို သော အတွေးအခေါ်က ဆင်းသက်လာခြင်းဖြစ်ကြောင်းကို အားလုံးက နားလည် သဘောပေါက်၍ မည်သို့ ဖြေရှင်းကြမည်ကို နည်းနာရှာဖွေရမည်။

အလားတူ လက်နက်ကိုင် လမ်းစဉ်နှင့် လက်နက်ကိုင် လမ်းကြောင်းသည် ရာသက်ပန် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်မဟုတ်ဘဲ နိုင်ငံရေးအရ မဖြစ်နိုင်သည့်အဆုံး ထွက်ပေါက်တစ်ခုအဖြစ်သာ ရွေးချယ်ခဲ့ရသော လမ်းစဉ်နှင့်လမ်းကြောင်းဖြစ်သည့်အတွက် လိုလားချက်များ ဖြည့်စီးနိုင်သည့်အခါ လက်နက်ကိုင် လမ်းစဉ်နှင့် လက်နက်ကိုင် လမ်းကြောင်းကို စွန့်လွှတ်ရမည်ဆိုခြင်းအပေါ်လည်း အားလုံးက နားလည် သဘောပေါက် လက်ခံထားကြရမည်။

တောင်အာဖရိကခေါင်းဆောင် နယ်လ်ဆင်မဲဒင်လားက “လက်နက်ကိုင် တိုက်ပွဲလမ်းစဉ်ဆိုတာ နိုင်ငံရေးခရီး မှာ ရှောင်လွဲလို့မရနိုင်တာကို ငါ လက်ခံတယ်၊ အခြေအနေတချို့မှာ မျက်စိမှိတ်ပြီး ရွေးချယ်လိုက်ရတာမျိုးပဲ၊ ဒါပေမဲ့ အမြဲတမ်းအတွက် လိုအပ်ချက် မဟုတ်ဘူး။ ဘယ်အချိန်မှာ လက်နက်ကိုင် တိုက်ပွဲလမ်းစဉ်ကို စွန့်လွှတ် ရမလဲဆိုတာ မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်တာကမှ တကယ့်နိုင်ငံရေးပဲ”ဟု ပြောခဲ့ဖူးသည်။

နယ်လ်ဆင်မဲဒင်လားသည် တောင်အာဖရိကတွင် လူဖြူ-လူမဲ ခွဲခြားဆက်ဆံခံရခြင်းမှ လူဖြူအစိုးရကို နိုင်ငံရေး နည်းအရ တော်လှန်၍ မရသည့်အဆုံး လက်နက်ကိုင် တိုက်ပွဲလမ်းစဉ်ကို ရွေးချယ်ကာ တော်လှန်ခဲ့သည်။

သို့သော် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ် ပေါ်ပေါက်လာသည့် အခါ လက်နက်ကိုင်လမ်းစဉ်ကနေ ပါတီနိုင်ငံရေးလမ်းကြောင်းကို ပြောင်းလဲကာ ANC ဆိုသော နိုင်ငံရေးပါတီကနေ ၁၉၉၄ ခုနှစ်မှာ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ကာ သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရပြီးနောက် တောင်အာဖရိကနိုင်ငံကို အုပ်ချုပ်၍ လူဖြူ-လူမဲ ခွဲခြားဆက်ဆံရေးမှသည် ပဋိပက္ခများ ဖြစ်ပွားခြင်းကို အဆုံး သတ်ခဲ့သည်။

ဓာတ်ပုံ - - “ဝ”တပ်ဖွဲ့ UWSAမှ တပ်ဖွဲ့ဝင်များကိုတွေ့ရစဉ်(ပုံ-AFP)

ပါတီနိုင်ငံရေး လမ်းကြောင်း

အထက်ပါ ဖော်ပြခဲ့သည့်အတိုင်း လက်နက်ကိုင် လမ်းစဉ်နှင့် ပါတီနိုင်ငံရေး လမ်းစဉ်ကို မည်သည့် အချိန်မှာ ဆောင်ရွက်ရမည်ကို လက်နက်ကိုင်ထားကြသူများ အားလုံးက သိရှိ နားလည်ရန် အလွန်အရေးကြီးသည်။ သို့ မဟုတ်ပါက လက်နက်ကိုင် လမ်းစဉ်ကို စွဲမတ်သွားကာ စစ်ဘုရင်ဝါဒီများ ပေါများလာပြီး မြန်မာနိုင်ငံလည်း လက်နက်ကိုင် ပဋိပက္ခ နှစ်ပေါင်း ၁၀၀ ကျော်သွားနိုင်ပါသည်။

ထို့ကြောင့် လက်နက်ကိုင် လမ်းစဉ်မှသည် ပါတီနိုင်ငံရေးလမ်းကြောင်းပေါ်သို့ ကူးပြောင်းရာတွင် ချောမွှေ့ရန် အရေးကြီးလှပါသည်။ မဟုတ်ပါက လက်နက်ကိုင် လမ်းစဉ်ကနေ ပါတီနိုင်ငံရေး လမ်းကြောင်းပေါ်သို့ တက် ရောက်နိုင်မည်မဟုတ်ဘဲ စစ်ဘုရင်ဝါဒီများအဖြစ် တိမ်းညွန့်သွားနိုင်ပါသည်။

စစ်ဘုရင်ဝါဒီများ မထွန်းကားရေးအတွက် လက်နက်ကိုင် လမ်းစဉ်မှ ပါတီနိုင်ငံရေး လမ်းကြောင်းပေါ်သို့ တက်ရောက်ကာ လက်ရှိ မြန်မာ နိုင်ငံတွင် ကျင့်သုံးနေသော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကြီးများ၌ ပါဝင် အရွေးချယ်ခံနိုင်မည့် နည်းနာများကို ရှာဖွေရန် လိုအပ်လာပါသည်။

နည်းနာရှာဖွေရာတွင် မြန်မာနိုင်ငံ၏ သမိုင်းကြောင်းနှင့် တိုင်းရင်းသား လူမျိုးများကြားက ဖြစ်တည်နေသော သံသယများ ကြီးထွား နေမှုများကို အရင်ဆုံး မည်သို့ ဖြေရှင်းကြမည်နည်းကို စဉ်းစားရမည်ဖြစ်သည်။ ထို့မှ တဆင့် နိုင်ငံတကာ ဖြစ်စဉ်များကို လေ့လာ၍ လက်နက်ကိုင် လမ်းစဉ်မှသည် ပါတီနိုင်ငံရေး လမ်းကြောင်း ပေါ်သို့ တက်လှမ်းနိုင်မည့် နည်းနာများကို ရှာဖွေရမည်။

ဤသို့ နည်းနာရှာဖွေရာတွင် တစ်ဖက်သတ် အယူအဆများနှင့် အမြင်သဘောထားများကို ဖြေလျှော့ရန် လိုအပ် သလို ဘက်အားလုံးကလည်း အလျှော့အတင်းလုပ်ပေးရန် လိုအပ်ပါသည်။

နိုင်ငံတကာမှာ လက်နက်ကိုင် လမ်းစဉ်မှ ပါတီနိုင်ငံရေးလမ်းကြောင်းပေါ်သို့ ဘယ်လိုတက်လှမ်းလဲနိုင်ငံတကာတွင် လက်နက်ကိုင် တိုက်ပွဲလမ်းစဉ်မှ ပါတီနိုင်ငံရေး လမ်းကြောင်းပေါ်သို့ တက်လှမ်း၍ ရွေးကောက်ပွဲများ ဝင်ရောက်လာခြင်း ဖြစ်စဉ်များကို လက်လှမ်းမှီသလောက် လေ့လာကြည့်သည့်အခါ မတူညီကြသည်ကို တွေ့ရသည်။

တောင်အာဖရိကနိုင်ငံတွင် နယ်လ်ဆင်မဲဒင်လား ဦးဆောင်သော တောင်အာဖရိက အမျိုးသားကွန်ကရက် (ANC)သည် လက်နက်ကိုင် တိုက်ပွဲလမ်းစဉ်မှ ပါတီနိုင်ငံရေးလမ်းကြောင်းပေါ်သို့ တက်ရောက်၍ ရွေးကောက် ပွဲ ဝင်ရောက် ယှဉ်ပြိုင်လာခဲ့မှုကို လေ့လာကြည့်သည့်အခါ အထက်မှာ ဖော်ပြခဲ့သလို နယ်လ်ဆင်မဲဒင်လား သည် လက်နက်ကိုင် လမ်းစဉ်ကို မည်သည့် အချိန်မှာ စွန့်လွှတ်ရမည်ကို သဘောပေါက် နားလည်ခဲ့ခြင်း ကြောင့် ကူးပြောင်းမှု အဆင်ပြေခဲ့သည်။

အလားတူ လူဖြူအစိုးရကလည်း နယ်လ်ဆင်မဲဒင်လားကို ထောင်ချထားစဉ် ထောင်ထဲသို့ သွားရောက်ကာ အကြိမ်ကြိမ် အခါခါ တွေ့ဆုံ ဆွေးနွေး၍ သဘောတူညီမှုများ အလွတ်သဘောကနေ တဆင့် ရယူခဲ့ပြီးမှ ထောင်က လွှတ်ပေးပြီ ရွေးကောက်ပွဲ ဝင်ရောက်ခွင့် ပေးခဲ့သည်။

နယ်လ်ဆင်မဲဒင်လား ထောင်က လွတ်မြောက်လာပြီးနောက် တောင်အာဖရိက ရွေးကောက်ပွဲ ဝင်ရောက် ယှဉ် ပြိုင်ရာမှတဆင့် ၁၉၉၄ ခုနှစ်တွင် သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရပြီး လူဖြူ-လူမဲ ခွဲခြားဆက်ဆံခြင်း နှင့် လူဖြူ-လူမဲကြားက ပဋိပက္ခများကို အဆုံးဖြတ်ခဲ့သည်။

ကိုလံဘီယာနိုင်ငံကို လေ့လာကြည့်ပါကလည်း စိတ်ဝင် စားစရာကောင်းလှပါသည်။ ကိုလံဘီယာ နိုင်ငံတွင် ကိုလံဘီယာအစိုးရနှင့် ဖာ့စ်သူပုန်(FARC)တို့ နှစ်ပေါင်း ၅၀ ကျော် တိုက်ခိုက်ခဲ့ကြပြီးနောက် ၂၀၁၆ ခုနှစ်၊ သြဂုတ်လမှာ နှစ်ဖက် အပစ်အခတ်ရပ်စဲခဲ့ကြပြီး ထိုနှစ် နိုဝင်ဘာလမှာ ငြိမ်းချမ်းရေးသဘောတူညီချက် လက်မှတ် ထိုးခဲ့ကြသည်။

အဆိုပါ ငြိမ်းချမ်းရေးသဘောတူညီချက်အရ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလတွင် လက်နက်ဖြုတ်သိမ်းရေး၊ တပ်ဖျက်သိမ်းရေး၊ ပြန်လည်ပေါင်းစည်းရေး(DDR)ကို ဆောင်ရွက်ခဲ့သလို လုံခြုံရေးကဏ္ဍပြုပြင်ရေး(SSR) အရ ဖာ့စ်သူပုန်(FARC) တပ်ဖွဲ့ဝင်များကို နိုင်ငံရေးပါတီ ထူထောင်ခွင့်ပြုခြင်း၊ စစ်ဘက်နှင့် နိုင်ငံရေးဘက်မှာ မပါဝင် လိုသူများကို လူမှုရေးထောက်ပံ့မှု ပေးအပ်ကာ လက်မှုပညာများ သင်ကြားပေးခြင်း၊ ၂၀၂၆ ခုနှစ်အထိ ရွေး ကောက်ပွဲဝင်စရာမလိုဘဲ လွှတ်တော် ကိုယ်စားလှယ် ၁၀ ဦးကို တင်မြှောက်ခွင့် ပေးခဲ့သည်။

တဖက် မြောက်အိုင်ယာလန် ပဋိပက္ခကို လေ့လာကြည့်ပါကလည်း မြောက်ပိုင်းအိုင်ယာလန် ခွဲထွက်ရေး လိုလားပြီး လက်နက်ကိုင် တိုက်ပွဲ လမ်းစဉ်ကို ဆောင်ရွက်နေသည့် IRA သည် တစ်ဖက်မှာ ငြိမ်းချမ်းရေး ဆွေးနွေး နေခြင်းဖြစ် ဆောင်ရွက်ခဲ့သည်။

ထို့နောက် IRA သည် လက်နက်ကိုင် လမ်းစဉ်ကို ဆောင်ရွက်နေသည့်တိုင် ပါတီနိုင်ငံရေး လမ်းကြောင်းပေါ်သို့ တက်ရောက်နိုင်ရေးအတွက်လည်း တခြားတစ်ဖက်မှာ နိုင်ငံရေးပါတီကို ထူထောင်ကာ ရွေးကောက်ပွဲဝင် ရောက် ယှဉ်ပြိုင်စေသည်။
ဤအခြေအနေသည် အလွန်ထူးခြားလှပါသည်။ ပဋိပက္ခဖြစ်ပွားနေသော နိုင်ငံတော်တော်များများတွင် လက်နက်ကိုင် တိုက်ပွဲလမ်းစဉ်ကို ဆောင်ရွက်နေသည့်တိုင် ပါတီနိုင်ငံရေးလမ်းကြောင်းပေါ်မှာလည်း ရွေး ကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်နေခြင်းကို လမ်းဖွင့်ပေးထားလေ့ မရှိတတ်ကြဘဲ လက်နက်ကိုင် တိုက်ပွဲ လမ်းစဉ်ကို ကျင့်သုံးနေသော အဖွဲ့အစည်းနှင့် ပတ်သက်သည့် အဖွဲ့အစည်း (သို့မဟုတ်) လူပုဂ္ဂိုလ်များကို အ ကြမ်းဖက်(သို့မဟုတ်) မတရားအသင်းအဖြစ် ကြေညာကာ ဖမ်းဆီး ချုပ်နှောင်လေ့ရှိကြရာ မြောက်အိုင်ယာ လန် ပဋိပက္ခမှာတော့ ဆန့်ကျင်ဘက် အနေအထားကို လေ့လာတွေ့ရှိရသည်။

ဓာတ်ပုံ - - ရှမ်းပြည်တပ်မတော်(SSA)နှင့်အတူ ရှမ်းတိုင်းရင်းသူ တစ်ဦးကိုတွေ့ရစဉ်။

မြန်မာနိုင်ငံ၏ လက်နက်ကိုင် လမ်းစဉ်နှင့် ပါတီနိုင်ငံရေး လမ်းကြောင်း

အထက်ပါ နိုင်ငံတကာမှာ ဖြစ်တည်နေသော လက်နက်ကိုင်လမ်းစဉ်နှင့် ပါတီနိုင်ငံရေးလမ်းကြောင်း အခြေ အနေများကို လေ့လာကြည့်ကာ မြန်မာနိုင်ငံအတွင်းရှိ လက်နက်ကိုင် အဖွဲ့အစည်းများ ပါတီနိုင်ငံရေး လမ်း ကြောင်း ပေါ်သို့ တက်လှမ်းနိုင်ရေး နည်းနာ ရှာဖွေကြည့်မည်ဆိုလျှင် မြောက်အိုင်ယာလန်၏ နည်းနာကို ဖော်ဆောင်နိုင်ပါက လက်ရှိ အနေအထားမှာ အကောင်းဆုံးဖြစ်သည်။

သို့သော် မြန်မာနိုင်ငံရှိ စစ်မက် ဖြစ်ပွားနေသော ဘက်နှစ်ဖက် စလုံးသည်ထိုအခြေအနေကို လက်ခံရန် ခက်ခဲ ကြပါသည်။

အစိုးရနှင့် တပ်မတော် ဘက်ကလည်း လက်နက်ကိုင်တိုက်ပွဲ လမ်းစဉ်ကို ဆောင်ရွက်နေသော လက်နက်ကိုင် အဖွဲ့များကို အမြစ်ပြတ် ဖြိုခွဲရေးဆိုသော အတွေးဖြင့် ဆောင်ရွက်နေခြင်းကြောင့် တစ်ဖက်မှာ လက်နက်ကိုင် တိုက်ခိုက်နေစဉ် တခြား တစ်ဖက်မှာ နိုင်ငံရေးပါတီ ထူထောင်ခွင့်ပေးကာ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင် ခွင့် ပေးမည်ဆိုလျှင် ထိုအဖွဲ့များကို အမြစ်ပြတ် ဖြိုခွဲရန် မည်ကဲ့သို့မှ မဖြစ်နိုင်တော့ဟု မှတ်ယူကာ ဤ အခွင့် အလမ်းကို ဖန်တီးပေးနိုင်ခြေ အလွန်နည်းပါးလှပါသည်။

ထို့ပြင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကလည်း နိုင်ငံရေးပါတီ ထူထောင်၍ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင် အရွေးချယ်ခံခြင်းမှ ရရှိလာမည့် နိုင်ငံရေးအာဏာသည် လက်နက်ကိုင်ထားသော နိုင်ငံရေးအာဏာနှင့် ယှဉ်ပါက အလွန် ကွဲပြားခြားနားသည့်အတွက် ထိုနည်းလမ်းကို ရွေးချယ်ရန် စဉ်းစားနိုင်ခြေ နည်းနေနိုင်ပြန်ပါ သည်။

တခြားအတွေးတစ်ခုကတော့ လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ ရေး သဘောတူစာချုပ်(NCA) လက်မှတ်ထိုးထားသည့် ကရင်အမျိုးသားအစည်းအရုံး(KNU)မှ ဗဟိုအလုပ်အမှု ဆောင်ကော်မတီဝင် ပဒိုမန်းငြိမ်းမောင် KNU ကနေ နှုတ်ထွက်၍ ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်ရန် ကြိုး ပမ်း လာသည့်အခါမှာတောင် နောက်ခံ ခံစစ်စည်း ဖြိုကွဲခံလိုက်ရပြီးဟု  ရှုမြင်မှုများကလည်း ရှိပါသည်။

မည်သို့ပင်ဆိုစေကာမူ လက်နက်ကိုင် လမ်းစဉ်သည် သေတဖန် သက်တဆုံးထိ လျှောက်လှမ်းရမည့် လမ်းစဉ် မဟုတ်သည့်အတွက် လက်နက်ကိုင်တိုက်ပွဲ လမ်းစဉ်ကနေ ပါတီနိုင်ငံရေး လမ်းကြောင်းပေါ်သို့ တက်လှမ်းနိုင် မည့် နည်းနာများကို ရှာဖွေထားရန် လိုအပ်သည်။

ဥပမာ- မွန်-ရှမ်း-ဝ-ကချင်-ပလောင်- ရခိုင်- ချင်း-ကရင်-ကရင်နီ စသဖြင့် လူမျိုးစု လက်နက်ကိုင်များတွင် စစ်တပ်နှင့် အပြိုင် တိုက်ခိုက်နေသည့် လက်နက်ကိုင် တပ်ဖွဲ့များ ရှိသကဲ့သို့ နိုင်ငံရေးဆွေးနွေးမှုအရ ယှဉ်ပြိုင် နိုင်ရေး အတွက်လည်း နိုင်ငံရေး အဖွဲ့အစည်းများရှိ ကြခြင်းကြောင့် ၎င်းတို့၏ နိုင်ငံရေးအဖွဲ့အစည်းများကို နိုင်ငံရေး ပါတီများအဖြစ် အသက်သွင်း၍ ပါတီနိုင်ငံရေး လမ်းကြောင်းပေါ် တက်ရောက်ရန် ဆွေးနွေး ညှိနှိုင်းကြ သင့်သည်။

အလားတူ အစိုးရနှင့်တပ်မတော် ဘက်ကလည်း ထိုလူမျိုးစု လက်နက်ကိုင်အဖွဲ့များ ပါတီနိုင်ငံရေး လမ်း ကြောင်း ပေါ်သို့ တက်ရောက် လာနိုင်ရေးအတွက် လက်နက်ကိုင်အဖွဲ့များ၏ နိုင်ငံရေး အင်အားစုများကို ပါတီထူ ထောင်နိုင်ရေး လမ်းဖွင့်ပေးသင့်သည်။

သို့သော် လွယ်ကူသည့် ဆွေးနွေးညှိနှိုင်းမှုတော့ ဖြစ်လာနိုင်ခြေ အလွန်နည်းပါးလှပါသည်။ ဤသို့မဟုတ်ပါက နောက်ထပ် နည်းနာရှာဖွေရန် လိုအပ်သည်။

ကိုလံဘီယာအစိုးရနှင့် ဖာ့စ်သူပုန်( FARC)တို့၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အခြေအနေမျိုး ဆောင်ရွက်ပါက မဖြစ်နိုင်ဘူးလား၊ ထိုနည်းအတိုင်း တထက်တည်းတော့ ဖော်ဆောင်ရန် မဖြစ်နိုင်ပါ။ သို့သော် နည်းလမ်း တူညီပြီး ဖော်ဆောင်မှု ကွဲပြားခြင်းဖြင့် ဆောင်ရွက်ရင်လည်း ရနိုင်မည်ဟု ထင်သည်။

ဥပမာ- ကိုလံဘီယာအစိုးရက FARC ပုန်သူများကို ၂၀၂၆ ခုနှစ်အထိ ရွေးကောက်ပွဲဝင် စရာမလိုဘဲ ကိုယ်စား လှယ်လောင်း ၁၀ ဦးကို လွှတ်တော်မှာ နေရာပေးထားသည့်အတိုင် လက်ရှိ NCA ထိုးထားသော လက်နက်ကိုင် ၁၀ ဖွဲ့ကို တစ်ဖွဲ့လျှင် သုံးဦးနှုန်းဖြင့် ၎င်းတို့ လှုပ်ရှားနေသော ပြည်နယ်များအတွင်းရှိ ပြည်နယ် လွှတ်တော်များတွင် မည်သည့် ခုနှစ်အထိဆိုကာ နေရာပေးခြင်းဖြင့် လက်နက်ကိုင်များကို ပါတီနိုင်ငံရေး လမ်းကြောင်းပေါ်သို့ ရောက်လာအောင် ဆွဲခေါ်၍ မရနိုင်ဘူးလား။

ထိုသို့ ဆောင်ရွက်ရာတွင် တပ်မတော်နှင့် အစိုးရ ညှိနှိုင်း၍ သဘောထားကြီးရန်လိုအပ်သည်။

တပ်မတော်သည် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ လွှတ်တော် အသီးသီးအပြင် အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်များတွင် ရယူထားသော ရွေးကောက်ခံ စရာမလိုသည့် ၂၅ ရာခိုင်နှုန်းထဲကနေ ယခု NCA ထိုးထားသည့် လက်နက်ကိုင် ၁၀ ဖွဲ့ထဲမှ တစ်ဖွဲ့လျှင် ၃ ဦးနှုန်းဖြင့် ပေးအပ်လျှင် မဖြစ်နိုင်ဘူးလား။ ကရင်က သုံးဖွဲ့ဖြစ်နေခြင်းကိစ္စကိုတော့ နည်းလမ်း တစ်ခုဖြစ် ထက်စဉ်းစားနိုင်ပါသည်(ဥပမာ- ကရင် လက်နက်ကိုင် သုံး ဖွဲ့မှာ တစ်ဖွဲ့လျှင် တစ်ဦးနှုန်းဖြင့် သုံးဦးအဖြစ် သတ်မှတ်မလား)။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်သည့် အဓိက အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်များတွင် ရယူထားသည့် ၂၅ ရာခိုင်နှုန်း ထဲက ပေးအပ်စရာမလိုဘဲ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များရှိ လွှတ်တော် များ၌ တည်ရှိနေသော တပ်မတော်သား ၂၅ ရာခိုင်နှုန်းထဲကနေ အချိုးတစ်ခုကို ခွဲ၍ NCA ထိုးထားသည့် လက်နက်ကိုင် ၁၀ ဖွဲ့ကို ပေး အပ်လျှင် လက်နက်ကိုင် လမ်းစဉ်မှ ပါတီနိုင်ငံရေး လမ်းကြောင်းပေါ်သို့ တက်လှမ်းနိုင်ရေး ဆောင်ရွက်နိုင်ရေး နည်းနာတစ်ခု ရှာဖွေနိုင်မည်ဟု ထင်သည်။

ထို့ပြင် NCA မထိုးနိုင်ဘဲ ဖြစ်နေသည့် တခြားသော လက်နက်ကိုင် ၉ ဖွဲ့ကိုလည်း NCA မှာ ပါဝင် လက်မှတ်ထိုး ရန် စည်းရုံးနိုင်မည့် နည်းလမ်းတစ်ခု ပေါ်ပေါက်လာနိုင်သကဲ့သို့ နောက်ပိုင်း လက်နက်ကိုင် လမ်းစဉ်မှသည် ပါတီနိုင်ငံရေးလမ်းကြောင်းပေါ်သို့ တက်လှမ်းရေးကိုလည်း ဆက်လက် ဆွေးနွေးနိုင်မည်ဟု မြင်သည်။

ထိုသို့ ပေးအပ်လိုက်ခြင်းဖြင့် တပ်မတော်အနေဖြင့် စိုးရိမ်စရာ မရှိနိုင်ဟု မြင်ပါသည်။ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်သည့် ရာခိုင်နှုန်းထဲက ပေးအပ်ခြင်းမဟုတ်ဘဲ တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ လွှတ်တော်အတွင်း က ရာခိုင်နှုန်း တစ်ခုကို ပေးအပ်ခြင်းသာဖြစ်ပါသည်။

ဤသို့ ဆောင်ရွက်ပေးလိုက်ပါက အစိုးရ-တပ်မတော်၏ သဘောထား ကြီးမှုကိုလည်း ပြသရာ ရောက်သကဲ့သို့ နှစ်ပေါင်း ၇၀ ကျော်ကြာ ပျက်စီး ယိုယွင်းနေသော သံသယများကို ဖြေလျှော့ကာ ယုံကြည်မှုတည်ဆောက်ရေး ပိုမို အားကောင်း၍ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်ကို မြန်မြန် အကောင်အထည်ဖော်နိုင်မည်ဟု ထင်သည်။

သို့သော်လည်း ပြော၍သာလွဲသည် တကယ့် လက်တွေ့ အကောင်အထည်ဖော်သည့် အခါမှာတော့ အလွန် ခက်ခဲလှကြောင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်နေကြသူများကို တွေ့ဆုံ စကားပြောကြည့်သည့်အခါမှာ တွေ့ရပါသည်။

မည်သို့ပင်ဆိုစေကာမူ မြန်မာနိုင်ငံနှင့် မြန်မာနိုင်ငံသူ/သားများအရေးကို မျှော်တွေး၍ ရှေးရှုကာ စေတနာ မှန်မှန် ဖြင့် ဆောင်ရွက်မည်ဆိုလျှင် မဖြစ်နိုင်စရာ အကြောင်းတော့ မရှိပေ။ မည်သည့် လုပ်ငန်းစဉ်များကို အကောင် အထည်ဖော်သည့် အခါဖြစ်ပါစေ အမျိုးသားလုံခြုံရေး ရှုထောင့်က ကြည့်ရှု၍ ချဉ်းကပ်မှု မပြုဘဲ တရားမျှတမှု ရှုထောင့်မှ ကြည့်ရှုကာ ချဉ်းကပ် အကောင်အထည် ဖော်ဆောင်ရွက်လျှင် အဆင်ပြေနိုင်ပါသည်။

အစိုးရနှင့်တပ်မတော်ဘက်က အခွင့်အရေးသစ်တစ်ခုကို ဖန်တီးပေးသည့်အခါမှာလည်း လက်နက်ကိုင် အဖွဲ့ အစည်းများက မည်သည့်အချိန် အတောအတွင်းမှာ လက်နက်ကိုင်တိုက်ပွဲလမ်းစဉ်မှ ပါတီနိုင်ငံရေး လမ်း ကြောင်းသို့ အပြီးတက်ရောက်မည်ဆိုသော အာမခံချက် တစ်ခုကိုတော့ အပြန်အလှန် ယုံကြည်မှုအနေဖြင့် ပေးအပ်ရန်လိုအပ်ပါသည်။

နယ်လ်ဆင်မဲဒင်လားက “ညီအစ်ကိုတို့၊ ငါ့ရဲ့အမြင်က မင်းတို့နဲ့မတူဘူး၊ နိုင်ငံရေးအဖွဲ့အစည်း၊ နိုင်ငံရေး လှုပ် ရှားမှု မှန်သမျှဟာ ပြည်သူလူထု အကျိုးစီးပွားရဲ့ လက်အောက်ခံ အရာတွေပဲ။ လူထုထက် ပိုပြီး ကြီးကျယ် တဲ့အရာ ဘာမှမရှိဘူး၊ လူထုရဲ့ အကျိုးစီးပွားသာ တကယ်ရှိမယ်ဆိုရင်၊ တကယ် ကာကွယ် စောင့်ရှောက်နိုင် မယ်ဆိုရင် အဲဒါဟာ ငါတို့ လုပ်ရမယ့်အရာပဲ။ ဒီလိုပဲ ငါ ယုံကြည်တယ်။ ငါကတော့ လူထုအတွက် လုပ်သင့်တဲ့ အရာကိုပဲ ရွေးရမှာပဲ”ဟု ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly