တရုတ်အမျိုးသားနေ့ အထိမ်းအမှတ် ထျန်အန်မင် အလံတင်အခမ်းအနား ကျင်းပ

တရုတ်အမျိုးသားနေ့ အထိမ်းအမှတ် ထျန်အန်မင် အလံတင်အခမ်းအနား ကျင်းပ

အောက်တိုဘာ ၁

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ထူထောင်မှု ၇၁ နှစ်မြောက် အထိမ်းအမှတ် အလံတင်အခမ်းအနားကို ဒီကနေ့ အောက်တိုဘာ ၁ ရက်မှာ ထျန်အန်မင် ရင်ပြင်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ယင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှုကို အနိုင်ယူခဲ့ပြီးနောက် ပထမဆုံးသော အဓိက အမျိုးသား အားလပ်ရက်ကို ဆင်နွှဲဖို့  တရုတ်နိုင်ငံသား သန်းပေါင်းများစွာတို့ ပျာပန်းခပ်လှုပ်ရှားနေခဲ့ကြပြီး အောက်တိုဘာ ၁ ရက်မှာ လေဆိပ်တွေ၊ ရထား ဘူတာရုံတွေမှာ လူတွေနဲ့ ပြည့်ကျပ်နေပါတယ်။

ရွှေရောင် ရက်သတ္တပတ် အားလပ်ရက်ကာလကတော့ ၁၉၄၉ ခုနှစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်မှု အထိမ်းအမှတ်ဖြစ်သလို မိမိတို့ရဲ့ သက်ဆိုင်ရာ နေအိမ်တွေကို ပြန်ဖို့ ဒါမှမဟုတ် အားလပ်ရက် ခရီးထွက်ဖို့ ကြိုးပမ်းနေကြတဲ့ ပြည်သူတွေရဲ့ နှစ်စဉ် လှုပ်ရှားသွားလာမှုကို မြင်ကွင်းကို မြင်ရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ယခုနှစ်မှာတော့ အလွန် အရေးပါမှု အခြေအနေတွေ ထပ်ပေါင်း ထည့်ထားခဲ့ပါတယ်။ လူအများ ဥဒဟို ဝင်ထွက်သွားလာရာ နေရာတွေမှာ လူအုပ်စုတွေနဲ့ ပြည့်နေတာဟာဆိုရင် ဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုကနေ အကောင်းဘက် ပြန်ဆိုက်လာနေပြီး ခရီးသွားလာဖို့ လွတ်လပ်မှုတွေ ရှိနေတာကို ထုတ်ဖော်ပြနေတဲ့ နိုင်ငံတစ်နိုင်ငံကို ပြသလျက် ရှိပါတယ်။ ဆန့်ကျင်ဘက်အနေနဲ့ လက်ရှိကာလမှာ ကမ္ဘာ့ဒေသအများအပြားမှာတော့ လော့ခ်ဒေါင်းချမှတ်မှုတွေနဲ့ ရှိနေတာဖြစ်ပါတယ်။

“ပုံမှန်အားဖြင့်တော့ ကျွန်မတို့ဟာ မိသားစုလိုက် ပြည်ပကို အားလပ်ရက်ခရီးထွက်ဖို့ အစီအစဉ် ရှိခဲ့ပါတယ်၊ ဒါပေမယ့် ဒီနှစ်ကတော့ ကျွန်မတို့ဟာ ကိုယ်နဲ့ နီးနီးနားနား ဟိုတယ်တွေ၊ အပန်းဖြေနေရာတွေကိုပဲ ထွက်တော့မှာ ဖြစ်ပါတယ်” လို့ ရှန်ဟိုင်းမြို့မှ နူ ဟုန်လင်းက ပြောပါတယ်။

နူကတော့ ရှန်ဟိုင်း ဒစ်စနေလန်းအနီးက ဟိုတယ်တစ်ခုမှာ အခန်းတွေ ဘိုကင်လုပ်ထားခဲ့ပေမယ့် ပြည်တွင်းမှာ အပျော်ရှာတဲ့ အခြားသော ခရီးသွားဧည့်သည် သန်းနဲ့ချီအထိ များပြားပြည့်ကျပ်နေတဲ့ ပြဿနာနဲ့ အလျင် အမြန်ပဲ ကြုံတွေ့ခဲ့ရပါတယ်။

“ကျွန်မသမီးလေးဆိုရင် ရဟတ်စီးရဖို့ သုံးနာရီနီးပါးလောက် တန်းစီ စောင့်နေခဲ့ရပါတယ်” လို့ သူမက ပြောပါတယ်။

ယမန်နှစ်ကုန်ပိုင်းက ဝူဟန်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှု ပေါ်ပေါက်ခဲ့တဲ့နောက် ယင်းဗိုင်းရပ်စ်က စီးပွားရေးလုပ်ငန်းတွေကို ပိတ်ပင်စေခဲ့ပြီး ခရီးသွားတွေကို ခြောက်လှန့်ခဲ့တဲ့နောက်ပိုင်း ယခုအခါမှာ ပြည်တွင်း ခရီးသွားလာမှုဟာ တကျော့ပြန် ပြန်လည် အသက်ဝင်လာခဲ့ပြီး စီးပွားရေးကိုလည်း တက်ကြွမှုတစ်ခု ပေးခဲ့ပါတယ်။

“လူတွေက ခုဆို အတိုးချပြီးတော့ ခရီးတွေ သွားနေကြပြီလေ” လို့ တိဘတ်ရှိ Lhasa ကို ဦးတည်သွားနေတဲ့ ပေကျင်းမြို့က ဘဏ်လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဟော် ဘင်ရှင်းက ပြောပါတယ်။

“ အဲဒီလို စိတ်ဖိစီးစရာ ကာလတစ်ခုအလွန်မှာ အပန်းဖြေဖို့အတွက် ဒါက ကျွန်တော်တို့အတွက် ပထမဆုံး အခွင့်အရေးပါပဲ” လို့ ၎င်းက ပြောပါတယ်။

နိုင်ငံအလယ်ပိုင်းက ဝူဟန်မှာလည်း စီးပွားရေးလုပ်ငန်းတွေ တကျော့ပြန် အသက်ဝင်နေခဲ့ပြီး ဧည့်သည်တွေဟာလည်း Taoist ဗိမ္မာန် တစ်ခုဖြစ်တဲ့ Yellow Crane Tower မျှော်စင်ဆီ စုပြုံရောက်ရှိနေကြတယ်လို့ နိုင်ငံရဲ့ အကြီးဆုံး ခရီးသွားအေဂျင်စီ Ctrip က ပြောပါတယ်။

ဒါပေမယ့် ဗိုင်းရပ်စ်က စိတ်ဖိစီးမှုတွေကို ဆက်ဖြစ်စေလျက် ရှိတဲ့အတွက် တချို့ကလည်း ခရီးသွားအစီအစဉ်တွေကို ဖျက်သိမ်းထားပါတယ်။

ပြီးခဲ့တဲ့အပတ်က ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဖြစ်စဉ်နှစ်ခု ပေါ်ပေါက်ခဲ့တဲ့နောက် ကမ်းခြေမြို့ Quindao ကို သွားမယ့် ခရီးစဉ်ကို ဖျက်ခဲ့ရတယ်လို့ ပေကျင်းမြို့က ဖက်ရှင်ဒီဇိုင်နာတစ်ဦးဖြစ်တဲ့ မင် ရွေက ပြောပါတယ်။

“ဒါက ဒီနှစ်ထဲမှာ ကျွန်မတို့ရဲ့ ပထမဆုံးသော မိသားစု ခရီးစဉ်ပါ၊ ဒါပေမယ့် ကျွန်မ စိတ်ထဲမှာ တကယ်ကြောက်နေလို့ ဒီခရီးစဉ်ကို ဖျက်ခဲ့ပါတယ်” လို့ မင်က ပြောပါတယ်။ ဒါ့အပြင် သူမရဲ့ မိဘတွေဟာလည်း ခုဆို အသက် ၇၀ ထဲ ဝင်နေကြပြီလို့လည်း ဆိုပါတယ်။

အားလပ်ရက်အတွင်း ခရီးစဉ်ပေါင်း သန်း ၆၀၀ ကျော်လောက် ထွက်ကြလိမ့်မှာဖြစ်ပြီး ဒါဟာ ယခင်တစ်နှစ်ကထက် ၂၀ ရာခိုင်နှုန်း ကျသွားတာဖြစ်ကြောင်း Ctrip က ခန့်မှန်းပါတယ်။ ဒါပေမယ့် ဒါဟာ နိုင်ငံပိုင် မီးရထား လုပ်ငန်းကို တစ်နေ့လျင် ထပ်တိုး ရထားအစင်း ၁,၀၀၀ လောက် ပြေးဆွဲစေဖို့ တွန်းအားပေးလိမ့်မယ်လို့ ယင်းက ပြောပါတယ်။

ရှစ်ရက်ကြာ အားလပ်ရက်တွေအတွင်း ခရီးသည်ပေါင်း ၁၀၈ သန်းလောက် ရထားတွေ စီးကြဖို့ ရှိပြီး တစ်နေ့ကို ၁၃ ဒသမ ၅ သန်း ဦးရေနှုန်းဖြစ်ပါတယ်။

၎င်းတို့တွေကတော့ တရုတ်နိုင်ငံရဲ့ ဝေးလံတဲ့ ဒေသတွေဆီကို လိုအပ်တဲ့ အသုံးစရိတ် သုံးစွဲမှုတွေ ဆောင်ကြဉ်းပေးလာဖွယ် ရှိနေပါတယ်။ ယမန်နှစ်ကတော့ ခရီးသွားတွေဟာ ရွှေရောင်သတင်းပတ်အတွင်း ဒေါ်လာ ၉ ဒသမ ၅ ဘီလီယံ သုံးခဲ့ပါတယ်။

ကမ္ဘာတဝန်း ခရီးသွားလာမှုကန့်သတ်ချက်တွေ ရှိနေချိန် လူအများအပြားကတော့ ပြည်တွင်းမှာ ဇိမ်ကျကျ အားလပ်ရက်ခရီးတွေ ထွက်ကြလိမ့်မယ်လို့ ခရီးသွားအော်ပရေတာ Quanar က ပြောပါတယ်။

ဒါပေမယ့် ယခုနှစ်ထဲ ၎င်းတို့ရဲ့ ခရီးသွားဒေါ်လာတွေ မရှိတာကတော့ ထိုင်းကနေ ကမ္ဘောဒီးယားအထိ ဒေသတွင်းနိုင်ငံတွေကို ကာလကြာ နယ်စပ်ပိတ်ထားမှုကြောင့် ဖြစ်တဲ့ စီးပွားရေး ထိခိုက်မှုတွေကနေတဆင့် စိတ်ပျက် လက်ပျက်ဖြစ်စေဖို့ ရှိနေပါတယ်။

ဖေဖော်ဝါရီလတုန်းက check-in တန်းတွေနဲ့ လျှောက်လမ်းတွေမှာ လူမရှိဖြစ်ခဲ့တဲ့ ပေကျင်းရဲ့ မြို့တော် လေဆိပ်မှာတော့ ထောင်နဲ့ချီတဲ့ ခရီးသွားတွေဟာ ၎င်းတို့ရဲ့ ခရီးဆောင်အိတ်တွေ၊ ကလေးတွေနဲ့အတူ တန်းစီစောင့် ဆိုင်းနေခဲ့ကြပါတယ်။

ဇန်နဝါရီနဲ့ ဖေဖော်ဝါရီတုန်းက လူသူကင်းမဲ့တဲ့လမ်းတွေနဲ့အတူ ချောက်ခြားဖွယ် မြင်ကွင်းတွေ ကြုံခဲ့ရသလို ဇွန်လမှာလည်း ဒုတိယမြောက် ဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုတို့ နောက်ပိုင်း ယခုအခါမှာ တရုတ်ရဲ့ မြို့တော်မှာတော့ လှုပ်ရှားသွားလာမှုတွေဟာ ပုံမှန်အတိုင်း တဖြည်းဖြည်းချင်း ပြန်ဖြစ်လာခဲ့ပြီဖြစ်ပါတယ်။

တချိန်က ချောက်ချားဖွယ် ဖြစ်ခဲ့တဲ့ မြို့ရဲ့ ဘဏ္ဍာရေး အရပ်ဒေသမှာလည်း ယခုအခါ လူတွေနဲ့ ပြည့်နေပြီး ယခင်က ခြောက်ကပ်နေခဲ့တဲ့ ဈေးဆိုင်တန်းတွေဟာလည်း ယခုအခါ ဝယ်သူတွေနဲ့ ပြည့်နေသလို ရေခဲပြင် စကိတ် ကွင်းတွေမှာလည်း စကိတ်စီးသင်ဖို့ ကြိုးစားနေတဲ့ ကလေးတွေနဲ့ ပြည့်နေပါတယ်။

ဒါ့အပြင် ကပ်ရောဂါ ရိုက်ခတ်မှု နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တရုတ်ရဲ့ လက်လီ ရောင်းအားတွေဟာ သြဂုတ်လမှာ ပြန်လည် တိုးတက်လာခဲ့ပြီး ဒါဟာ ကမ္ဘာ့ ဒုတိယမြောက် အကြီးဆုံး စီးပွားရေးနိုင်ငံမှာ အကျဘက် ကနေ အကောင်းဘက် ပြန်ဆိုက်လာတာကို ပြသနေတာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly