ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ပွဲအောင်နိုင်မှုကို ဆိုနီယာဂန္ဒီ ဂုဏ်ပြု

ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ပွဲအောင်နိုင်မှုကို ဆိုနီယာဂန္ဒီ ဂုဏ်ပြု

သမိုင်းဝင်ရွေးကောက်ပွဲရလဒ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ အတိုက်အခံပါတီက တောင်ပြိုကမ်းပြိုအောင်မြင်မှုရရှိခြင်းအား အိန္ဒိယ ကွန်ဂရက်ပါတီ ဆိုနီယာဂန္ဒီက နိုဝင်ဘာ ၁၃ ရက်က ဂုဏ်ပြုစကား ဆိုသည်။

ဒီမိုကရေစီအရေးအတွက် နှစ်ရှည်ရုန်းကန်ခဲ့ကာ မယိမ်းမယိုင်တည်ကြည်သော စိတ်နှလုံးဖြင့် ကြိုးပမ်းခဲ့ခြင်းများအတွက် ဒေါ်အောင်ဆန်းစုကြည်အား ဆိုနီယာဂန္ဒီက အမှတ်တရပြုသကဲ့သို့ ကွန်ဂရက် ပါတီနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကြားက နက်ရှိုင်းသည့် ဆက်ဆံရေးတို့ကိုလည်း အသားပေးဖော်ပြခဲ့သည်။

ယခုကဲ့သို့ ရွေးကောက်ပွဲများဖြင့် မြန်မာနိုင်ငံအား ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ တွန်းပို့စေနိုင်မည်ဟုလည်း ယုံကြည်ကြောင်း ဆိုနီယာဂန္ဒီက ဖွင့်ဟပြောသည်။

ထိုပြင် ဆိုနီယာဂန္ဒီက သမ္မတဦးသိန်းစိန်အားလည်း ချီးကျုးစကားဆိုရာတွင် သူ၏ခေါင်းဆောင်လမ်းညွှန်ပေးမှု မပါဘဲ ယခုဒီမိုကရေစီအကူးအပြောင်းက ဖြစ်လာနိုင်လိမ့်မည် မဟုတ်ကြောင်းပြောဆိုခဲ့ သည်။

ပါတီ၏ ဒုတိယဥက္ကဌဖြစ်သူ ရာဟူးလ်ဂန္ဒီကလည်း ဒေါ်အောင်ဆန်းစုကြည်က အိန္ဒိယနှင့် သံယောဇဉ်ရင်းနှီးမှုရှိပြီးဖြစ်ကြောင်းလည်း ပြောသည်။

"ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကို အောင်ပွဲအတွက် ဂုဏ်ပြုစကားဆိုပါတယ်။ ဒီအောင်ပွဲက မြန်မာနိုင်ငံအတွက် ခေတ်သစ်ပါ။ သူ့ခေါင်းဆောင်မှုအောက်မှာ အိန္ဒိယနဲ့ မြန်မာနိုင်ငံဟာ ပိုမိုရင်းနှီး သွားမည်လို့ မျှော်လင့်ပါတယ်။"ဟု ရာဟူးလ်က တွစ်တာတွင် ရေးသားဖော်ပြထားသည်။

အိမ်နီးချင်းနယ်စပ်ချင်း ကီလိုမီတာ ၁၆၄၀ ထိစပ်လျက်ရှိသည့် မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံအတွက် မဟာဗျူဟာ အရေးပါသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly