ကိုဗစ်နဲ့ ထောင်ကျခြင်းအနုပညာ - ၁၄

သန့်ဇော်(သန်လျင်)

ရန်သူကိုဗစ်ဟာ မြန်မာနိုင်ငံထဲ ချင်းနင်းဝင်ရောက်ပြီး တဖြည်းဖြည်း တဖြည်းဖြည်းနဲ့ နိုင်ငံတကာကို အမီလိုက်နေသလား လို့တောင် ထင်နေရတဲ့အချိန် ကျွန်တော်တို့ဟာ ကိုဗစ်ကို စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် တိုက်ထုတ်မှ ဖြစ်ပါတော့မယ်။ စည်းလုံးညီညွတ်တယ်ဆိုတာလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်တဲ့ စည်းကမ်းချက်တွေကို တိတိကျကျလိုက်နာဖို့ပဲ ဖြစ်ပါတယ်။   ၁၄ ရက်လောက် အိမ်တွင်းအောင် လိုက်ပြီး ပိုးရှိတဲ့သူတွေ စစ်ထုတ် ခွဲထားပြီး ကုသလိုက်မယ် ဆိုရင်၊ ကူးစက်နှုန်း လွန်စွာနည်းသွာမှာပဲဖြစ်ပါတယ်။ ဒီစည်းကမ်းချက်တွေကို လိုက်နာတာကလည်း ကျွန်တော်တို့ ထောင်ထဲမှာနေရတဲ့ အချိန်လောက်တော့ မပင်ပန်းတာ သေချာပါတယ်။  

ဒီအချိန်မှာ ကိုဗစ်ဟာ နိုင်ငံရေးဖြစ်သွားပြီလို့ နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးသမားတွေက မယူဆကြတော့ဘဲ ကိုဗစ်ဟာ အမျိုးသားရေးရန်သူအဖြစ် ရှုမြင်ရတော့မှာပဲ ဖြစ်ပါတယ်။ ဒါမှလည်း ကျွန်တော်တို့ဟာ နိုင်ငံမှာကိုဗစ်ကြောင့် ယိုင်နဲ့ ကျဆင်းနေတဲ့ စီးပွားရေး၊ ပညာရေး အစရှိသဖြင့် နလန်ပြန်ထူတည့်မတ်အောင် အားလုံးနဂိုအတိုင်း ပြန်လည် လည်ပတ်နိုင်ဖို့ ကျောင်းတွေအားလုံး အနှောက်အယှက်မရှိ ဘေးကင်းစွာပြန်ဖွင့်နိုင်ကြဖို့ နိုင်ငံသားအားလုံး ဝိုင်းဝန်းဆောင်ရွက်ကြရမှာပဲ ဖြစ်ပါတယ်။  

ထောင်ကျခြင်းအနုပညာနဲ့ ကိုဗစ်ကို တွဲချိတ်ပြီး ခေါင်းစဉ်ပြုထားတာကလည်း စာဖတ်သူတွေ မပျင်းမရိ ရအောင်ရယ်၊ သူတို့တောင် ထောင်ထဲနေဖူးခဲ့သေးတယ် ငါတို့ ကိုဗစ်ကြောင့် ၁၄ ရက်လောက် အိမ်မှာ အေးဆေး နေရတာ ဘာလို့မနေနိုင်ရမှာလဲ ဆိုတဲ့ အတွေးတွေ ရအောင်လို့ ခုလို ကိုဗစ်နဲ့ ထောင်ကျခြင်း အနုပညာ ဆိုပြီး ခေါင်းစဉ်တတ်ကာ ကျွန်တော့ရဲ့ အတွေ့အကြုံတွေကို မျှဝေလိုက်တာပဲ ဖြစ်ပါတယ်။  

ထောင်ထဲက ရေးတဲ့စာ ကို ပြန်ဆက်ပါဦးမယ်  

စစ်ခုံရုံးမှ တရားစစ်ဆေးခြင်းကိုနံနက် ၁၀ နာရီတွင် ခေတ္တနားပြီး ကျွန်ုပ်တို့အား ထောက်လှမ်းရေးများက အတင်းဆွဲဆောင့်၍ ကားပေါ်တင်ကာ အင်းစိန်ထောင်တွင်းသို့ ပြန်ပို့ပါသည်။ ကားပေါ်တွင်လည်း ဆဲဆို ၍ အကန်ခံရပါသေးသည်။   

နေလယ် ၁ နာရီမှာ ထပ်မံပြီး ထောက်လှန်းရေးများက လာခေါ်၍ စစ်ခုံရုံးသို့ ကားဖြင့်ပို့ပါသည်။ ကျွန်ုပ်တို့အား စစ်ခုံရုံးစင်မြင့်ရှေ့တွင် ထိုင်ခိုင်းပြီး တရားရုံးအစီအစဉ်ကို စတင်ရာ တရားသူကြီးဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး အောင်ညွန့်(လေ)က “တရားခံများဖြစ်ကြသော နံပတ် (၁) တရားခံ မောင်သန်းဇော်၊ (၂)တရားခံ မောင်ညီညီဦး၊ (၃) တရားခံ မောင်မိုးကျော်သူတို့အား စစ်တရားခုံရုံး အမှတ်(၁)မှ အပြစ်ရှိ သည်ဟု ယူဆသောကြောင့် အပြစ် ပေးမည်ဖြစ်သည့်အတွက် တရားခံများ ဘာပြောချင်သလဲ” ဟု မေးပါ သည်။  

ဓာတ်ပုံ - သန့်ဇော်(သန်လျင်)

ထိုအခါ ကျွန်ုပ်ကစတင်ပြီး ၇ - ၇ - ၈၉ နေ့ ရေနံချက်စက်ရုံဝင်းအတွင်း ဗုံးပေါက်ကွဲမှုမှာ ကျွန်ုပ်တို့နှင့် လုံးဝ ပတ်သက်ခြင်းမရှိကြောင်း၊ ကျွန်ုပ်တို့ လုံးဝမပြုလုပ်ကြောင်း၊ ကျွန်ုပ်တို့တွင် အပြစ်မရှိသည့် အတွက် အပြစ်ပေး စရာမလိုအပ်ကြောင်း၊ လုံးဝလွှတ်ပေးရန် လိုလားပါကြောင်း၊ ဓမ္မပါလဩဝါဒတွင် “ပြစ်မှု ကျူးလွန်သူ တရားခံ ဆယ်ဦး လွတ်မြောက်သွားခြင်းထက် လုံးဝအပြစ်မရှိသောသူ တစ်ယောက် အား မှားယွင်းစွာ အပြစ်မပေး မိပါစေနှင့်” ဟု မိန့်ဆိုထားကြောင်း၊ ထို့ကြောင့် အပြစ်မရှိသော ကျွန်ုပ်တို့ အား တရားသေလွှတ်ပေးပါရန် စသည့်အချက်များအပါအဝင် အမှုကျူးလွန်ခြင်း မရှိသည့် သက်သေ အထောက်အထားများကို ထုချေလျောက် လဲခဲ့ပါသည်။ သို့သော်လည်း စစ်ခုံရုံးတရားသူကြီးသည် ညီညီဦးနှင့် မိုးကျော်သူတို့ပါ အပြစ်ရှိကြောင်း ယူဆသည်ဟုဆိုကာ ကျွန်ုပ်တို့ ၃ ဦးအား မသေမချင်း ကြိုးကွင်းစွပ် သတ်စေဆိုပြီး သေဒဏ်ချမှတ်လိုက်ပါသည်။  

ကျွန်ုပ်၏ဖြစ်စဉ်မှာ “သေဒဏ်” အပြစ်တစ်ခုတည်းတွင်သာမကပါ။ ၅ - ၉ - ၈၉ နေ့တွင် ကျွန်ုပ်နှင့် ညီညီဦးအား လက်ကိုကြိုးများဖြင့်တုန်နှောင်ပြီး အင်းစိန်ထောင် ကြိုးတိုက်(သေဒဏ်တိုက်)မှ နေ့လယ် ၁ နာရီခန့်တွင် ခေါ်ဆောင်သွားပြီး ထောင့်သံခြေချင်းခတ်ကာ ခေါင်းစွပ်တွေ စွတ်၍ ကားဖြင့် တစ်နေရာ သို့ခေါ်ဆောင်သွားပါသည်။  

ထိုနေရာမှာ ကျွန်ုပ်တို့အား ယခင် သေဒဏ်ချမှတ်ခဲ့သော စစ်ခုံရုံး အမှတ်(၁) နေရာပင် ဖြစ်ပါတယ်။ ကျွန်ုပ်တို့အား စစ်အစိုးရဆန့်ကျင်သည့် မြေအောက်လှုပ်ရှားမှုများ၊ နိုင်ငံရေးတောင်းဆိုမှုများ ပြုလုပ် သည်ဟုဆိုကာ နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၂/ ၁ ဖြင့် တရားစွဲဆိုခြင်း ဖြစ်ကြောင်း သိရပါသည်။ ထိုအမှုတွင်လည်း ကျွန်ုပ်တို့သည် အစိုးရဆန့်ကျင်သည့် မြေအောက်လှုပ်ရှားမှုများ မပြုလုပ်ကြောင်း၊ ကြောင်းကျိုးဆက်နွယ်ပြီး အထောက် အထားခိုင်လုံပြည့်စုံစွာဖြင့် တစ်ဦးချင်း အပြစ်မရှိကြောင်း အချိန်များစွာ လျှောက်လဲချေပသော်လည်း ကျွန်ုပ်အပါအဝင် . .

  • ၁။ မောင်ညီညီဦး(NLD လူငယ်တာဝန်ခံ၊ သန်လျင်မြို့နယ်)
  • ၂။ ဒေါက်တာထွန်းသူ (ယခုကွယ်လွန်)NLD အဖွဲ့ဝင်၊ ဖားကူးကျေးရွာ၊ သန်လျင်မြို့နယ်)
  • ၃။ မောင်အောင်ကျော်ဆန်း (NLD အဖွဲ့ဝင်၊ ဖားကူးကျေးရွာ၊ သန်လျင်မြို့နယ်)
  • ၄။ မောင်ဌေးလွင်(NLD အဖွဲ့ဝင်၊ ဖားကူးကျေးရွာ၊ သန်လျင်မြို့နယ်)
  • ၅။ မောင်ထွေးမောင်(NLD အဖွဲ့ဝင်၊ ဖားကူးကျေးရွာ၊ သန်လျင်မြို့နယ်)
  • ၆။ မောင်အုန်းဝင်း(ယခုကွယ်လွန် - NLD အဖွဲ့ဝင်၊ သန်လျင်မြို့နယ်)
  • ၇။ မောင်စန်းအောင်(NLD အဖွဲ့ဝင်၊ သန်လျင်မြို့နယ်)
  • ၈။ မောင်အောင်သန်း(ယခုကွယ်လွန် - NLD အဖွဲ့ဝင်၊ သန်လျင်မြို့နယ်)
  • ၉။ မောင်မိုးကျော်(NLD အဖွဲ့ဝင်၊ သန်လျင်မြို့နယ်)
  • ၁၀။ မောင်နေလင်းစိုးရင်(NLD အဖွဲ့ဝင်၊ သန်လျင်မြို့နယ်)
  • ၁၁။ မောင်အောင်နိုင်(NLD အဖွဲ့ဝင်၊ သန်လျင်မြို့နယ်)
  • ၁၂။ မောင်ဇော်ထွန်းသက်(NLD အဖွဲ့ဝင်၊ သန်လျင်မြို့နယ်)
  • ၁၃။ မောင်သက်ခိုင်(ဗကသ၊ သုဝဏ္ဏ၊ သင်္ဃန်းကျွန်းမြို့နယ်)
  • ၁၄။ မောင်အောင်အောင်(DPNS ကော့မှူးမြို့နယ်)
  • ၁၅။ မောင်မိုးသက်(DPNS ကော့မှူးမြို့နယ်) စသည့် စုစုပေါင်း ၁၆ ယောက်အား နိုင်ငံတော်ပုန်ကန်မှုဖြင့် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်လိုက်ပါသည်။  

ထိုသို့ ပြစ်ဒဏ်များဖြင့် အင်းစိန်ထောင်၏ ကြိုးတိုက်ထဲတွင် ခါးသီးသော အတွေ့အကြုံများကို လက်သီးဆုပ်မပျက် ရင်ကော့အားတင်းခံစားရင်း ၁၉၉၀ စက်တင်ဘာ ၂၅ ရက်နေ့တွင် ထောင်တွင်းမှ နိုင်ငံရေးတောင်းဆိုမှုများ၊ သပိတ်တိုက်ပွဲများ ပြုလုပ်ဖန်တီးသည်ဟုဆိုကာ ကြမ်းတမ်းစွာရိုက်နှက် ကန်ကျောက်၍ ကျွန်ုပ်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအား ၂၆ - ၉ - ၉၀ နေ့တွင် သရက်အကျဉ်း ထောင်သို့ ပြောင်းရွှေ့လိုက်ပါသည်။

ယခု စာ‌ရေးနေချိန်တွင် ကျွန်ုပ်အား အမိန့်ကြေညာချက် ၁ / ၉၃ ဖြင့် သေဒဏ်မှ တစ်သက်တစ်ကျွန်း ပြစ်ဒဏ်သို့၎င်း၊ တစ်သက်တစ်ကျွန်းပြစ်ဒဏ်မှ ၁၀ နှစ်ပြစ်ဒဏ်သို့၎င်း ပြောင်းလဲပေးလိုက်ပါသည်။ မည်သို့ပင်ဆိုစေ အမှုနစ်ခုစလုံးတွင် ကျွန်ုပ်၌ အမှုနှင့်ပတ်သက်သည့် စာရွက်စာတမ်း၊ ပစ္စည်းတစ်စုံ တစ်ရာ၊ သဲလွန်စ၊ ခိုင်လုံသည့်အထောက်အထားလုံးဝမရှိဘဲ အသက်နှင့်မမျှတသော ပြစ်ဒဏ်များချပြီး ယနေ့အချိန်ထိ အကျဉ်းထောင်တိုက်ခန်းအတွင်း လှောင်ပိတ်ထားကာ လူသားအခွင့်အရေး ဆုံးရှုံးနေ ပါကြောင်း အကျဉ်းချုုံး၍ နိုင်ငံတကာမှ သိရှိစေရန် အစီရင်ခံတင်ပြအပ်ပါသည် ခင်ဗျား . . ။   ။

မောင်သန်းဇော် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် - သန်လျင်မြို့နယ်)

တိုက်ခန်း အမှတ်(၁) သရက်အကျဉ်းထောင်

  • သရက်မြို့
  • မကွေးတိုင်း၊  
  • မြန်မာနိုင်ငံ။

၃၁ - ၇ - ၁၉၉၅

**( ကျွန်တော်ကိုယ်တိုင် အကျဉ်းထောင်ထဲတွင် ရေးသားပြီး ကမ္ဘာ့ကုလသမဂ္ဂသို့ပေးပို့သည့် ၎င်းစာကို ၂၀၁၂ ခုနှစ် ဇူလိုင်လတွင် အကျဉ်းထောင်မှ ပြန်လွတ်လာပြီးနောက် အင်တာနက်မှာတွေ့ရှိ၍ ကူးယူ ဖော်ပြလိုက်ခြင်း ဖြစ်ပါသည်)

သန့်ဇော်(သန်လျင်) / သန်းဇော်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required