ရက်ဂေး တေးသံရှင် စောဖိုးခွား၏ ပထမဆုံး တစ်ကိုယ်တော် ဖျော်ဖြေပွဲ အခမဲ့ ပြုလုပ်မည်

ရက်ဂေး တေးသံရှင် စောဖိုးခွား၏ ပထမဆုံး တစ်ကိုယ်တော် ဖျော်ဖြေပွဲ အခမဲ့ ပြုလုပ်မည်

ရန်ကုန်၊ နိုဝင်ဘာ ၁၃ ။ ။ ရက်ဂေး တေးသံရှင် စောဖိုးခွား၏ ပထမဆုံး ငြိမ်းချမ်းပါစေ မြန်မာပြည် တစ်ကိုယ်တော် ဖျော်ဖြေပွဲကို One Love Band နှင့်အတူ နိုဝင်ဘာ ၂၀ရက်တွင် ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ အခမဲ့ ကျင်းပသွားမည် ဖြစ်သည်။

ရက်ဂေး တေးသံရှင် စောဖိုးခွား၏ ငြိမ်းချမ်းပါစေ မြန်မာပြည် တစ်ကိုယ်တော် ဖျော်ဖြေပွဲ ကျင်းပမည့် အကြောင်း စာနယ်ဇင်း မိတ်ဆက်ပွဲကို နိုဝင်ဘာ ၁၃ရက်က ရန်ကုန်မြို့ ကန်တော်မင်ပန်းခြံရှိ ရွှေဘဲ စားသောက်ဆိုင်၌ ပြုလုပ်ခဲ့သည်။

ရက်ဂေး တေးသံရှင် စောဖိုးခွားက "ရက်ဂေး မြူးဇစ် သီးသန့်ပွဲ ဖြစ်တယ်။ ရက်ဂေး မြူးဇစ် သီးသန့်ကို မြန်မာပြည်မှာကတော့ အင်မတန် ရှားပါးသေးတယ်။ ပွဲကြီး ပုံစံမျိုးနဲ့ လုပ်တာကတော့ ဒါ ပထမဆုံး အကြိမ်လည်း ဖြစ်တယ်။ ဒီပွဲမှာ ရက်ဂေးဂီတကို ဖော်ဆောင်မယ်။ ဒီပွဲကနေ ရက်ဂေးမြူးဇစ် ပျံ့ပွားမှု အတိုင်းအတာ တစ်ခုရရှိနိုင်မယ်လို့ ယုံကြည်တယ်။ မြူးဇစ်ကြီးပဲ မဟုတ်ဘဲ ငြိမ်းချမ်းရေး message အချိန်အခါ အကိုက်လည်း ဖြစ်တယ်လို့ ပြောလို့ရတယ်။ စည်းလုံးရေးနဲ့ ငြိမ်းချမ်းရေးကို တည်ဆောက် ရမယ့် အချိန်ကာလ ဖြစ်နေတယ်။ အဲဒီအတွက် message တွေ အများကြီးပါတယ်" ဟု ပြောသည်။

ထိုတစ်ကိုယ်တော် ဖျော်ဖြေပွဲတွင် တေးသီချင်း ပုဒ်ရေ ၂၅ပုဒ် ဖျော်ဖြေရန် စီစဉ်ထားပြီး ၎င်း ထွက်ရှိထားသည့် ကိုင်းကြီးကြီးမှာသွားနား တေးအယ်ဘမ်မှ တေးသီချင်းများလည်း ပါဝင်မည် ဖြစ်သည်။ တေးဦချင်း ဖျော်ဖြေမှုအပြင် ပါဖောမန့်များလည်း ပါဝင်မည် ဖြစ်သည်။

ငြိမ်းချမ်းပါစေ မြန်မာပြည် တစ်ကိုယ်တော် ဖျော်ဖြေပွဲကို ပြည်သူ့ရင်ပြင်တွင် ည ၇နာရီ မှ စတင်ကာ အခမဲ့ ကျင်းပ ပြုလုပ်မည် ဖြစ်ပြီး ပြည်သူ့ရင်ပြင် ဝင်ကြေး ကိုလည်း ပေးစရာ မလိုဘဲ အခမဲ့ ဝင်ရောက် ကြည့်ရှုနိုင်မည်ဖြစ်သည်။

အဆိုတော် စောဖိုးခွားသည် တစ်ကိုယ်တော် ဖျော်ဖြေပွဲတွင် ၎င်းထွက်ရှိထားသည့် ကိုင်းကြီးကြီးမှာသွားနား တေးအယ်ဘမ် MTV အတွက် Live Show တစ်ခါတည်း ရိုက်ကူး သွားမည် ဖြစ်သည်။ ကိုင်းကြီးကြီးမှာသွားနား တေးအယ်ဘမ် MTV ကိုလည်း ၃လ အကြာတွင် ထွက်ရှိရန် စီစဉ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required