အပစ်ရပ်လက်မှတ်ထိုးသည့် ချင်းအမျိုးသားတပ်ဦး နှင့် ပအိုဝ်းလွတ်မြောက်ရေးအဖွဲ့ချုပ်ကို UNFC အဖွဲ့ဝင်အဖြစ်မှ ယာယီရပ်ဆိုင်း

အပစ်ရပ်လက်မှတ်ထိုးသည့် ချင်းအမျိုးသားတပ်ဦး နှင့် ပအိုဝ်းလွတ်မြောက်ရေးအဖွဲ့ချုပ်ကို UNFC အဖွဲ့ဝင်အဖြစ်မှ ယာယီရပ်ဆိုင်း

ချင်းမိုင်၊ နိုဝင်ဘာ ၁၃ ။ ။ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)၏ အားလုံးပါဝင်ရေးမူကို လက်မခံသဖြင့် ချင်းအမျိုးသားတပ်ဦး(CNF)နှင့် ပအိုဝ်းလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)ကို အဖွဲ့ဝင် အဖြစ်မှ ယာယီရပ်ဆိုင်းလိုက်သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၇ ရက်က UNFC အရေးပေါ်အစည်းအဝေးတွင် တိုင်းရင်းသား အဖွဲ့အစည်းများ အားလုံး ပါဝင်ရေးနှင့် အားလုံး မပါဝင်နိုင်ပါက မပါဝင်သေးသည့် အဖွဲ့အစည်းများအတွက် အာမခံချက် ရရှိရေးကို ရပ်တည်သွားရန် သဘောတူဆုံးဖြတ်ခဲ့သော်လည်း အောက်တိုဘာလ ၁၅ရက်က CNF နှင့် PNLO တို့က တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်မူကြမ်း (NCA)ကို လက်မှတ်ရေးထိုးလိုက်သဖြင့် အဖွဲ့ဝင် အဖြစ်မှ ယာယီ ရပ်ဆိုင်းထားခြင်း ဖြစ်သည်ဟု UNFC ဒုဥက္ကဋ္ဌ နိုင်ဟံသာက ပြောသည်။

“လက်မှတ်ထိုးရေးနဲ့ ပတ်သက်ပြီးတော့ အရေးပေါ် UNFC အစည်းအဝေးထိုင်ကြတယ်။ ဒီမှာ ဆုံးဖြတ်ကြတာကတော့ အားလုံးပါဝင်ရေး မဖြစ်နိုင်ရင် ကျန်တဲ့အဖွဲ့တွေအတွက် အာမခံချက် ရရှိရေး အဲဒါကို အားလုံး ရပ်တည်သွားဖို့ UNFC အနေနဲ့ ချမှတ်ထားတယ်။ အဲဒါကို သူတို့ အနေနဲ့က ကျော်လွန်ပြီးတော့ လက်မှတ် ထိုးလိုက်တယ်။ အဲဒီအတွက်ကြောင့်ပါ၊ ဆုံးဖြတ်ချက်ကို မနာခံလို့ပေါ့”ဟု ၎င်းက မဇ္ဈိမကိုပြောသည်။

CNF နှင့် PNLOကို အဖွဲ့ဝင်အဖြစ်မှ ယာယီ ရပ်ဆိုင်းခြင်းနှင့် ပတ်သက်၍ လာမည့် ဒီဇင်ဘာလတွင် UNFC ကောင်စီ အစည်းအဝေးကို ကျင်းပ၍ ဆက်လက် ဆွေးနွေးသွားမည် ဖြစ်သည်။ လက်ရှိ နိုင်ငံရေး အခြေအနေများနှင့် ရှေ့လုပ်ငန်းစဉ်များကိုလည်း ယင်းအစည်းအဝေးတွင် ဆက်လက် ဆွေးနွေးသွားမည်ဟု နိုင်ဟံသာက ပြောသည်။

ထိုင်း-မြန်မာနယ်စပ်တစ်နေရာတွင် UNFC ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီ တိုးချဲ့ အရေးပေါ် အစည်းအဝေးတွင် နိုဝင်ဘာလ ၁၀၊ ၁၁၊ ၁၂ ရက်ထိ သုံးရက်ကြာ ကျင်းပ၍ ဆွေးနွေးဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၁ ဖွဲ့ ပါဝင် ဖွဲ့စည်းထားသော UNFC တွင် အထွေထွေ အတွင်းရေးမှူး (၁) အဖြစ် PNLO မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာက တာဝန်ယူနေပြီး အထွေထွေအတွင်းရေးမှူး (၂)အဖြစ် CNF ဆလိုင်းထလန်ဟဲက တာဝန်ယူနေခဲ့ခြင်း ဖြစ်သည်။

UNFC ၏မူတွင် အားလုံးပါဝင်ရေး ဆက်လက်ကြိုးပမ်းရန် နှင့် လက်မှတ်မထိုးသေးသည့် အဖွဲ့အစည်းများအတွက် စစ်ရေး၊ နိုင်ငံရေး၊ လူမှုရေး အာမခံချက် ရရှိရန် ကြိုးပမ်းမည်ဟု ဆုံးဖြတ်ထားသည်။ ထိုဆုံးဖြတ်ချက်တွင် လက်မှတ်ရေးထိုးခြင်း၊ မထိုးခြင်းနှင့်လည်း ကြိုးပမ်းဆောင် ရွက်နိုင်သည်ဟု မှတ်ယူကြောင်း PNLO ဥက္ကဌ ခွန်မြင့်ထွန်းက ပြောသည်။

“ကျနော်တို့နားလည်ထားတဲ့ ဆုံးဖြတ်ချက်က အားလုံးပါဝင်ရေးမူ မဖြစ်နိုင်ဘူးဆိုရင် ကြီးငါးကြီးက သွားဆွေးနွေးပြီး မဖြစ်နိုင်လို့ ပြန်လာတယ်။ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေအတွက် အာမခံချက် ရအောင်ကြိုးပမ်းဆောင်ရွက်မယ်ဆိုတဲ့ဟာက လက်မှတ်ထိုးခြင်းနဲ့ ဆောင်ရွက်နိုင်သလို၊ မရေးထိုးခြင်းအားဖြင့်လည်း ဆောင်ရွက်နိုင်တယ်၊ အဲဒီအပေါ်မှာ အမြင်မတူတာပေါ့။ နိုင်ငံရေးမှာ အမှားအမှန်ဆိုတာ အနည်းအများနဲ့မဆိုင်ဘူး”ဟု ၎င်းက ပြောသည်။

ယခုကိစ္စကြောင့် UNFC ၏ စည်းလုံးညီညွတ်ရေးနှင့် ဂုဏ်သိက္ခာ မထိခိုက်စေရန် ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည်ဟုလည်း သူက ပြောသည်။

ထိုအစည်းအဝေးတွင် NCA လက်မှတ်ရေးထိုးရေး၊ မထိုးရေး အပါအဝင် လက်ရှိ ရွေးကောက်ပွဲ အနိုင်ရရှိမှု အခြေအနေများ၊ ရှေ့ဆက် လုပ်ဆောင်ရမည့် လုပ်ငန်းများနှင့် ဝ ပြည်သွေးစည်း ညီညွတ်ရေး ပါတီနှင့် သွားရောက် ဆွေးနွေးခဲ့သော အခြေအနေများကို ပြန်လည် သုံးသပ်ခဲ့ကြသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required