ထိုင်းရှိ မယ့်ခလောင် ငါးဈေးကြီးတွင် မြန်မာ့ရေထွက် တိရစ္ဆာန်များ ရောင်းချခွင့် ယာယီပိတ်

ထိုင်းရှိ မယ့်ခလောင် ငါးဈေးကြီးတွင် မြန်မာ့ရေထွက် တိရစ္ဆာန်များ ရောင်းချခွင့် ယာယီပိတ်
ဓာတ်ပုံ - The Nation

စက်တင်ဘာ ၂၁၊ ၂၀၂၀

ထိုင်းနိုင်ငံ၊ စမွတ်ဆောင်ခရမ် ပြည်နယ်ရှိ မယ့်ခလောင် ငါးဈေးကြီးတွင် မြန်မာနိုင်ငံမှ တင်ပို့သော ငါး၊ ပုစွန်စသည့် ရေထွက်တိရစ္ဆာန်များ ရောင်းချခွင့်ကို ယာယီ ပိတ်ပင်လိုက်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ကူးစက်မှု မြင့်တက်နေသောကြောင့် အန္တရာယ်ကင်းစေရန် စက်တင်ဘာလ ၂၃ ရက်နေ့အထိ မြန်မာနိုင်ငံမှ ငါး၊ ပုစွန် ရေထွက်တိရစ္ဆာန်များ ရောင်းချခွင့် ပိတ်ပင်ကြောင်း စက်တင်ဘာလ ၁၈ ရက်နေ့က ကြေညာခဲ့ခြင်း ဖြစ်သည်ဟု The Nation သတင်းက ဖော်ပြသည်။

မြန်မာနိုင်ငံမှ ငါး၊ ပုစွန် ရေထွက်တိရစ္ဆာန်များ ရောင်းချခြင်း ယာယီ ပိတ်ပင်မည်ဖြစ်ပြီး ဈေးပြင်ပမှ ယင်း ရေထွက်တိရစ္ဆာန်များ သယ်ဆောင်လာသည့် ကွန်တိန်နာများ ဈေးအတွင်း ဝင်ခြင်းကိုလည်း ပိတ်ပင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ငါးဈေးကြီးမှ တာဝန်ရှိသူများက ရေထွက်တိရစ္ဆာန်များတွင် ကိုရိုနာဗိုင်းရပ်စ် ပါလာနိုင်သည်ဟု ယုံကြည်ကြပြီး ထိုင်းနိုင်ငံတွင် COVID-19 ရောဂါ တကျော့ပြန် ဖြစ်ပွားမည့် အန္တရာယ်ကို စိုးရိမ်သောကြောင့် ဖြစ်သည်ဟု သိရသည်။   

မယ့်ခလောင် ငါးဈေးကြီးတွင် ငါး၊ ပုစွန်စသည့် ရေထွက်တိရစ္ဆာန်များ၊ ပင်လယ်စာများ ရောင်းဝယ်ဖောက်ကားကြသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly