မွေးမြူရေး လုပ်ငန်းသုံး ကုန်ကြမ်းများ စျေးနှုန်းတက် ထုတ်လုပ်မှု လုပ်ငန်းအချို့ ရပ်ဆိုင်းထားရ

မွေးမြူရေး လုပ်ငန်းသုံး ကုန်ကြမ်းများ စျေးနှုန်းတက် ထုတ်လုပ်မှု လုပ်ငန်းအချို့ ရပ်ဆိုင်းထားရ

မွေးမြူရေး လုပ်ငန်းသုံး ပဲဖတ်၊ နှမ်းဖတ်ေ ဈးနှုန်းအပြင် ဖွဲနု စတဲ့ ကုန်ကြမ်းဈေးနှုန်းတွေ တက်နေတာကြောင့် အစာခြောက် ထုတ်လုပ်တဲ့ လုပ်ငန်းတွေ ထုတ်လုပ်မှု ရပ်ထားရတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။

အရင်နှစ်တွေကဆိုရင် ပဲဖတ်နဲ့ နှမ်းဖတ်ဈေးပဲ ကြီးတာပါ အခုနှစ်မှာတော့ ဖွဲနုဈေးပါ လိုက်ပြီး ကြီးမြင့်လာတာကို မြန်မာနိုင်ငံ ငါး၊ ပုစွန် အစာထုတ်လုပ် ရောင်းချသူများအသင်းဥက္ကဌ ဒေါက်တာ သက်မှူးက ပြောပါတယ်။

“အဲလို ဈေးတက်တာကို ဦးတို့ အဆက်မပြတ် လေ့လာနေတယ်။ ပုံမှန်တက်တဲ့ ဈေးဆိုရင် ဦးတို့ဘာမှ မပြောဘူး။ အခုဟာက ပုံမှန်မဟုတ်ဘဲနဲ့ မတက်သင့်တဲ့ ဈေးနှုန်းကြီးဖြစ်လာတာ” လို့ ပြောပါတယ်။

ဒီနှစ်ထဲမှာ ဖြစ်ပေါ်ခဲ့တဲ့ ရေကြီး၊ ရေလှံျမှုတွေက စိုက်ပျိုးရေအထွက်နှုန်းကို ကျဆင်းစေပြီး စိုက်ပျိုးရေးကရရှိတဲ့ အစာ ကုန်ကြမ်းတွေက ဈေးတက်လာတာလည်း ဖြစ်သလို သယ်ယူပိုဆောင်ရေး ခက်ခဲတာကလည်း ဈေးနှုန်းတွေ မြင့်မားလာစေတာဖြစ်တယ်လို့ ဦးသက်မှူးက သုံးသပ်ပါတယ်။

တစ်ချို့ အစာတောင့် စက်ရုံတွေဆို ရပ်နားထားရတဲ့ အခြေအနေမှာရှိနေပါတယ်။ ပြန်ပြီး လည်ပတ်ဖို့ကတော့ တော်တော် ခက်ခဲနေတယ်လို့ ရွှေတွံ့တေး အစာတောင့်စက်ရုံ လုပ်ငန်းရှင် ဦးလှရွှေက ပြောပါတယ်။

“အခုပဲ တစ်ပိဿာကို ၁၃၇၀ ဖြစ်နေတယ် ဖွဲနုတစ်ပေါင်ဆို ဒီအရောက်ကို ၁၇၀၊ ၁၇၅ ကျပ် ရှိတယ် ကျွန်တော်တို့ ဘယ်လိုလုပ် လည်ပတ်လို့ ရမလဲအခုနေ ကျွန်တော်တို့ကန်တွေ အစာကျွေးလဲ ရှုံးမှာဘဲ” လို့ ဆိုပါတယ်။

ချမ်းမြေ့ဂုဏ် အစာတောင့်စက်ရုံ လုပ်ငန်းရှင် ဦးခင်ရွှေကလည်း “အရင်းအနှီးက တစ်ကျပ်ရင်းရမယ့် နေရာမှာ သုံးကျပ်လောက် လိုက်ရင်းနေရတယ်၊ သုံးကျပ်ရင်းပြီးတော့ ရတဲ့ငွေကြေးကလည်း သုံးကျပ်မရတဲ့ အခါကျတော့ အရှုံးပဲလေ။ ဒီအရှုံးကြီးကို ဆက်သွားနေမယ့် အစား ရပ်လိုက်တာက ကိုယ့်အသားထဲက မပါဘူးပေါ့နော် အဲလိုလေးစဉ်းစား ပြီးတော့ ရပ်တာပေါ့” လို့ ပြောပါတယ်။

အခုအချိန်မှာတော့ ငါးကန်တွေအတွက် အစားတောင့်တွေ မထုတ်လုပ် နိုင်တော့တဲ့အပြင် ငါးကန်တွေမှာလည်း ပုံမှန်အစာကျွေးဖို့ ခက်ခဲနေတယ်လို့ ငါးမွေးမြူရေး လုပ်ကိုင်သူတစ်ချို့က ပြောပါတယ်။ အစာဈေးနှုန်းမြင့်မားမှုကြောင့် ပြန်လည်ရောင်းချတဲ့ဈေးနဲ့ တွက်ချေမကိုက်မှာ စိုးတာကြောင့် အစာကျွေးနှုန်းကိုလျှော့ချ ထားရတာဖြစ်ပါတယ်။

လက်ရှိဖွဲနုဈေးက တစ်ပိဿကိုငွေ ၆၀၀ကျပ် ကျော်ရှိနေပြီး ဆန်ကွဲဈေးနှုန်းရဲ့ အထက်မှာ ရှိနေတာ ဖြစ်ပါတယ်။ ဒါဟာ တက်ရိုးတက်စဉ် မဟုတ်ဘူးလို့လည်း လုပ်ငန်းရှင်တွေက ပြောဆိုကြပါတယ်။ အစာတောင့် ထုတ်လုပ်တဲ့ စက်ရုံ အကြီးစားတွေလောက်ပဲ ဆက်လက် ရုန်းကန်နိုင်တာ ဖြစ်ပြီး စက်ရုံအသေးစား လုပ်ကိုင်သူတွေက ရပ်နားထားရတာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly