စက်တင်ဘာ ၁၈
ထိုင်ဝမ်သို့ အမေရိကန်အကြီးတန်းတာဝန်ရှိသူ လာရောက်ပြီး အဆင့်မြင့်ပုဂ္ဂိုလ်များ အစည်းအဝေးစတင်သည့် တစ်ရက်တည်း သောကြာနေ့မှာပင် တရုတ်နိုင်ငံက ထောင်ဝမ်ရေလက်ကြားအနီး၌ တိုက်ခိုက်ရေးပုံစံတူ စစ်ရေးလေ့ကျင့်မှုကို စတင်သည်။
အမေရိကန်နှင့် တရုတ်အကြား တင်းမာမှုများ မြင့်တက်နေချိန်နှင့် တရုတ်က ၎င်းပိုင်ဆိုင်သည် အတည်ပြုထားသော ထိုင်ဝမ်နှင့် အမေရိကန်ကြား ဆက်ဆံရေးကို ရှုတ်ချထားခြင်းလည်း ဖြစ်သည်။
ထိုင်ဝမ်နှင့် အမေရိကန်ကြား နီးစပ်သည့် ဆက်ဆံရေး ကြီးထွားလာမှုကို တရုတ်က စောင့်ကြည့်လျက်ရှိပြီး ပြီးခဲ့သည့် သီတင်းပတ်က လေကြောင်းနှင့် ပင်လယ်စစ်ရေးလေ့ကျင့်မှု နှစ်ရက်တာ ပြုလုပ်ခြင်းအပါအဝင် ထိုင်ဝမ်ကျွန်းနား စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်သည်။
သောကြာနေ့က စစ်ရေးလေ့ကျင့်မှုအကြောင်းကို တရုတ် ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရသူ ရန်ကျို့ကျင်းက အသေးစိတ်မဆိုဘဲ ထိုင်ဝမ်ရေလက်ကြားအနီး၌ စစ်ရေးလေ့ကျင့်မှု ပြုလုပ်ပြီး တရုတ်ပြည်သူ့လွတ်မြောက်ရေးစစ်တပ်၏ အရှေ့ပိုင်းစစ်ဌာနချုပ်မှ ပါဝင်ကြောင်း ပြောည်။
“ထိုင်ဝမ်ရေလက်ကြားက လက်ရှိ အခြေအနေမှာ လိုအပ်ချက်ကြောင့် ဖြစ်ပြီး အမျိုးသားအချုပ်အခြာနဲ့ ပိုင်နက်နယ်မြေကို ကာကွယ်ရေးတို့အတွက် ဖြစ်တယ်။”ဟု ရန်က ပြောသည်။
ထိုင်ဝမ်သည် တရုတ်၏ ပြည်တွင်းရေးသက်သက်သာ လုံးလုံးဖြစ်ပြီး နိုင်ငံခြား စွက်ဖက်မှု မရှိရကြောင်း ၎င်းက ဆိုသည်။
“မကြာသေးခင်က အမေရိကန်နဲ့ ထိုင်ဝမ်က ဒီမိုကရက်တစ်တိုးတက်ရေးပါတီက အာဏာပိုင်တွေဟာ သူတို့ရဲ့ လျှို့ဝှက်ပူးပေါင်းကြံစည်မှုကို လုပ်ဆောင်နေပြီး နှောင့်ယှက်မှုတွေကို မကြာခဏဖန်တီးနေတယ်။”ဟု ရန်က ပြောသည်။
စနေနေ့တွင် ကျရောက်သော ထိုင်ဝမ်သမ္မတဟောင်း လီထျန်ဟွေ၏ အောက်မေ့ဖွယ်အခမ်းအနားသို့ အမေရိကန် စီးပွားရေးရာ အတွင်းဝန် ကိရှ်ကရေ့က သွားရောက်မည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောထားခြင်းဖြစ်ပြီး ထိုင်ဝမ်အကြီးအကဲများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။