မြန်မာနိုင်ငံမှ ပြန်လာသည့် ထိုင်ဝမ်တစ်ဦးတွင် COVID-19 ကူးစက်မှု တွေ့

မြန်မာနိုင်ငံမှ ပြန်လာသည့် ထိုင်ဝမ်တစ်ဦးတွင် COVID-19 ကူးစက်မှု တွေ့
Photo Creadit -  ထိုင်ဝမ်ရှိ တာအိုယွန် နိုင်ငံတကာ လေဆိပ်တွင် ပိုးသတ်ဆေး ဖြန်းနေစဉ် (ဓာတ်ပုံ - AFP)

စက်တင်ဘာလ ၁၈။ ၂၀၂၀

နိုင်ငံခြားမှ ပြန်လာသည့် ထိုင်ဝမ်နိုင်ငံသား သုံးဦးတွင် COVID-19 ရောဂါ ကူးစက်နေကြောင်း တွေ့ရှိရရာ တစ်ဦးမှာ မြန်မာနိုင်ငံမှ ပြန်လာသူဖြစ်ကြောင်း သိရသည်။

COVID-19 ရောဂါ ကူးစက်နေကြောင်း တွေ့ရှိရသည့် ထိုင်ဝမ်နိုင်ငံသား သုံးဦးသည် မြန်မာ၊ ဗြိတိန်နှင့် ဖိလစ်ပိုင်နိုင်ငံတို့မှ မကြာသေးခင်က ပြန်လာသူများဖြစ်ကြောင်း ထိုင်ဝမ် ကပ်ရောဂါ ထိန်းချုပ်ရေးဗဟိုဌာန (CECC) က စက်တင်ဘာလ ၁၇ ရက်နေ့တွင်ပြောကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။

ထိုင်ဝမ်တွင် COVID-19 ပိုးတွေ့လူနာသစ် သုံးဦး တိုးလာကြောင့် ကပ်ရောဂါ စတင်ချိန်မှစ၍ ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း ၅၀၃ ဦး ရှိသွားပြီဖြစ်သည်။

အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးသည် လုပ်ငန်းဗီဇာနှင့် မြန်မာနိုင်ငံသို့ ဖေဖော်ဝါရီလကတည်းက ခရီးသွားခဲ့သူဖြစ်ပြီး ထိုင်ဝမ်သို့ စက်တင်ဘာလ ၁၃ ရက်နေ့တွင် ပြန်ရောက်လာသူ ဖြစ်သည်ဟု CECC က ပြောသည်။

ယင်းအမျိုးသမီးသည်ပြန်ရောက်လာပြီးနောက် အသွားအလာ ကန့်သတ် စောင့်ကြည်ရေး (quarantine) စင်တာတွင် နေထိုင်စဉ် COVID-19 ရောဂါ လက္ခဏာ မပြသော်လည်း မြန်မာနိုင်ငံမှ မထွက်ခွာခင် ညစာအတူစား ခဲ့သူတစ်ဦး COVID-19 ရောဂါ တွေ့ရှိသည်ဟု ကြားသိရသောကြောင့် လေဆိပ်တာဝန်ရှိသူများကို အကြောင်းကြားပြီး ဆေးစစ်ကြည့်ခြင်းဖြစ်သည်။   

စက်တင်ဘာလ ၁၇ ရက်နေ့တွင် ပိုးတွေ့အဖြေထွက်သောကြောင့် သူမကို အသွားအလာ ကန့်သတ် စောင့်ကြည်ရေး စင်တာမှ ဆေးရုံသို့ လွှဲပြောင်းပေးလိုက်ကြောင်း CECC က ပြောသည်။

ထိုအမျိုးသမီးနှင့် ဆက်စပ်ထိတွေ့သူ ၂၃ ဦးရှိပြီး သူမ၏ မိတ်ဆွေတစ်ဦး၊ လေယာဉ်အမှုထမ်း ငါးဦးနှင့် တခြားခရီးသည် ၁၇ ဦးတို့ဖြစ်သည်။ သူမ၏ မိတ်ဆွေနှင့် ကျန်ခရီးသည်များ နေအိမ်တွင် အသွားအလာ ကန့်သတ် စောင့်ကြည့်ထားပြီး လေယာဉ်ခရီးစဉ်အတွင်း အကာအကွယ် ဝတ်စုံများ ဝတ်ဆင်ထားခဲ့သည့် လေယာဉ်အမှုထမ်းများမှာမူ ချမှတ်ထားသော ကျန်းမာရေး လမ်းညွှန်ချက်များကို လိုက်နာရမည်ဟု CECC က ပြောသည်။

ထိုင်ဝမ်တွင် COVID-19 ရောဂါ ကူးစက်သူ ၅၀၃ ဦးရှိပြီး ၄၁၁ ဦးမှာ ပြည်ပမှ ကူးစက်ခဲ့ခြင်း ဖြစ်သည်။ ရောဂါကူးစက်ခံရသူ ၄၈၇ ဦးမှာ ပြန်လည်သက်သာလာပြီး ရောဂါကြောင့် သေဆုံးသူ ခုနစ်ဦးရှိကြောင်း CECC က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly