ဂျပန်ဝန်ကြီးချုပ်သစ်နှင့်အစိုးရအဖွဲ့လူထုထောက်ခံမှု ၇၄% ရရှိခဲ့ 

ဂျပန်ဝန်ကြီးချုပ်သစ်နှင့်အစိုးရအဖွဲ့လူထုထောက်ခံမှု ၇၄% ရရှိခဲ့ 

စက်တင်ဘာ ၁၈ 

ဂျပန်ဝန်ကြီးချုပ်သစ် ယိုရှီဟီဒဲ ဆူဂါ ၏အစိုးရအဖွဲ့သစ်သည်နိုင်ငံသားတို့၏ထောက်ခံမှု ၇၄ % ဖြင့်လူထု ထောက်ခံမှုတတိယအများဆုံးအစိုးရအဖွဲ့ဖြစ်လာခဲ့သည်။ 

ဗုဒ္ဓဟူးနေ့ကစတင်တာဝန်ထမ်းဆောင်ခဲ့သည့် ဆူဂါ သည် ၂၀၀၉ ခုနှစ်က ဝန်ကြီးချုပ်ဖြစ်ခဲ့သည့် ယူရိကို ဟတိုယမ နောက်ပိုင်းလူကြိုက်အများဆုံးခေါင်းဆောင်သစ်ဖြစ်လာခဲ့သည်။ 

ဆူဂါ သည်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး ထက်လူထုထောက်ခံမှု ၁၉ % ပိုများကြောင်းသိရှိရသည်။  လူထုက၎င်းကို အာဘေး ထက်ယုံကြည်မှုပိုမိုခဲ့ပြီး အာဘေး နှင့်ကွာခြားမှုမှာအမျိုးသားတို့ထောက်ခံမှု ထက်အမျိုးသမီးတို့၏ထောက်ခံမှုကိုပိုမိုရရှိနေခြင်းပင်ဖြစ်သည်။ 

ထောက်ခံသူအများစု၏အကြောင်းပြချက်မှာ ဆူဂါ ၏အစိုးရအဖွဲ့သည်“ယုံကြည်စိတ်ချရသည့်အရည် အချင်း”  ရှိ၍ဖြစ်ကြောင်းစစ်တမ်းကောက်ယူသူစုစုပေါင်း၏ ၄၆% ကဖြေကြားခဲ့သည်။  

ဒုတိယအချက်အနေဖြင့်တည်ငြိမ်ပြီးဆင်ခြင်တုံတရားရှိမှုအပေါ်  ဆူဂါ အစိုးရအဖွဲ့ကို လူထု၏ ၃၉% ကထောက်ခံခဲ့သည်။ ဆူဂါ သည် အာဘေး အစိုးရအဖွဲ့တွင်အတွင်းရေးမှုးချုပ်အဖြစ်ခုနှစ်နှစ်ရှစ်လကြာ တာဝန်ထမ်းဆောင်ခဲ့သည်။အကျပ်အတည်းကာလစီမံခန့်ခွဲရေးလုပ်ငန်းများတွင် ဆူဂါ သည်အစိုးရအဖွဲ့ တွင် အရေးပါသောတာဝန်များကိုယူခဲ့ပြီး ဧကရာဇ်သစ်၏နန်းတက်ကာလကြေညာချက်အပါအဝင် အရေးကြီးသောကြေညာချက်များကိုထုတ်ပြန်ခဲ့သူလည်းဖြစ်သည်။ 

ဆူဂါ အစိုးရအဖွဲ့ကိုမနှစ်သက်သူမှာ ၁၇% ရှိပြီး အာဘေး အစိုးရအဖွဲ့ကိုမနှစ်သက်သူများထက် ၂၀% လျော့နည်းသည်။ မနှစ်သက်သူများ၏အဓိကအကြောင်းပြချက်မှာအစိုးရအဖွဲ့ကို LDP  ပါတီမှဦးဆောင် နေသောကြောင့်ဖြစ်သည်။  

ဆူဂါ ၏အစိုးရအဖွဲ့ကိုထောက်ခံသူမှာအမျိုးသားဦးရေ၏ ၇၂% အမျိုးသမီးဦးရေ၏ ၇၇% ရှိသည်။ စစ်တမ်းကောက်ယူချက်များအရအသက် ၁၈ နှစ်မှ ၂၉ နှစ်အတွင်း နိုင်ငံသားများ၏ထောက်ခံမှုမှာ ၈၇% ရှိကြောင်းသိရှိရသည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required