မြန်မာက နယ်စပ် ဝင်ထွက်ခွင့် တင်းကျပ်ထား၍ ထိုင်းနယ်စပ်တွင် ကုန်တင်ကား ရာချီပိတ်မိနေ

မြန်မာက နယ်စပ် ဝင်ထွက်ခွင့် တင်းကျပ်ထား၍ ထိုင်းနယ်စပ်တွင် ကုန်တင်ကား ရာချီပိတ်မိနေ
ပုံစာ - ထိုင်းနိုင်ငံ၊ မယ်ဆိုင် နယ်စပ်ဂိတ်တွင် ပိတ်မိနေသော ကုန်တင်ကားများ (ဓာတ်ပုံ - The Nation)

စက်တင်ဘာလ ၁၈၊ ၂၀၂၀

COVID-19 ကပ်ရောဂါကြောင့် နယ်စပ်ဖြတ်ကျော်မှုများကို မြန်မာနိုင်ငံဘက်က တင်းကျပ်လိုက်သည့်အတွက် တာချီလိတ်မြို့သို့ ကုန်စည်လာပို့မည့် ကုန်တင်ကားများ ရာနှင့်ချီကာ ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်၊ မယ်ဆိုင်မြို့ နယ်စပ်ဂိတ်တွင် တန်းစီပိတ်မိနေကြကြောင်း သိရသည်။

မြန်မာနိုင်ငံဘက်ကတစ်ရက်လျှင် ကုန်တင်ထရပ်ကား ခြောက်စီးစီသာ ဝင်ထွက်ခွင့် ပြုလိုက်ခြင်းကြောင့် ယခုကဲ့သို့ ပိတ်မိနေခြင်းဖြစ်ကြောင်း သည်နေးရှင်း သတင်းက ဖော်ပြသည်။

ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်တွင် တန်းစီပိတ်မိနေသည့် ကုန်တင်ကား ၆၀၀ ကျော် ရှိကြောင်း မယ်ဆိုင် ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ ဖာကာမတ် ဗီရာက စက်တင်ဘာလ ၁၇ ရက်နေ့က ပြောကြောင်းလည်း သတင်းတွင် ဖော်ပြထားသည်။  

ယခင်က COVID-19 ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း နယ်စပ်ကုန်သွယ်ရေး အဆက်မပြတ်စေရန် တစ်ရက်လျှင် မြန်မာဘက်သို့ ကုန်တင်ကား ၁၆၈ စီး သွားခွင့်ပြုရန် ချင်းရိုင် ကူးစက်ရောဂါ ထိန်းချုပ်ရေး ကော်မတီ က ဆုံးဖြတ်ပေးခဲ့သည်။ သို့သော် မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ကူးစက်မှု မြင့်တက်လာသောကြောင့် မြန်မာတာဝန်ရှိသူများက ကုန်တင်ကား ဝင်ရောက်ခွင့်နှင့် ထွက်ခွာခွင့်ကို ခြောက်စီးစီအထိ လျှော့ချခဲ့ခြင်း ဖြစ်သည်။

ကုန်တင်ကား ခြောက်စီးသာ နယ်စပ်ဂိတ်ကို ဖြတ်သန်းခွင့် ပြုလိုက်ခြင်းကြောင့် ကားများ ပုံနေခြင်းဖြစ်ကြောင်း၊ ထိုင်းဘက်က မြန်မာနိုင်ငံသို့ တစ်ရက်လျှင် ထုတ်ကုန် ကုန်တင်ကား ၃၀၀ ကျော်ဖြင့် တင်ပို့ရန် လိုအပ် ကြောင်း၊ ကုန်တင်ကားအများစုမှာ လောင်စာဆီ၊ လူသုံးကုန်နှင့် စိုက်ပျိုးရေး ထွက်ကုန်များဖြစ်ကြောင်း၊

အချို့ကုန်သည်များက နယ်စပ်ဖြတ်ခွင့်မရခင် ကုန်စည်များ ရက်လွန်ကုန်ည်စိုး၍ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ် (၂) လမ်းမကြီးဘေးတွင် ချရောင်းနေကြကြောင်း မယ်ဆိုင် ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌက ပြောသည်။    

မယ်ဆိုင်နယ်စပ်ကိုဖြတ်၍ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လအထိ ၁၁ လတာအတွင်း ကုန်သွယ်မှုပမာဏာမှာ ထိုင်းဘတ်ငွေ ၁၂ ဒသမ ၂ ဘီလီယံရှိသည်။ ယင်းနယ်စပ်မှဖြတ်၍ လူသုံးကုန်၊ လောင်စာဆီ၊ ယမကာ၊ ဘိလပ်မြေ၊ လျှပ်စစ်ပစ္စည်း၊ အလှကုန်၊ သံမဏိထုတ်ကုန်နှင့် ချည်ထည်များ မြန်မာဘက်သို့ ထိုင်းကတင်ပို့သည့် ပို့ကုန် တန်ဖိုးမှာ ဘတ်ငွေ ၁၀ ဒသမ ၈ ဘီလီယံဖိုး ရှိသည်။ မြန်မာဘက်က စိုက်ပျိုးရေးထွက်ကုန်၊ သံမဏိနှင့် ဖန်ချက်လုပ်ရာတွင်သုံးသည့် မဂ္ဂနိတ်စ် ဒြပ်စင်၊ သတ္တုတွင်းထွက်နှင့် အလူမီနီယံတို့ ထိုင်းဘက်သို့ တင်သွင်းပြီး သွင်းကုန်တန်ဖိုး ပမာဏ ဘတ် ၁ ဒသမ ၄ ဘီလီဖိုး ရှိသည်။
မယ်ဆိုင် အကောက်ခွန်က ယင်း ၁၁ လတာ ကာလအတွင်း အကောက်ခွန် ဘတ်ငွေ ၂၃ ဒသမ ၇ သန်း ရရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required