အသေးစား အလတ်စား လုပ်ငန်းများအတွက် အာမခံမလိုဘဲ ငွေချေးသည့်စနစ် မအောင်မြင်သေး

အသေးစား အလတ်စား လုပ်ငန်းများအတွက် အာမခံမလိုဘဲ ငွေချေးသည့်စနစ် မအောင်မြင်သေး

မြန်မာ့ အာမခံလုပ်ငန်းကနေ အသေးစာအလတ်စား လုပ်ငန်းရှင်တွေ အာမခံမလိုဘဲ ငွေထုတ်ချေးနိုင်ဖို့ ကြိုးစားခဲ့တာ တစ်နှစ်ကျော်လာခဲ့ပေမယ့် အခုအချိန်ထိတော့ လာရောက် လျှောက်ထားသူတွေ နည်းပါးနေသေးတယ်လို့ မြန်မာ့ အာမခံလုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး ဦးအေးမင်းသိန်းက ပြောပါတယ်။

မြန်မာ့ အာမခံလုပ်ငန်းကနေ သက်သေခံ လက်မှတ်နဲ့ ဘဏ်တွေကနေတစ်ဆင့် အပေါင် ပစ္စည်း မလိုဘဲ ငွေချေးနိုင်တဲ့ စနစ်ရှိပေမယ့် လျောက်ထားသူ မရှိတဲ့အနေအထား ဖြစ်နေတာပါ။

“တစ်စုံတစ်ခု ဆုံးရှုံးသွားပြီဆိုရင် ၆၀%ကို မြန်မာ့ အာမခံလုပ်ငန်းက ပေးလျော်မယ်၊ ကျန်တဲ့ ၄၀%ကို ဘဏ်ကပေးလျော်မှာ၊ စမ်းသပ် တစ်နှစ်ကြာလာတဲ့အခါမှာ တစ်စောင်မှ မရောင်းရဘူး” လို့ ဦးအေးမင်းသိန်းက ပြောပါတယ်။

အပေါင်ပစ္စည်းမပါဘဲ အာမခံနဲ့ ငွေချေးတဲ့ လုပ်ငန်းရှင်တွေက ကိုယ်ဆက်သွယ်တဲ့ ဘဏ်ရဲ့ သတ်မှတ်ထားတဲ့ အတိုးနှုန်းအပြင် အာမခံလုပ်ငန်းကိုအတိုး ၃%  ထပ်ဆောင်းပေးရမှာ ဖြစ်ပါတယ်။ ပြည်တွင်းဘဏ် တစ်ခုဖြစ်တဲ့ ရိုးမဘဏ်အနေနဲ့က အာမခံစနစ်ကနေ ငွေချေးပေးဖို့ လုပ်ကိုင်ခွင့် ပြုထားပေမယ့် ဘယ်သူကမှ လာရောက်ဆက်သွယ်ေ ဆာင်ရွက်ခြင်းမရှိဘူးလို့ ဆိုပါတယ်။

“SME တွေအတွက် လိုအပ်ချက်ကတော့ ဘဏ္ဍာ အရင်းအမြစ်ပေါ့၊ နောက်အစိုးရ အထောက်အပံ့ များလား၊ ဘဏ်ကပေးမှာလား၊ ပါတနာရှစ်တွေဆီက ရှာမလားပေါ့နော်” လို့ စဉ်းစားနိုင်တဲ့ နည်းတွေကို ရိုးမဘဏ် ရန်ကုန်တိုင်း မန်နေဂျာ ဦးပြည်စိုးထွန်းက အကြံပြုပါတယ်။

 

လက်ရှိအချိန်အထိ ပြည်တွင်း ဘဏ်တွေအနေနဲ့ အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းတွေကို အပေါင်ပစ္စည်း ယူပြီးမှ ငွေချေးပေး နိုင်တာပါ။ အပေါင်ပစ္စည်း ကဏ္ဍမှာလည်း မရွှေပြောင်းနိုင်တဲ့ ပိုင်ဆိုင်မှု ပစ္စည်းတွေကိုပဲ အပေါင်ထားလို့ ရနိုင်တာဖြစ်ပြီး မော်တော်ယာဉ်လိုမျိုး ရွှေ့ပြောင်းနိုင်တဲ့ အရာဝတ္တုတွေကိုတော့ ဘဏ်တွေမှာ အပေါင်ထားလို့ မရပါဘူး။

မော်တော်ယာဉ်တွေလို ရွှေ့ပြောင်းနိုင်တဲ့ အရာဝတ္တုတွေကို အပေါင်ထားလို့ ရနိုင်ရင်တော့ မော်တော်ယာဉ် လိုင်းတွေအတွက် ကောင်းမွန်တဲ့ အလားအလာ ဖြစ်လာမယ်လို့ စံဝေလ မော်တော်ယာဉ်လိုင်း ဥက္ကဋ္ဌ ဦးသန်းလွင်က ပြောပါတယ်။

“အဲဒီလိုသာဘဏ်ကနေပြီးတော့ ချေးငွေ ပြန်ပြီးချပေးမယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ နှစ်စီးပိုင်တဲ့သူက စသဖြင့် သုံးစီးပိုင်တဲ့သူက စသဖြင့် ဒီကားတွေကိုပိုင်ဆိုင်မှုကို အုန်နာဘုတ်တွေ သူတို့မှာအပ်ထားပြီး ကျွန်တော်တို့က နောက်တစ်စီးတိုး ထောင်လို့ရမယ်” လို့ ဆိုပါတယ်။

အခုအချိန်အထိတော့ အာမခံချေး ငွေစနစ်က အောင်မြင်တယ်လို့ မဆိုနိုင်သေးပါဘူး။ တစ်ဆက်တည်းမှာပဲ ပြည်တွင်းက အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းတွေနဲ့ မိသားစု စီးပွားရေး လုပ်ငန်းတွေ မှာငွေကြေး အရင်းအနှီး လိုအပ်ချက်က အထိရောက်ဆုံး အဖြေရှာဖို့လည်း လိုအပ်နေပါသေးတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required