ကက်ရှ်မီးယားမှာ လူ ၄ ဦးသေဆုံးခဲ့သည့် သောင်းကျန်းသူနှိမ်နင်းမှုအပြီး ဒေသခံနဲ့အစိုးရတပ်ဖွဲ့အကြား ပဋိပက္ခဖြစ်

By AFP
18 September 2020
ကက်ရှ်မီးယားမှာ လူ ၄ ဦးသေဆုံးခဲ့သည့် သောင်းကျန်းသူနှိမ်နင်းမှုအပြီး ဒေသခံနဲ့အစိုးရတပ်ဖွဲ့အကြား ပဋိပက္ခဖြစ်

စက်တင်ဘာ ၁၈

အိန္ဒိယထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသရဲ့ မြို့တော် ရှရီနာဂါမှာ အစိုးရတပ်ဖွဲ့တွေနဲ့ သံသယရှိသူ သောင်းကျန်းသူတွေအကြား ပစ်ခတ်မှုဖြစ်ပွားခဲ့လို့ သောင်းကျန်းသူ သုံးယောက်နဲ့ အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီးတဲ့ နောက် ဒေသခံရာပေါင်းများစွာနဲ့ အစိုးရတပ်တွေအကြား စက်တင်ဘာ ၁၇ ရက်က ပဋိပက္ခ ဖြစ်ပွားခဲ့ကြပါတယ်။  

လက်နက်ကိုင်စစ်သွေးကြွတွေ လူနေအိမ်တစ်အိမ်အတွင်းမှာ ပုန်းအောင်နေတယ်လို့ သတင်းရပြီး သန်းခေါင်ယံကျော်ချိန်မှာ သောင်းကျန်းမှု ချေမှုန်းရေးရဲတပ်ဖွဲ့တွေနဲ့ ဖက်ဒရယ်လက်နက်ကိုင်တပ်ဖွဲ့တွေဟာ ဆရီနာဂါမြို့က ဘာတာမာလူးရပ်ကွက်ကို ဝိုင်းထားခဲ့ကြပြီး အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာပါ။  

နာရီပေါင်းများစွာအပြန်အလှန်ပစ်ခတ်ပြီးနောက် ဒေသခံတွေလို့ယူဆရတဲ့ သံသယရှိသူ သူပုန်သုံးယောက် သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့က တွစ်တာမှာ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ပစ်ခတ်မှုအတွင်း အမျိုးသမီးငယ်တစ်ဦးသေဆုံးသွားခဲ့တယ်လို့ ရဲအရာရှိတစ်ဦးက AFP ကိုပြောပါတယ်။  

လူသေဆုံးတဲ့သတင်းတွေပျံ့နှံ့သွားပြီးတဲ့နောက် ဒေသခံရာပေါင်းများစွာ လမ်းတွေပေါ်ထွက်လာကာ ဆန္ဒပြခဲ့ကြပါတယ်။ မျက်ရည်ယိုဗုံးနဲ့ သတ္တုကျည်ဆန်တွေသုံးပြီး နှိမ်နင်းခဲ့တဲ့  အစိုးရတပ်ဖွဲ့ဝင်တွေကို ဆန္ဒပြသူတွေက ကျောက်တုံးကျောက်ခဲတွေနဲ့ ပစ်ပေါက်ခဲ့ကြပြီး ‘ပါကစ္စတန် သက်တော်ရှည်ပါစေ’၊  ‘လွတ်လပ်မှု လိုချင်တယ်’ စတဲ့ ဆောင်ပုဒ်တွေ ဟစ်ကြွေးခဲ့ကြပါတယ်။ ပဋိပက္ခဖြစ်စဉ်အတွင်း ထိခိုက်ဒဏ်ရာ ရတဲ့သူတော့ မရှိဘူးလို့ သိရပါတယ်။

အငြင်းပွားဒေသ ကက်ရှ်မီးယားမှာ သောင်းကျန်းသူတွေနဲ့ အစိုးရတပ်ဖွဲ့ဝင်တွေအကြား မကြာခဏဆိုသလို ထိပ်တိုက်ရင်ဆိုင်မှုတွေရှိပေမယ့် မြို့တော်မှာတော့ ရှားရှားပါးပါး ဖြစ်ခဲပါတယ်။  

ဇွန်လတုန်းက ဖြစ်ခဲ့တဲ့ ပစ်ခတ်မှုမှာလည်း ရှရီနာဂါမြို့လယ်က အိမ် ၁၅ လုံးပျက်စီးခဲ့ပြီး ဒေသခံသောင်းကျန်းသူ သုံးယောက်သေဆုံးခဲ့တယ်။

အငြင်းပွားဖွယ်ကက်ရှ်မီးယားဒေသမှာ ဒီနှစ်အတွင်း လက်နက်ကိုင် အကြမ်းဖက်မှုတွေကြောင့် သောင်းကျန်းသူ အနည်းဆုံး ၁၉၂ ဦး၊ အစိုးရတပ်ဖွဲ့ဝင် ၇၃ ဦးနဲ့ အရပ်သား ၄၇ ဦး သေဆုံးခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required