'စီးပွားရေးနှင့် ကျန်းမာရေး ကြိုက်ရာရွေး'ဟု WHO အကြီးအကဲမှဝေဖန်ပြောကြား

'စီးပွားရေးနှင့် ကျန်းမာရေး ကြိုက်ရာရွေး'ဟု WHO အကြီးအကဲမှဝေဖန်ပြောကြား

 စက်တင်ဘာ ၁၈ 

COVID - 19 ကူးစက်မှုကိုအခွင့်အရေးယူ၍ပြည်သူ့ကျန်းမာရေးနှင့် စီးပွားရေးလုပ်ငန်းများအကြား စီးပွားရေးကဏ္ဍကိုရွေးချယ်ခြင်းမှာအလွန်တရာ မှားယွင်းသောဆုံးဖြတ်ချက်ဖြစ်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO ) ၏ညွှန်ကြားရေးမှုးချုပ် တဲဒိုအက်ဒ်ဟန်နွန်မှ ဝေဖန်ပြောကြားလိုက်သည်။ 

“အဆိုပါရွေးချယ်မှုမှာမှားယွင်းနေကြောင်း၊ WHO သည်အရေးကြီးသော အချက် လေးချက်ကို ဦးစားပေးပြုလုပ်ရန် နိုင်ငံအားလုံးကို တိုက်တွန်း ကြောင်း” ဖြင့် ဒေါက်တာတဲဒိုမှ ပြောကြားခဲ့သည်။ စင်ကာပူ အမျိုးသားတက္ကသိုလ် (National University of Singapore-NUS) တွင်ပြုလုပ်သော Covid-19  နှင့်ပတ်သက်သည့်အွန်လိုင်းဆွေးနွေးပွဲတွင် ဒေါက်တာတဲဒိုက ဤကဲ့သို့ပြောကြားလိုက်ခြင်းဖြစ်သည်။ 

ပထမဦးစားပေးပြုလုပ်ရမည့်အချက်မှာ အားကစားကွင်းများ၊ ညကလပ်များကဲ့သို့သောလူစုလူဝေး ဖြင့်ပြုလုပ်မည့်ပွဲများကိုမပြုလုပ်ရန်ဖြစ်သည်။ ထိုကဲ့သို့လူစုလူဝေးဖြစ်လာပါက”ကူးစက်မှုအလွန်တရာ များပြား”နိုင်သောကြောင့်ဖြစ်သည်။ ဒုတိယပြုလုပ်ရမည့်အချက်မှာရောဂါကူးစက်မှုကြောင့်အသက် သေဆုံးမှုမရှိစေရန်နှင့်ကျန်းမာရေးစောင့်ရှောက်မှုစနစ်များကိုဝန်ထုပ်ဝန်ပိုးဖြစ်စေသည့်အချက်များကို လျှော့ချရန်၊အားနည်းချက်များမရှိစေရန်ဆောင်ရွက်ခြင်းပင်ဖြစ်သည်။  

တတိယပြုလုပ်ရမည့်အချက်မှာရောဂါကူးစက်မှုကိုဟန့်တားနိုင်ရန်အတွက်တစ်ဦးနှင့်တစ်ဦးနီးကပ်စွာ မနေကြရန်၊ လက်ဆေးကြရန်၊ ချောင်းဆိုးသည့်အခါအကာအကွယ်ပြုပြီးမှဆိုးရန်နှင့်မျက်နှာအကာများ တပ်ဆင်ကြရန် ပြည်သူလူထုအားပညာပေးရေးဖြစ်သည်။ နောက်ဆုံးတွင်ရောဂါကူးစက်သူများကိုရှာ‌ဖွေ ရန်၊တွေ့ရှိပါကသီးခြားခွဲထားရန်၊စမ်းသပ်စစ်ဆေးမှုများပြုလုပ်ရန်နှင့်၎င်းတို့နှင့်ထိစပ်သူများကိုရှာဖွေပြီး အသွားအလာကန့်သတ်ထားရန်တို့ကိုပြုလုပ်ရန်ပင်ဖြစ်သည်။  

“အဆိုပါအချက်လေးချက်ကိုပြုလုပ်၍နိုင်ငံအတွင်းကူးစက်မှုကိုကာကွယ်နိုင်သည့်(သို့မဟုတ်)ထိန်းချုပ် နိုင်လိုက်သည့်နိုင်ငံအများအပြားရှိနေကြောင်း၊ ဥပမာ နယူးဇီလန်၊ အိုက်စ်လန်၊ ဆီနီဂေါလ်၊မွန်ဂိုလီးယား   နှင့် စင်ကာပူနိုင်ငံများဖြစ်ကြောင်း”ဖြင့် ဒေါက်တာတဲဒိုကပြောကြားခဲ့သည်။  

“ပထမဆုံးကာကွယ်ဆေးဖြစ်သည့်လူစုလူဝေးများမပြုလုပ်ရန်မှာလက်ခံနိုင်ဖွယ်ရှိသော်လည်းအကောင်းဆုံးကာကွယ်ဆေးမဟုတ်ကြောင်း၊ ကျန်အချက်များကိုပါလိုက်နာခြင်းသည်သာအလွန်ဘေးကင်းသော၊ အလွန်ထိရောက်သောကာကွယ်ဆေးများဖြစ်ကြောင်း၊ သို့သော်လက်ရှိရင်ဆိုင်နေရသောအကြီးမားဆုံး စမ်းသပ်ချက်မှာသိပ္ပံဆိုင်ရာ(သို့မဟုတ်) နည်းပညာဆိုင်ရာစမ်းသပ်မှုမဟုတ်ပဲအကျင့်စရိုက်များကို စမ်းသပ်မှုပင်ဖြစ်ကြောင်း၊ နိုင်ငံများ အနေဖြင့်သုတေသနတွေ့ရှိချက်များကိုဖြန့်ဝေရာတွင် စည်းလုံး ညီညွတ်စွာလုပ်ဆောင်နိုင်မည်လား(သို့မဟုတ်) ကမ္ဘာကြီးကိုဒုက္ခရောက်စေမည့် မတရားမှု၊ မမျှတမှု၊ လွန်ကဲသည့် နိုင်ငံချစ်စိတ်ဓာတ်ဖြင့်လွဲမှားသောဆုံးဖြတ်ချက်များချမှတ်မည်လားဆိုသည်ကိုသိရှိလို သည်”ဟု ဒေါက်တာတဲဒို ကပြောကြား ခဲ့သည်။  

“Covid-19  သည်ကူးစက်ရောဂါများတွင်နောက်ဆုံးရောဂါမဟုတ်ကြောင်း၊ နောက်ထပ်ကူးစက်မှုများ ထပ်မံဖြစ်ပေါ်လာပါကအသင့်ရှိနေရန်လိုအပ်ကြောင်း”ဖြင့်ဒေါက်တာတဲဒိုကသတိပေးပြောကြားခဲ့သည်။ 

အွန်လိုင်းဆွေးနွေးပွဲသို့တက်ရောက်လာသည့်စင်ကာပူကျန်းမာရေးဝန်ကြီးဌာန ဆေးပညာဆိုင်ရာ ညွှန်ကြားရေးမှုး ကက်နက်မက် ကနိုင်ငံအတွင်းဖြစ်ပေါ် နေသော Covid-19 ကူးစက်မှုအခြေအနေကို သုံးသပ်ခဲ့ပြီးကူးစက်မှုကိုတုန့်ပြန်တိုက်ခိုက်မည့်အစီအစဉ်ကိုအသေးစိတ်ပြောကြားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required