မြန်မာ့ရွေးကောက်ပွဲ လေ့လာရေး ကာတာ စင်တာ စတင်

မြန်မာ့ရွေးကောက်ပွဲ လေ့လာရေး ကာတာ စင်တာ စတင်
ပုံစာ - ၂၀၂၀ ပြည့်နှစ်၊ မတ်လအတွင်းက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် ကာတာ စင်တာ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် မစ္စတာ ရှောင်ဒန်းတို့ တွေ့ဆုံစဉ် (ဓာတ်ပုံ - MOI)

စက်တင်ဘာလ ၁၈၊ ၂၀၂၀

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ခွင့်ပြုချက်အရ လာမည့် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ လေ့လာရေး မစ်ရှင်ကို ကာတာစင်တာက စတင်နေပြီ ဖြစ်သည်။

ကာတာ စင်တာ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် မစ္စတာ ရှောင်ဒန်း ဦးဆောင်သည့် ရွေးကောက်ပွဲလေ့လာရေး မစ်ရှင်ကို ကျွမ်းကျင်ပညာရှင် ခြောက်ဦး ပါဝင်သော ပင်မအဖွဲ့နှင့် ကာလရှည် ရွေးကောက်ပွဲလေ့လာသူ ၂၄ ဦးတို့ဖြင့် ဖွဲ့စည်းထားကြောင်း ကာတာ စင်တာ၏ စက်တင်ဘာလ ၁၈ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

COVID-19 ရောဂါဆိုင်ရာ ခရီးသွားလာရေး ကန့်သတ်ချက်များကြောင့် ဖြစ်ပေါ်လာသော ထူးခြားသည့် အခြေအနေများအရ လက်ရှိအချိန်တွင် ပင်မအဖွဲ့ဝင် ကျွမ်းကျင်ပညာရှင်များသည် ရပ်ဝေးမှသာ လုပ်ငန်းလုပ်ဆောင် နေပြီး ကာလရှည် ရွေးကောက်ပွဲလေ့လာသူများအဖြစ် မြန်မာနိုင်ငံသားများက တာဝန်ထမ်းဆောင်ကြမည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကာလရှည် ရွေးကောက်ပွဲ လေ့လာသူများ၏ လေ့လာခြင်းနှင့် အစီရင်ခံခြင်းလုပ်ငန်းများကို နိုင်ငံတကာ ပင်မအဖွဲ့ ကျွမ်းကျင်ပညာရှင်များက ကြီးကြပ် စီမံခန့်ခွဲကြမည်ဖြစ်သည်။

COVID-19 ရောဂါဆိုင်ရာ ကန့်သတ်ချက်များကြောင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ကာလရှည် ရွေးကောက်ပွဲ လေ့လာသူ နှစ်ဦးစီပါဝင်သော အဖွဲ့များအဖြစ် ဖွဲ့စည်းဆောင်ရွက်မည်ဖြစ်ပြီး နောက်ထပ် ဆန်းစစ် လေ့လာမှုများအတွက် အချက်အလက်များကို ကောက်ယူစုဆောင်းမည် ဖြစ်သည်။

အဖွဲ့ဝင်များသည် COVID-19 ရောဂါဆိုင်ရာ အမျိုးသားအဆင့် စည်းမျဉ်းများနှင့် လမ်းညွှန်ချက်များကို လိုက်နာပြီး ရွေးကောက်ပွဲကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲများ၊ နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ ပြည်တွင်းရွေးကောက်ပွဲ လေ့လာရေးအဖွဲ့များ၊ နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် မီဒီယာများအပါအဝင် ရွေးကောက်ပွဲဆိုင်ရာ အဓိက ဆက်စပ်ပတ်သက်ပါဝင်သူများနှင့် ချိတ်ဆက်ဆောင်ရွက် သွားမည်ဟုလည်း ဖော်ပြထားသည်။

လေ့လာရေးမစ်ရှင်သည် ရွေးကောက်ပွဲဆိုင်ရာ ကြိုတင်ပြင်ဆင်မှုများနှင့် ရွေးကောက်ပွဲစီမံခန့်ခွဲခြင်း၊ မဲဆွယ်စည်းရုံးခြင်း၊ နိုင်ငံရေးရပ်ဝန်း၏ ရိုးသားပွင့်လင်းမှု၊ အမျိုးသမီးများနှင့် တိုင်းရင်းသား လူနည်းစုများ၏ ပါဝင်မှု၊ ဆိုရှယ်မီဒီယာ၊ ရွေးကောက်ပွဲဖြစ်စဉ်အပေါ် COVID-19 ရောဂါ၏ သက်ရောက်မှုနှင့် အခြားအရေးကြီး ကိစ္စရပ်များအပါဝင် ရွေးကောက်ပွဲဆိုင်ရာ ပတ်ဝန်းကျင်တို့ကို အကဲဖြတ်မည် ဖြစ်သည်။

ကာတာ စင်တာသည် မြန်မာနိုင်ငံတွင် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကိုလည်း လေ့လာခဲ့ဖူးသည်။ ထို့အပြင် ကာတာ စင်တာသည် နိုင်ငံပေါင်း ၃၉ နိုင်ငံတွင် ရွေးကောက်ပွဲပေါင်း ၁၁၁ ခုကိုလည်း စောင့်ကြည့်လေ့လာ ခဲ့သည်။

အမေရိကန် ပြည်ထောင်စု၊ ဂျော်ဂျီယာပြည်နယ်၊ အတ္တလန်တာတွင် ရုံးချုပ်ရှိသော ကာတာ စင်တာသည် ရန်ကုန်မြို့တွင်လည်း ရုံးခွဲကို ၂၀၁၃ ခုနှစ်ကတည်းက ဖွင့်လှစ်ထားသည်။ အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာ နှင့် ဇနီး ရိုစလင်း ကာတာတို့က ၁၉၈၂ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ငြိမ်းချမ်းရေးကို တိုးမြှင့်ခြင်း၊ ရောဂါဘယ တိုက်ဖျက်ခြင်း၊ မျှော်လင့်ခြင်း တည်ဆောက်ခြင်း ဆောင်ပုဒ်ဖြင့် လုပ်ကိုင်ဆောင်ရွက်နေသော အကျိုးအမြတ် မယူ၊ အစိုးရမဟုတ်သည့် အဖွဲ့အစည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required