တရုတ်ခြိမ်းခြောက်မှုကြောင့် ဂျီဒီပီ၏ ၂ ရာခိုင်နှုန်းကို ကာကွယ်ရေးအတွက် သုံးစွဲရန် မဟာမိတ်များအား အမေရိကန် တိုက်တွန်း 

တရုတ်ခြိမ်းခြောက်မှုကြောင့် ဂျီဒီပီ၏ ၂ ရာခိုင်နှုန်းကို ကာကွယ်ရေးအတွက် သုံးစွဲရန် မဟာမိတ်များအား အမေရိကန် တိုက်တွန်း 

 စက်တင်ဘာ ၁၈

တရုတ်ကို တန်ပြန်ရန်အတွက် ဂျီဒီပီ၏ ၂ ရာခိုင်နှုန်း အနည်းဆုံးကို ကာကွယ်ရေးအတွက် တိုးမြှင့်သုံးစွဲရန် အမေရိကန်က ၎င်း၏ မဟာမိတ်များအား တိုက်တွန်းလျက် ရှိသည်။ 

ယင်းကြောင့် ဂျပန်နိုင်ငံအနေဖြင့် ဒေသတွင် ပိုပြီးအားကောင်းသော စစ်ရေးအခန်းကဏ္ဍကို ရယူရန် ဖိအားများ ဖြစ်စေသည်။ 

“ကမ္ဘာတစ်လွှားက ကျွန်တော်တို့ မဟာမိတ်တွေနဲ့ မိတ်ဖက်တွေအနေနဲ့ ကာကွယ်ရေးအသုံးစရိတ်ကို ဂျီဒီပီရဲ့ ၂ ရာခိုင်နှုန်း အနည်းဆုံး တိုးမြှင့်သုံးစွဲဖို့ ကျွန်တော်တို့ တိုက်တွန်းပါတယ်။ စွမ်းဆောင်နိုင်စွမ်းကို မြှင့်တင်ဖို့ ရင်းနှီးမြုပ်နှံဖို့ လိုအပ်ပါတယ်။”ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီး မတ်အီစပါက ဗုဒ္ဓဟူးနေ့တွင် ပြောသည်။ 

တောင်နဲ့ အရှေ့တရုတ်ပင်လယ်၌ တရုတ်၏ ကျူးကျော်မှုများကို ကိုးကားပြီး နိုင်ငံကြီးများနှင့် နိုင်ငံငယ်များအတွက် အကျိုးအမြတ်ရှိစေသော နိုင်ငံတကာဥပဒေများအား တရုတ်က ပုံစံပြောင်းပြီး ယိုင်နှဲ့ရန် ကြိုးစားနေသည်ဟု ၎င်းက ဆိုပါတယ်။ 

ကာကွယ်ရေးဝန်ကြီး အီစပါ၏ အဆိုပြုချက်သည် အမေရိကန်နှင့် ခိုင်မာသော မဟာမိတ်ဖြစ်သည့် ဂျပန်အနေဖြင့် ၎င်း၏ ကာကွယ်ရေးအသုံးစရိတ်ကို နှစ်ဆကျော် မြှင့်တင်ရန် ဖြစ်သည်။ 

ဒေသတွင်း တရုတ်၏ ဩဇာလွှမ်းမိုးမှုများ ကြီးထွားနေရာ အင်ဒို-ပစိဖိတ်ဒေသ လုံခြုံရေးအတွက် ကာကွယ်ရေးတာဝန် ထမ်းရာ၌ ပို၍ ခွဲဝေယူရန် ဂျပန်အား အမေရိကန်က တိုက်တွန်းလျက် ရှိနေသည်။ 

ဂျပန်နိုင်ငံသည် ၂၀၂၀ ဘဏ္ဍာနှစ်၌ ကာကွယ်ရေးအသုံးစရိတ် ယန်းငွေ ၅ ဒသမ ၃၁ ထရီလီယံ(အမေရိကန်ဒေါ်လာ ၅၀ ဒသမ ၅ ဘီလီယံ) အတည်ပြုထားရာ စံချိန်တင် သုံးစွဲမှုဖြစ်သော်လည်း ဂျီဒီပီ၏ ၀ ဒသမ ၉ ရာခိုင်နှုန်းခန့်သာ ရှိနေသေးသည်။ 

ဂျပန်နိုင်ငံအနေဖြင့် ဒုတိယကမ္ဘာစစ်ဒဏ်ကို မမေ့ပျောက်သေးသော အိမ်နီးချင်း တောင်ကိုရီးယားနှင့် တရုတ်တို့မှ စိုးရိမ်ပူပန်မှုများကို သတိထားနေရကာ လုံခြုံရေးအတွက် ချည်းကပ်ရာ၌ ဂျီဒီပီ၏ ၁ ရာခိုင်နှုန်းအောက်သာ သုံးစွဲရန် ဂရုစိုက်နေရသည်။ 

တရုတ်နိုင်ငံ၏ ၎င်း၏ ၂၀၂၀ ကာကွယ်ရေးအသုံးစရိတ်မူကြမ်းကို မေလအတွင်း၌ ကြေညာရာ ယွမ်ငွေ ၁ ဒသမ ၂၇ ထရီလီယံ(အမေရိကန်ဒေါ်လာ ၁၈၇ ဘီလီယံ) အဆိုပြုထားခြင်း ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly