Sony က PS5 ဂိမ်းစက်ကို ၄၉၉ ဒေါ်လာဖြင့် နိုဝင်ဘာ ၁၂ ရက်တွင် ဈေးကွက်စဖြန့်မည်

Sony က PS5 ဂိမ်းစက်ကို ၄၉၉ ဒေါ်လာဖြင့် နိုဝင်ဘာ ၁၂ ရက်တွင် ဈေးကွက်စဖြန့်မည်

စက်တင်ဘာ ၁၈

Sony ကုမ္ပဏီသည် ယင်း၏ မျိုးဆက်သစ် ဂိမ်းစက် PlayStation 5 ကို လာမည့် နိုဝင်ဘာ ၁၂ ရက်တွင် ဒေါ်လာ ၄၉၉ ဖြင့် ဈေးကွက်စဖြန့်မည် ဖြစ်ကြောင်း ကြေညာသွားခဲ့သည်။

Sony အနေဖြင့် PS5 ကို ကြေညာခြင်းအားဖြင့် Microsoft နှင့် ယင်း၏ နောက်ဆုံးပေါ် ဗားရှင်း Xbox ကို ထိပ်တိုက်ယှဉ်ပြိုင်ရန် စီစဉ်လိုက်ခြင်း ဖြစ်သည်။

PS5 ဂိမ်းစက်ကို ဂျပန်နှင့် အမေရိကန်အပါအဝင် နိုင်ငံအချို့၌  နိုဝင်ဘာ ၁၂ ရက်တွင် စတင်ရောင်းချသွားမည်ဖြစ်ပြီး ကမ္ဘာ့ကျန်နိုင်ငံများတွင်မူ နိုဝင်ဘာ ၁၉ ရက်တွင် စတင်ရောင်းချမည်ဟု Sony က စက်တင်ဘာ ၁၇ ရက် အွန်လိုင်းအခမ်းအနားတစ်ခု၌ ကြေညာသွားခဲ့သည်။

Xbox Series X ကို နိုဝင်ဘာ ၁၀ ရက်တွင် ခန့်မှန်းလက်လီဈေးနှုန်း ဒေါ်လာ ၄၉၉ ဖြင့်ပင် ဈေးကွက်ဖြန့်မည်ဟု Microsoft က ပြီးခဲ့သည့်အပတ်တွင် ကြေညာခဲ့ပြီးနောက် ယခုကဲ့သို့ ပြိုင်ဘက် Sony ၏ ကြေညာချက် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် Sony သည် PS5 အတွက် ဂိမ်းသစ်များကိုလည်း ကြေညာသွားခဲ့ပြီး ယင်းတို့အနက် Square Enix ၏ Final Fantasy XVI နှင့် Warner Bros. Game ၏ Hogwarts Legacy တို့ ပါဝင်နေသည်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကာလအတွင်း လူအများအပြားသည် အပြင်မထွက်ဘဲ နေအိမ်တွင်း၌သာ နေထိုင်နေကြရစဉ် ဂိမ်းကစားခြင်းအပေါ် အာရုံစိုက်နေသည့်အတွက် ဂိမ်းစက်လုပ်ငန်း အားကောင်းနေချိန် ယခုကဲ့သို့ Sony နှင့် Microsoft တို့၏ မျိုးဆက်သစ် ဂိမ်းစက်များ ဈေးကွက်ဖြန့်မည့် ကြေညာချက်များ ထွက်ပေါ်လာခြင်း ဖြစ်သည်။

အဆိုပါ ကုမ္ပဏီနှစ်ခုသည် ယင်းတို့၏ ထုတ်ကုန်များကို တူညီသည့်အချိန်ကာလတစ်ခု၌ ဖြန့်ရန် ပြင်ဆင်နေသည့်အတွက် ကုမ္ပဏီနှစ်ခုအကြား ပြိုင်ဆိုင်မှုသည် ပြင်းထန်မည်ဟု ယူဆရသည်။

တချိန်တည်းမှာပင် ကုမ္ပဏီနှစ်ခုစလုံးသည် disc drive မပါသည့် ဈေးသိပ်မကြီးသော မော်ဒယ်တစ်ခုကိုလည်း ကမ်းလှမ်းပေးသွားရန် ရှိနေသည်။ PS5 ၏ digital edtion က ဒေါ်လာ ၃၉၉ ဈေးရှိမည်ဖြစ်သလို Xbox Series S ကလည်း ဒေါ်လာ ၂၉၉ ရှိမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly