တရုတ်နှင့် မလေးရှား ဟက်ကာများကို အမေရိကန် တရားစွဲ

By CNA
17 September 2020
တရုတ်နှင့် မလေးရှား ဟက်ကာများကို အမေရိကန် တရားစွဲ

စက်တင်ဘာ ၁၇

ဟက်ကာဖောက်ထွင်းမှုများကို လုပ်ကိုင်ခဲ့သည့် တရုတ်နိုင်ငံသား ငါးဦးနှင့် မလေးရှားနိုင်ငံသား နှစ်ဦးတို့ကို တရားစွဲဆိုလိုက်ကြောင်း အမေရိကန် တရားရေးဌာနက စက်တင်ဘာ ၁၆ ရက်တွင် ပြောသည်။

ယခု တရားစွဲဆိုခံရသူများသည် အင်တာနက်ဆိုင်ရာ အချက်အလက်များနှင့် ဗီဒီယိုဂိမ်းနည်းပညာကို ခိုးယူရန်၊ ransomware ကွန်ပြူတာ ဗိုင်းရပ်စ် အသုံးချရန် နှင့် ဟောင်ကောင် တက်ကြွလှုပ်ရှားသူများကို သူလျှိုထောက် လှမ်းရန် အနည်းဆုံး အချိန်ခြောက်နှစ်ကြာအထိ ကမ္ဘာလုံးဆိုင်ရာ ဟက်ကာဖောက်ထွင်းမှုများကို လုပ်ကိုင်နေခဲ့သည်ဟု သိရသည်။

သံသယရှိ တရုတ်ဟက်ကာများအနက် သုံးဦးသည် စီချွမ်အခြေစိုက် ကုမ္ပဏီ Chengdu 404 အတွက် အလုပ်လုပ်ပေးခဲ့သည်။ Chengdu 404 သည် အခြား စီးပွားရေးလုပ်ငန်းများအတွက် ကွန်ရက်လုံခြုံရေးဝန်ဆောင်မှုများ ကမ်းလှမ်းပေးရန် ဟန်ဆောင်ထားသည်ဟု သိရသည်။

၎င်းတို့သည် ကမ္ဘာတဝန်း ရာနှင့်ချီသော ကုမ္ပဏီများ၊ အဖွဲ့အစည်းများ၏ ကွန်ပြူတာကို ဟက်ကာ ဖောက်ထွင်းခဲ့ပြီး အချက်အလက်များ စုဆောင်းခဲ့သလို bitcoin ကဲ့သို့ cryptocurrency များ ရှာဖွေရန် ထောင်နှင့်ချီသော ကွန်ပြူတာများကို အဝေးကနေ အသုံးပြုခဲ့ကြောင်း သိရသည်။

အလားတူ အခြား တရုတ်နိုင်ငံသားနှစ်ဦးနှင့်မလေးရှားနိုင်ငံသားနှစ်ဦးတို့ကိုလည်း အဓိက ဂိမ်းကုမ္ပဏီများကို ဖောက်ထွင်းပြီး လျှို့ဝှက်ချက်များ ခိုးယူမှုအတွက် စွဲချက်တင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဟက်ကာအုပ်စုကို တရုတ်အစိုးရကိုယ်တိုင် ထိန်းချုပ်ခိုင်းစေနေခြင်း ဖြစ်နိုင်သည်ဟု ထင်မြင်ယူဆသူတချို့ ရှိခဲ့သော်လည်း အမေရိကန်အစိုးရ၏ တရားစွဲဆိုမှုတွင် ဟက်ကာများနှင့် တရုတ်အာဏာပိုင်တို့အကြား အားကောင်းသည့် တရားဝင် အချိတ်အဆက်တစ်ခုကို ထည့်သွင်းဖော်ပြခဲ့ခြင်း မရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required