မြန်မာနိုင်ငံတွင် စက်တင်ဘာ ၁၈ ရက်မှ ၂၂ ရက်အတွင်း မိုးကြီးနိုင်ကြောင်း သတိပေးထား

မြန်မာနိုင်ငံတွင် စက်တင်ဘာ ၁၈ ရက်မှ ၂၂ ရက်အတွင်း မိုးကြီးနိုင်ကြောင်း သတိပေးထား

စက်တင်ဘာ ၁၇၊ ၂၀၂၀

မြန်မာနိုင်ငံတွင် စက်တင်ဘာလ ၁၈ ရက်မှ ၂၂ ရက်အတွင်း နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး ဒေသအလိုက် မိုးကြီးခြင်းနှင့် နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ဆိုသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ စက်တင်ဘာလ ၁၆ ရက် နေ့လယ် ၂ နာရီခွဲအချိန် တိုင်းထွာချက်အရ အရှေ့ဘက်မှလာသော အပူပိုင်းမုန်တိုင်း နို (Noul) သည် အနောက်ဘက်သို့ ရွေ့လျားကာ ဗီယက်နမ် ကမ်းခြေကို ဖြတ်ကျော်ပြီး ၎င်း၏အကြွင်းအကျန် တိမ်တိုက်များ ဖြတ်သန်းလာနိုင်မှုကြောင့် လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်းရာမှ အားအလွန် ကောင်းလာနိုင်ခြင်းတို့ကြောင့် လည်းကောင်း ထိုရက်များတွင် မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။

“ဒီနှစ်ခုကြောင့်မို့လို့ ၁၈ ရက်ကနေ ၂၂ ရက်အတွင်းမှာ နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်ပေါ့နော်၊ အဲ့ဒီဒေသတွေမှာ နေရာစိပ်စိပ်ကနေ နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာနိုင်ပါတယ်။ ပြီးကျရင်တော့ ဒေသအလိုက် မိုးကြီးတာတို့၊ နေရာကွက် မိုးကြီး တာတို့ ဖြစ်နိုင်ပါတယ်။ များသောအားဖြင့် မုန်တိုင်းရဲ့ သဘောသဘာဝကိုက ကုန်းထဲဝင်သွားပြီဆိုရင် အားပျော့သွားတဲ့ အနေအထား ရှိတာပေါ့နော်။ အခုက ဗီယက်နမ် ဖြတ်လာမှာ၊ ဗီယက်နမ်ရော ကမ္ဘောဒီးယားရော၊ ထိုင်းရော။ အဲ့ဒါကြောင့် ကျွန်တော်တို့ဆီမှာ နေရာကွက် မိုးကြီးတာအပြင် တစ်ခါတစ်ရံ လေမုန်တိုင်းအဖြစ် ထလာရင် လေနဲ့လေကြောင်းကြောင့် တချို့ဒေသတွေမှာ လေပြင်းတိုက်တာတွေ ဖြစ်နိုင်တယ်” ဟု ညွှန်ကြားရေး မှူးချုပ် ဦးကျော်မိုးဦးက ပြောသည်။

ထိုကာလအတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ၂၄ နာရီအတွင်း မိုးရေချိန် ၃ လက်မ (၇၇ မီလီမီတာ) နှင့်အထက်၊ နေပြည်တော်နှင့် မကွေးတိုင်းဒေသကြီးတို့တွင် ၂၄ နာရီအတွင်း မိုးရေချိန် ၁ ဒသမ ၅ လက်မ (၃၈ မီလီမီတာ) နှင့်အထက် ရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

“မြစ်ငယ်၊ ချောင်းငယ်ဘေးမှာနေတဲ့ ပြည်သူတွေအနေနဲ့ နေရာအလိုက် မိုးကြီးတာတို့၊ ဒေသအလိုက် မိုးကြီးတာတို့ဆိုရင် ရေကြီးရေလျှံမှုတွေ ဖြစ်လာနိုင်ပါတယ်။ အဲဒီအတွက်ကြောင့်မို့လို့ ဒီရေကြီးရေလျှံမှု ဖြစ်နိုင်တဲ့ အခြေအနေကို ကြိုတင်သတိပြုဖို့ လိုပါတယ်။ နောက်တစ်ခုက နေရာကွက် မိုးကြီးမှုဖြစ်စဉ် နှစ်ရက်၊ သုံးရက် ဆက်လာပြီဆိုရင်တော့ အခုနောက်ပိုင်းမှာ တွေ့ရတဲ့ မြေပြိုမှု ဘေးအန္တရာယ်ပေါ့နော်၊ ဒီဟာမျိုးတွေ သတိပြုဖို့ လိုပါတယ်။ မိုးထစ်ချုန်းရွာနိုင်တဲ့အတွက် လျှပ်စီးလက်၊ မိုးကြိုးပစ်တဲ့ ဖြစ်စဉ်မျိုးတွေလည်း ရှိနိုင်ပါတယ်။ နောက်တစ်ခုက လေပြင်းတိုက်တဲ့ ဖြစ်စဉ်တွေလည်း ရှိနိုင်ပါတယ်” ဟု ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ဆိုသည်။

အပူပိုင်းမုန်တိုင်း နိုကို ယမန်နေ့ကအချိန်ထိ တိုင်ဖွန်းမုန်တိုင်းခန့်အထိ ခန့်မှန်းထားသော်လည်း ယနေ့တွင် အားလျော့သွားသည့် အဆင့်ရှိကြောင်း သိရသည်။

ယမန်နေ့က ၎င်းမုန်တိုင်း၏ လမ်းကြောင်းသည် မြန်မာနိုင်ငံအလယ်ပိုင်းအထိသို့ ရောက်ရှိနိုင်ခဲ့သော်လည်း ယနေ့တွင်မူ ထိုင်းနိုင်ငံ၌ပင် အားလျော့သွားသည့် အနေအထားတွေ့ရသည့်တိုင် အပူပိုင်းမုန်တိုင်း နိုသည် နေ့စဉ် နှင့်အမျှ အင်အား အတက်အကျရှိကြောင်း ဦးကျော်မိုးဦးက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required