မြန်မာသို့ ပြန်သွားသော ကလေးငယ်တွင် COVID-19 ပိုးတွေ့၍ ထိုင်းတွင် ထိတွေ့ခဲ့သူများကို ခြေရာခံစုံစမ်းနေ

မြန်မာသို့ ပြန်သွားသော ကလေးငယ်တွင် COVID-19 ပိုးတွေ့၍ ထိုင်းတွင် ထိတွေ့ခဲ့သူများကို ခြေရာခံစုံစမ်းနေ
Photo Creadit - A man sits on trishaw in front of the Thailand-Myanmar border gate at Myanmar side of Myawaddy town, Karen State, eastern Myanmar. Photo: Lynn Bo Bo/EPA

စက်တင်ဘာ ၁၇၊ ၂၀၂၀

ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်သွားသည့် ကလေးငယ်သည် COVID-19 ရောဂါ ကူးစက်ခံရကြောင်း သိရသဖြင့် ထိုင်းကျန်းမာရေး တာဝန်ရှိသူများက မြန်မာသားအမိ သွားလာလှုပ်ရှားခဲ့သည့် နေရာများကို လိုက်လံခြေရာခံ လျက်ရှိသည်။

ရောဂါ ထိန်းချုပ်ရေးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ  ဆူဝန်နာချိုင်း ဝပ်တာနာယင်ချာရိုအင်ချိုင်းက မြန်မာသားအမိနှင့် ထိတွေ့သူများကို ခြေရာခံစုံစမ်းနေကြောင်း ဘန်ကောက်ပို့စ် သတင်းစာသို့ စက်တင်ဘာလ ၁၆ ရက်နေ့က ပြောသည်။

အသက် ၂ နှစ်အရွယ် ယောကျ်ားလေးသည် မိခင်နှင့်အတူ တာ့ခ်ခရိုင်၊ မဲဆောက်မှ စက်တင်ဘာလ ၄ ရက်နေ့တွင် ထွက်ခွာသွားခဲ့ပြီး စက်တင်ဘာလ ၁၃ ရက်နေ့တွင် COVID-19 ရောဂါပိုး တွေ့ရှိရသည်ဟု မြန်မာတာဝန် ရှိသူများက အတည်ပြုထားသည်။

မဲဆောက်-မြဝတီ လူဝင်မှုကြီးကြပ်ရေးဂိတ်တွင် အချက်အလက်များ စစ်ဆေးကြည့်သောအခါ မြန်မာမိခင်နှင့် ကလေးငယ်သည် တရားဝင် နယ်စပ်ဂိတ်မှ ဖြတ်သန်းသွားခြင်း မရှိကြောင်းတွေ့ရပြီး ထိန်းချုပ်မှုမရှိသည့် လမ်း ကြောင်းများမှ ဖြတ်သန်းသွားခဲ့ပုံရကြောင်း ဒေါက်တာ ဆူဝန်နာချိုင်းက ပြောသည်။

မဲဆောက်ရှိ ထိုင်းနိုင်ငံသားနှင့် နိုင်ငံခြားသား ၂၆၃၅ ဦးတို့ကို စက်တင်ဘာလ ၈ ရက်နှင့် ၉ ရက်တို့က ဆေးစစ်နမူနာယူခဲ့ရာ ကူးစက်မှု မတွေ့ရကြောင်း၊ ခြေရာခံစုံစမ်းမှုများ လုပ်ဆောင်ပြီးလျှင် မြန်မာသားအမိနှင့် ထိတွေ့မှု ရှိခဲ့သူများကို ထပ်မံစစ်ဆေးဦးမည်ဟုလည်း သူက ပြောသည်။

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုမြင့်တက်နေသည့်အတွက် မြန်မာနိုင်ငံနှင့် နယ်နိမိတ် ထိစပ်နေသည့် ပြည်နယ် ၁၀ ခုတွင် ရွှေ့ပြောင်းလုပ်သားများ တရားမဝင် ဝင်ရောက်မှုကို တင်းကျပ်ပေးရန် ထိုင်းပြည်ထဲရေး ဝန်ကြီးဌာနကို တောင်းဆိုထားကြောင်း ရောဂါထိန်းချုပ်ရေးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် တာနာရတ် ပါလီပတ်က ပြောသည်။

မြန်မာရွှေ့ပြောင်းလုပ်သားများ နေထိုင်သည့် နေရာများတွင်လည်း အသက်ရှူလမ်းကြောင်းဆိုင်ရာနှင့် အဆုတ်ရောဂါဆိုင်ရာ ခံစားရမှုများ ရှိ၊ မရှိကို စောင့်ကြည့်ထားရန်လည်း ပြောထားသည်ဟု သူက ပြောသည်။

မြန်မာနိုင်ငံတွင် စက်တင်ဘာလ ၁၇ ရက် နံနက် ၈ နာရီအထိ COVID-19 အတည်ပြုလူနာ ၃၈၉၄ ဦး၊ သေဆုံးသူ စုစုပေါင်း ၄၆ ဦး ရှိနေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required