အိန္ဒိယမှာ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်သူ ၅ သန်းကျော်အထိ မြင့်တက်

အိန္ဒိယမှာ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်သူ ၅ သန်းကျော်အထိ မြင့်တက်

စက်တင်ဘာ ၁၇

အိန္ဒိယနိုင်ငံမှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအရေအတွက်ဟာ စက်တင်ဘာ ၁၆ ရက်မှာ ငါးသန်းကျော်အထိ မြင့်တက်ခဲ့ပြီ ဖြစ်ပါတယ်။

လူဦးရေ ၁ ဒသမ ၃ ဘီလီယံရှိတဲ့ အိန္ဒိယနိုင်ငံမှာဆိုရင် ပြီးခဲ့တဲ့ သီတင်းပတ်တွေထဲမှာလည်း တစ်နေ့တာ ဗိုင်းရပ်စ် ကူးစက်သူတွေ့ရှိမှုနှုန်းတွေဟာ ကမ္ဘာ့အမြင့်ဆုံးအဖြစ် မြင်တွေ့ထားခဲ့ရပါတယ်။

အိန္ဒိယမှာ ခုလို ဗိုင်းရပ်စ် ကူးစက်သူတွေ တစ်ဟုန်ထိုးမြင့်တက်တာက မလွဲမရှောင်သာဖြစ်တယ်ဆိုပေမယ့် ယင်းနိုင်ငံအနေနဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူအရေအတွက်ပိုင်းမှာ အမေရိကန်ကို ကျော်တက်သွားဖို့တောင် သေချာနေပြီလို့ ပညာရှင်တစ်ဦးက သတိပေးသွားခဲ့ပါတယ်။

လက်ရှိအချိန်မှာ ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအရေအတွက်ဟာ သန်း ၃၀ နား ကပ်လာနေသလို ဗိုင်းရပ်စ်ကြောင့် ကမ္ဘာတဝန်း လူပေါင်း ၉၃၅,၀၀၀ ကျော် သေဆုံးခဲ့ပြီဖြစ်ပါတယ်။  

ဒါ့အပြင် ဒီကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကမ္ဘာ့စီးပွားရေးဆိုင်ရာ ထိခိုက်မှုတွေ ရှိနေခဲ့ပြီး နိုင်ငံတွေအနေနဲ့ ဒီ ဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုတွေကို ထိန်းချုပ်နိုင်ဖို့ အပြင်းအထန် ကြိုးပမ်းနေကြရပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုက အိန္ဒိယလိုမျိုး လူဦးရေထူထပ်တဲ့ ကမ္ဘာ့နိုင်ငံတချို့မှာ အရှိန်မြင့်တက်ခဲ့ပါတယ်။

ကမ္ဘာ့အတင်းကျပ်ဆုံး လော့ခ်ဒေါင်းတစ်ခုကို မကြာသေးခင်က ဖြေလျှော့မှုတွေ လုပ်ထားခဲ့တဲ့ အိန္ဒိယမှာ ဗိုင်းရပ်စ် ကူးစက်ခံရသူအရေအတွက်စုစုပေါင်းဟာ အတော်လေးကို မြင့်တက်သွားနိုင်တယ်ဆိုပြီး ပညာရှင်တချို့က သတိပေးထားပါတယ်။

“အိန္ဒိယမှာ ခုချိန်မှာ လူတွေဟာ အကြောက်တရားတွေ မရှိတော့တာ ဒါမှမဟုတ် သတိကြီးကြီးနဲ့ နေရတာကို ငြီးငွေ့လွန်းတာတွေ ဖြစ်နေပါတယ်၊ သူတို့ဟာ အပြင်ကို ထွက်ချင်ပြီး လက်တလော ဝင်ငွေတစ်ခု ရချင်နေကြပါပြီ” လို့ နယူးဒေလီ အခြေစိုက် လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဂျာယန့် ဆူရာနာက ပြောသွားပါတယ်။

“ခုချိန်မှာတော့ အရာအားလုံးဟာ ဘုရားရဲ့ အလိုအတိုင်းသာ ဖြစ်ပါတော့မယ်” လို့ ၎င်းက ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly