ပြည်နယ်နှင့် တိုင်းဒေသကြီး ၅ ခုမှ ကျန်းမာရေးဝန်ထမ်းများ ရန်ကုန်သို့ လာရောက်အင်အား ဖြည့်တင်း

ပြည်နယ်နှင့် တိုင်းဒေသကြီး ၅ ခုမှ ကျန်းမာရေးဝန်ထမ်းများ ရန်ကုန်သို့ လာရောက်အင်အား ဖြည့်တင်း
ဓာတ်ပုံ - စောသန်းထိုက်ဦး

စက်တင်ဘာ ၁၅

ကိုဗစ်ပိုးတွေ့လူနာအများဆုံးတွေ့ရှိနေရသည့် ရန်ကုန်မြို့တွင် ကုသရေး အင်အားဖြည့်တင်းရန် ပြည်နယ်နှင့်တိုင်းဒေသကြီး ငါးခုမှ ကျန်းမာရေးဝန်ထမ်းများ စက်တင်ဘာလ ၁၅ ရက်နေ့တွင် ရောက်ရှိလာပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး COVID-19 ကာကွယ်ထိန်းချုပ်ကုသရေး အတွက် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ ဒုတိယဥက္ကဋ္ဌ-၂ ပါမောက္ခဒေါက်တာဇော်ဝေစိုးက မဇ္ဈိမကို ပြောသည်။

“အခုဆိုရင် ဖောင်ကြီးမှာ လူနာ ရှစ်ရာလောက်ရှိတယ်၊ ရိုးမမှာ သုံးရာကျော်ရှိတယ်၊ လှိုင်မှာဆိုရင်လည်း ဒီနေ့ပေါင်းရင် သုံးရာကျော်လောက်ရှိတယ်၊ နောက်ဝေဘာဂီမှာ ခုနစ်ဆယ်ရှိတယ်။ တောင်ဥက္ကလာမှာ ခုနစ်ဆယ်ရှိ  တယ်။ အဲ့ဒီလူတွေကို ပြုစုကုသဖို့ အင်အားတွေ ထပ်ဖြည့်တာ။ ဒီနေ့ဆို တောက်လျှောက်လုပ်နေရတာပေါ့။ အဲ့ဒါကို အခုဆိုရင် နည်းနည်းနားခွင့်ရနိုင်တာပေါ့” ဟု ၎င်းက ပြောသည်။

နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့မှ ဆေးရုံအုပ်ကြီးများ၊ ဆရာဝန်သူနာပြုများ၊ ကုသမှုအထောက်အကူပြု ပညာရှင်များစုစုပေါင်း အင်အား တစ်ရာခန့် ရန်ကုန်သို့ ရောက်ရှိလာပြီး ဆေးနှင့် ဆေးပစ္စည်းများကိုပါ ထပ်မံပံ့ပိုးပေးနိုင်ရေးကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန နေပြည်တော်ရုံးချုပ်မှ ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာလှ၊ ရောဂါနှိမ်နင်းရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန္တာလွင်၊ ညွှန် ကြားရေးမှူး ဒေါက်တာစည်သူအောင်တို့ဦးဆောင်သည့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လျင်မြန်စွာတုံ့ပြန်ဆောင်ရွက်ရေး ကွင်းဆင်းအဖွဲ့ (၃) ဖွဲ့ ကို ဖွဲ့စည်း၍ ရန်ကုန်တိုင်းဒေသကြီး အတွင်း ကိုဗစ် - ၁၉ ကုသ၊ ကာကွယ်ရေးလုပ်ငန်းများအတွက် အင်အားဖြည့်တင်းရန် စေလွှတ်ထားကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ပါမောက္ခဒေါက်တာဇော်ဝေစိုးက “လူနာအရေအတွက်များတော့ ကုသမှုတွေက အများကြီးပိုလိုတာပေါ့။ ဒီကလူတွေပဲ ပင်ပန်းဆင်းရဲလို့ မရဘူး။ ဆရာဝန်တွေက ပင်ပန်းပြီးတော့ သိပ်ပြီးတော့ အိပ်ရေးဘာညာပျက်လို့မရဘူး။ ဒါ့ကြောင့် သေချာစဉ်းစားဆုံးဖြတ်ပြီး လာရတာဆိုတော့ အခုလိုအကူအညီတွေနဲ့ ပိုပြီးအဆင်ပြေတာပေါ့”ဟု ပြောသည်။

စက်တင်ဘာလ ၁၅ ရက်နေ့နေ့လည်အထိ မြန်မာနိုင်ငံတွင် ကိုဗစ်ပိုးတွေ့လူနာစုစုပေါင်း ၃၂၉၉ ဦးရှိနေပြီး ဦးမှာ ရန်ကုန်တိုင်းဒေသကြီးမှ ၂ဝ၅၉ ဦးရှိနေသည်။ သေဆုံးဦးရေမှာလည်း ၃၂ ဦးရှိနေပြီဖြစ်သည်။

အင်အားဖြည့်တင်းရန်ရောက်ရှိလာသည့် အထက်ပါ ကျန်းမာရေးဝန်ထမ်းများအား  COVID-19 ကုသရေးဌာန (လှိုင်)၊ COVID-19 ကုသရေးဌာန (သုဝဏ္ဏ) နှင့် COVID-19 ကုသရေးဌာန (ဒဂုံဆိပ်ကမ်း) များ၌ အင်အားဖြည့် တင်းသွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန က ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required