ရှင်ကျန်းဒေသထွက် တရုတ်ထုတ်ကုန်များ ပိတ်ပင်မည်ဟု အမေရိကန် ကြေညာ

ရှင်ကျန်းဒေသထွက် တရုတ်ထုတ်ကုန်များ ပိတ်ပင်မည်ဟု အမေရိကန် ကြေညာ

စက်တင်ဘာ ၁၅

တရုတ်နိုင်ငံ ရှင်ကျန်းဒေသတွင် အတင်းအကျပ်လုပ်သား ခိုင်းစေမှုဖြင့် ထုတ်လုပ်ထားသည့် ထုတ်ကုန်များကို ပိတ်ပင်သွားမည်ဖြစ်ကြောင်း အမေရိကန်က စက်တင်ဘာ ၁၄ ရက်တွင် ကြေညာလိုက်သည်။

ဝီဂါ မွတ်ဆလင်လူနည်းစုအတွက် ထိန်းသိမ်းရေးအကျဉ်းစခန်းတစ်ခုအဖြစ် နာမည်ဆိုးတပ်ထားသည့် အသက်မွေးမှုစင်တာတစ်ခုမှ ထုတ်လုပ်သည့် ထုတ်ကုန်များအပါအဝင် တရုတ်ထုတ်ကုန်များကို အမေရိကန်က ပိတ်ပင်ရန် စီစဉ်ခြင်း ဖြစ်သည်။

“တရုတ်အစိုးရဟာ ဝီဂါတွေနဲ့ အခြားလူနည်းစုတွေအပေါ် စနစ်တကျ နှိပ်စက်ညှင်းပန်းမှုတွေမှာ ပါဝင်ပတ်သက်နေတယ်” ဟု အမေရိကန် အကောက်ခွန်နှင့် နယ်စပ် ကာကွယ်ရေး အေဂျင်စီမှ ခေတ္တ ကော်မရှင်နာ Mark Morgan က ပြောသည်။

“အတင်းအကျပ် အလုပ်ခိုင်းစေမှု ဆိုတာ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတစ်ခုပါ” ဟု ၎င်းက ပြောသည်။

ပိတ်ပင်သွားမည့် ပစ္စည်းများထဲတွင် ချည်ထည်၊ အထည်အလိပ်၊ ဆံပင် ထုတ်ကုန်များ၊ ရှင်ကျန်းဒေသနှင့် အန်ဟွေဒေသရှိ ကုန်ထုတ်လုပ်ငန်းငါးခုမှ အီလက်ထရောနစ်ပစ္စည်းများ ပါဝင်နေသည်။

ထို့ပြင် ပိတ်ပင်ချက်ထဲတွင် ရှင်ကျန်းဒေသရှိ Lop County No.4 သက်မွေးမှု ကျွမ်းကျင်ပညာ လေ့ကျင့်သင်ကြားရေး စင်တာနှင့် ဆက်နွယ်ပတ်သက်နေသည့် ထုတ်ကုန်အားလုံးလည်း ပါဝင်နေသည်။ အဆိုပါ စင်တာသည် အတင်းအကျပ် ခိုင်းစေမှု စင်တာတစ်ခုဖြစ်ကြောင်း အမေရိကန်ပြည်တွင်းလုံခြုံရေး ဌာန ခေတ္တဒုဝန်ကြီး Ken Cuccinelli က ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly