ကစားသမား ၅ ဦးထိ အထုတ်ခံခဲ့ရတဲ့ မာဆေးလ်-ပီအက်စ်ဂျီ ရန်ပွဲမှာ လူမျိုးရေးခွဲခြားခံခဲ့ရတယ်လို့ ဒေါသထွက်နေတဲ့ နေမာ စွပ်စွဲ

ကစားသမား ၅ ဦးထိ အထုတ်ခံခဲ့ရတဲ့ မာဆေးလ်-ပီအက်စ်ဂျီ ရန်ပွဲမှာ လူမျိုးရေးခွဲခြားခံခဲ့ရတယ်လို့ ဒေါသထွက်နေတဲ့ နေမာ စွပ်စွဲ
Photos: EPA

တနင်္ဂနွေနေက လီဂူ-၁ ချန်ပီယံ ပီအက်စ်ဂျီကို ၁-၀ ဂိုးနဲ့ မာဆေးလ်အသင်း အနိုင်ရတဲ့ပွဲပြီးခါနီးမှာ နှစ်ဖက်အသင်းကြား အကြီးအကျယ် ရန်ပွဲကြောင့် ကစားသမား ၅ ဦးထုတ်ပယ်တဲ့အထဲ ပါဝင်ခဲ့တဲ့ နေမာက သူဟာ လူမျိုးရေးခွဲခြားခံခဲ့ရတယ်လို့ စွပ်စွဲသွားခဲ့ပါတယ်။ 

နေမာဟာ နာကျင်အချိန်ပိုမှာ အယ်လ်ဗာရို ဂွန်ဇာလက်ဇ်ရဲ့ နောက်ပိုးအုပ်ကို ရိုက်လိုက်တဲ့အတွက် ထုတ်ပယ်ခဲ့ရတာဖြစ်ပြီး မာဆေးလ်နောက်ခံလူက သူ့ကို "မျောက်"လို့ ခေါ်ခဲ့တယ်လို့ ပီအက်စ်ဂျီရဲ့ ဘရာဇီးလ်ကြယ်ပွင့်က တွစ်တာမှာ ဒေါသတကြီး ဆက်တိုက် စွပ်စွဲရေးသားခဲ့ပါတယ်။ 

"လူမျိုးရေးခွဲခြားတာကို ကြည့်ရှုစစ်ဆေးပေးပါ။ ဒါ့ကြောင့် သူ့ကို ကျနော် ရိုက်ခဲ့တာပါ။"လို့ ကိုရိုနာဗိုင်းရပ်စ် ကွာရန်တင်းကနေ ပြန်လည်ရောက်ရှိခဲ့တဲ့ နေမာက ကွင်းထဲကထွက်ရင်း ပြောပါတယ်။ 

"ဒီငတုံးရဲ့ မျက်နှာကို ဆွဲမထိုးခဲ့မိတာက တစ်ခုတည်းသော နောင်တရခြင်းပါပဲ။"လို့ ကမ္ဘာ့တန်ဖိုးအကြီးဆုံးကစားသမားက နောက်ပိုင်းမှာ တွစ်တာမှာ ရေးသားသွားခဲ့ပါတယ်။

VAR နဲ့ ကြည့်ရှုအပြီးမှာ နေမာဟာ အနီကတ်နဲ့ ထုတ်ပယ်ခံရသလို အသင်းဖော်တွေဖြစ်တဲ့ ကာဇာဝါနဲ့ ပါရီဒက်စ်တို့ဟာလည်း ထုတ်ပယ်ခံခဲ့ရပါတယ်။ မာဆေးလ်ဘက်က တိုက်စစ်မှူး ဘန်နက်တိုနဲ့ နောက်ခံလူ အာမာဗီတို့လည်း အနီကတ်နဲ့ ထုတ်ပယ်ခဲ့ပါတယ်။ 

"ကျနော့်ရဲ့ ကျူးလွန်မှုကို VAR က ရှင်းရှင်းကြီး မြင်လိုက်မှာပါ။ ကျနော့်ကို ေ-ွးမသား မျောက်ကောင်လို့ အသားအရောင်ခွဲခြားပြီး ခေါ်ခဲ့သူရဲ့ ပုံရိပ်တွေကို အခု သူတို့ကို မြင်စေချင်ပါတယ်။ ဒါကို ကျနော် တကယ် သဘောကျပါတယ်။"လို့ နေမာက နောက်ပိုင်း ရေးသားခဲ့ပါတယ်။ 

မာဆေးလ်ဟာ သူတို့ရဲ့ ခါးသီးပြိုင်ဘက် ပီအက်စ်ဂျီအသင်းကို ၂၀၁၁ ခုနှစ် နိုဝင်ဘာလနောက်ပိုင်း နိုင်ပွဲပြန်လည်ရရှိခဲ့တာဖြစ်ပေမယ့် ပရက်ဒက်စ်ပရင့်စ်ကွင်းမှာ ပွဲဟာ အရုပ်ဆိုးအကျည်းတန်ခဲ့ပါတယ်။

နေမာက "သူဟာ လူမျိုးရေး ခွဲခြားခံရတယ်လို့ ကျနော့်ကို ပြောပါတယ်။ ဒါပေမယ့် ကွင်းထဲမှာ ဘာအကြောင်းအရာမှ မကြားသိခဲ့ရဘူး။"လို့ ပီအက်စ်ဂျီနည်းပြ တူဟယ်လ်က ပြောပါတယ်။ 

မာဆေးလ်အသင်းနည်းပြ ဘိုအက်ရှ်က "ဘောလုံးမှာ လူမျိုးရေးခွဲမှုတွေအတွက် နေရာမရှိပါဘူး။ ဒါပေမယ့် ဒီကိစ္စ တကယ်ဖြစ်ခဲ့တယ်လို့ ကျနော် မထင်ပါဘူး။ ကျနော်တို့ ဒါကို ကြည့်ရှုစစ်ဆေးသွားမှာပါ။"လို့ Telefoot ကို ပြောကြားခဲ့ပါတယ်။ 

ပီအက်စ်ဂျီအသင်းဟာ ဒီရာသီမှာ လီဂူး-၁ ၂ ပွဲကစား ၂ ပွဲရှုံးခဲ့ပြီး ၁၉၈၄-၈၅ ရာသီနောက်ပိုင်း အဆိုးရွားဆုံး မှတ်တမ်းကို ပိုင်ဆိုင်သွားခဲ့ပါတယ်။ 

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly