ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု တစ်ရက်အတွင်း ၃၀၇,၀၀၀ ဦးကျော်အထိ စံချိန်တင်မြင့်တက်

ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု တစ်ရက်အတွင်း ၃၀၇,၀၀၀ ဦးကျော်အထိ စံချိန်တင်မြင့်တက်

စက်တင်ဘာ ၁၄

ကမ္ဘာတစ်ဝန်း ပြီးခဲ့သည့် ၂၄ နာရီအတွင်း တစ်နေ့တာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုသည် စံချိန်တင်မြင့်တက်ခဲ့ပြီး တစ်ရက်တည်းအတွင်း ကူးစက်သူဦးရေ ၃၀၇,၉၃၀ ဦးအထိ ရှိခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က စက်တင်ဘာ ၁၃ ရက်တွင် ထုတ်ပြန်သည်။

တစ်နေ့တာအတွင်း ကူးစက်မှုနှုန်း အများဆုံး ဖြစ်ခဲ့သည့် နိုင်ငံများသည် အိန္ဒိယ၊ အမေရိကန်နှင့် ဘရာဇီးတို့ ဖြစ်ကြောင်း WHO ၏ ဝက်ဘ်ဆိုဒ်တွင် ဖော်ပြသည်။

တစ်ချိန်တည်းမှာပင် ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၅,၅၃၇ ဦးထပ်တိုးခဲ့၍ ယခုအခါ သေဆုံးသူစုစုပေါင်းသည် ၉၁၇,၄၁၇ ဦး ရှိနေပြီဖြစ်သည်။

အိန္ဒိယတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ဗိုင်းရပ်စ် ကူးစက်သူသစ် ၉၄,၃၇၂ ဦး ရှိခဲ့ပြီး အမေရိကန်တွင် ကူးစက်သူသစ် ၄၅,၅၂၃ ဦးနှင့် ဘရာဇီးတွင် ၄၃,၇၁၈ ဦး ရှိခဲ့သည်။

ထို့ပြင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း အမေရိကန်နှင့် အိန္ဒိယတို့တွင် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူသစ် ၁,၀၀၀ ကျော်စီ ရှိခဲ့ပြီး ဘရာဇီးတွင် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၈၇၄ ဦး ထပ်တိုးခဲ့သည်။

ကမ္ဘာတစ်ဝန်း တစ်နေ့တာအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူသစ် တွေ့ရှိမှု အများဆုံးအဖြစ် WHO က မှတ်တမ်းတင်ခဲ့သည့် ယခင်စံချိန်သည် ပြီးခဲ့သည့် စက်တင်ဘာ ၆ ရက်က ၃၀၆,၈၅၇ ဦး ဖြစ်သည်။

အိန္ဒိယသည် ယခုအခါ တစ်နေ့တာအလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူသစ်တွေ့ရှိမှု ကမ္ဘာ့အများဆုံးအဖြစ် ဦးဆောင်နေပြီး ပြီးခဲ့သည့်အပတ်ကလည်း တစ်နေ့တည်းအတွင်း ကူးစက်သူသစ် ၉၇,၅၇၀ အထိ တွေ့ရှိပြီး ကမ္ဘာ့စံချိန်တင်အများဆုံးအဖြစ် မှတ်တမ်းတင်ထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required