မင်းကင်းမြို့နယ်တွင် မဲမသမာမှုများ အများအပြားရှိဟု NLD ကိုယ်စားလှယ်ပြော

မင်းကင်းမြို့နယ်တွင် မဲမသမာမှုများ အများအပြားရှိဟု NLD ကိုယ်စားလှယ်ပြော

စစ်ကိုင်းတိုင်း ဒေသကြီး မင်းကင်းမြို့နယ်တွင် ရွေးကောက်ပွဲ မဲမသမာမှု အများအပြား ရှိခဲ့ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ် ဒေါ်ခင်မွှေးလွင်က ပြောသည်။

မင်းကင်း မြို့နယ်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲ ရှုံးခဲ့ကာ ပြည်သူ့လွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် အမှတ် ၂ တွင် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

"မဲဆွယ် စည်းရုံးစဉ်ကာလ ကတည်းက ဥပဒေမဲ့ စည်းရုံးမှုတွေ ရှိခဲ့တယ်။ ဒါပေမဲ့ အဲ့တုန်းက မှတ်တမ်း အနေနဲ့ပဲ ယူထားခဲ့တယ်။ ရွေးကောက်ပွဲ နေ့မှာလည်း မဲမသမာမှုတွေ၊ တရားမဲ့မှုတွေ အချက် ၃၀ ခန့်ကို ကော်မရှင်ထံ တိုင်ကြားထားပါတယ်။ အရေးယူတာတော့ မရှိသေးဘူး"ဟု မင်းကင်းမြို့နယ်  အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်မွှေးလွင်က ပြောသည်။

 ကျင်းပပြီးစီးခဲ့သည့်ရွေးကောက်ပွဲကြီးတွင် မင်းကင်းမဲ ဆန္ဒနယ်တွင် မဲမသမာမှုများအား သက်ဆိုင်ရာ မင်းကင်းမြို့နယ် ကော်မရှင်ရုံးသို့ တိုင်ကြားမှုများ ရှိခဲ့သော်လည်း တစ်စုံတစ်ရာ အရေးယူ ဆောင်ရွက်မှု မရှိသေးဟုလည်း သူကဆိုသည်။

အဆိုပါ မင်းကင်းမြို့နယ်သည် ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရရှိခဲ့သည် မဲဆန္ဒနယ် တစ်ခုဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required