နာတာရှည်ရောဂါ အခံရှိသူများ အပြင်မထွက်ရန် ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရသူက ဆို

နာတာရှည်ရောဂါ အခံရှိသူများ အပြင်မထွက်ရန် ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရသူက ဆို
Photo - AFP

စက်တင်ဘာ ၁၃

ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ အစရှိသည့် နာတာရှည်ရောဂါ အခံရှိသူများ အပြင်မထွက်စေလိုကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ သန်းနိုင်စိုးက ပြောသည်။

“ဆီးချိုကတော့ ဟုတ်တယ်၊ ကျွန်တော်တို့ကတော့ အပြင်မထွက်စေချင်ဘူး။ ဆီးချိုရယ်မှ မဟုတ်ဘူး။ ဆီးချိုရော၊ သွေးတိုးရော၊ နှလုံးရော၊ ကျောက်ကပ်ရော၊ အသည်းရောပေါ့နော်။ နောက်ပြီးတော့ သွေးလေးဖက်နာ ရောဂါပေါ့နော်။ အဲဒီလိုမျိုး နာတာရှည်ရောဂါ ရှိတဲ့သူတွေ။ သူတို့ကျတော့ ဘာဖြစ်လဲဆိုတော့ ဆီးချိုလို ရောဂါအခံရှိတဲ့သူတွေဆိုရင် သူတို့ကျတော့ ခန္ဓာကိုယ်ရဲ့ခုခံအားနဲ့ တစ်ဖက်က ဗိုင်းရပ်စ်နဲ့ တိုက်ခိုက်တဲ့ အခါကျတော့ ခန္ဓာကိုယ်ထဲမှာ ရောင်ရမ်းမှုတွေ ဖြစ်တယ်ပေါ့နော်။ အဲဒီလို ရောင်ရမ်းမှုတွေ ဖြစ်တဲ့အခါကျတော့ ဆီးချိုရဲ့သဘာဝကလည်း ခန္ဓာကိုယ်ထဲမှာ နဂိုကတည်းက ရောင်ရမ်းမှုတွေ ဖြစ်စေတယ်။ ပိုးတစ်ခုခုဝင်ရင် အချိုဓာတ်တွေက သွေးထဲမှာ ရှိနေတဲ့အခါကျတော့ အလွယ်တကူ သွားလို့ရတယ်။ နောက် ဆီးချိုသမားရဲ့ ခန္ဓာကိုယ်ထဲမှာလည်း နှလုံးသွေးကြောပိတ်ဖို့ အခွင့်အလမ်းများတယ်။ သွေးတိုးဖြစ်ဖို့အတွက်လည်း အခွင့်အလမ်း များတယ်ပေါ့နော်” ဟု ဒေါက်တာ သန်းနိုင်စိုးက မဇ္ဈိမသို့ ပြောသည်။

ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါတို့သည် ပတ်သက် ဆက်နွယ်နေသည့်အတွက် ဗိုင်းရ်စ်၏အရှိန်ဖြင့် ရောင်ရမ်းမှုများ ဖြစ်လာပါက ဆီးချိုသမားများသည် ခန္ဓာကိုယ်ထဲတွင် ပိုပြီး ပြင်းထန်စွာ ခံစားနိုင်ကြောင်း၊ နာတာရှည် ရောဂါအခံရှိသူများထဲတွင် ဆီးချိုရောဂါ အခံရှိသူများအတွက် ကိုဗစ်-၁၉ ရောဂါသည် အလွန် အန္တရာယ်များကြောင်း ၎င်းက ဆိုသည်။

“အဓိကကတော့ ဆီးချိုသမားတွေက ဒီခန္ဓာကိုယ်ရဲ့ ရောင်ရမ်းမှုအခံနဲ့ နှလုံးရောဂါ ဖြစ်ဖို့များနေတဲ့ အခြေအနေနဲ့ တစ်ဖက်က ဗိုင်းရပ်စ်ကလည်း ဒီအသက်ရှူလမ်းကြောင်းက ထိခိုက်ပြီး သွေးကြောစနစ်ကိုလည်း ထိခိုက်  တယ်။ နှလုံးလိုဟာမျိုးကိုလည်း ထိခိုက်တယ်ပေါ့နော်။ အဲဒီခါကျတော့ ဘာပဲပြောပြော အန္တရာယ် တော်တော် များတယ်ပေါ့နော်။ ဆီးချိုသမားတွေအတွက်ကတော့ တတ်နိုင်သရွေ့ကတော့ မိမိအိမ်မှာပဲနေဖို့၊ အပြင်ထွက်ရင် လည်း အပြည့်အဝ အကာအကွယ်ယူဖို့ပေါ့နော်။ ဒါတွေက အထူးလိုအပ်ပါမယ်” ဟု ဒေါက်တာ သန်းနိုင်စိုးက ပြောသည်။

မြန်မာနိုင်ငံတွင် သြဂုတ်လ ၁၆ ရက်မှ စတင်ကာ ပြည်တွင်းကူးစက်မှုနှုန်း ပြန်လည်မြင့်မားခဲ့ပြီး စက်တင်ဘာလ ၁၃ ရက် နံနက်ပိုင်းအထိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ COVID-19 အတည်ပြု လူနာ စုစုပေါင်း ၂၇၉၆ ဦးအထိ ရှိပြီဖြစ်ကာ သေဆုံးသူ ၁၆ ဦး ရှိပြီဖြစ်သည်။

သေဆုံးသူများထဲတွင် အများစုသည် ဆီးချို၊ သွေးတိုးနှင့် အခြားရောဂါ အခံရှိသူများဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ချမှတ်ထားသည့် စည်းကမ်းများအား သေချာလိုက်နာမည်ဆိုပါက နှစ်ပတ်၊ သုံးပတ်အတွင်း ရောဂါကူးစက်မှုနှုန်း ပြန်လည်ကျသွားမည်ဟု ခန့်မှန်းထား ကြောင်းလည်း ဒေါက်တာ သန်းနိုင်စိုးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required