ဝန်ထမ်း ၁ ဦး COVID-19 ကူးစက်ခံရ၍ ရန်ကုန်မြို့ရှိ FDA ရုံးကို ရက်အကန့်အသတ်မရှိ ပိတ်

ဝန်ထမ်း ၁ ဦး COVID-19 ကူးစက်ခံရ၍ ရန်ကုန်မြို့ရှိ FDA ရုံးကို ရက်အကန့်အသတ်မရှိ ပိတ်

စက်တင်ဘာ ၁၃

ရန်ကုန်မြို့ရှိ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ၏ ဌာနခွဲက ဝန်ထမ်းတစ်ဦး COVID-19 ကူးစက်ခံလိုက်ရခြင်းကြောင့် FDA ရန်ကုန်ရုံးကို ရက်အကန့်အသတ်မရှိ ခေတ္တပိတ်လိုက်ရကြောင်း သိရ သည်။

အဆိုပါဝန်ထမ်း COVID-19 အတည်ပြုလူနာ ဖြစ်ကြောင်း အဖြေထွက်သည်နှင့် စက်တင်ဘာလ ၁၁ ရက်နေ့မှ စတင်ကာ FDA ရန်ကုန်ရုံးကို ခေတ္တပိတ်ထားခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ဆီက ဝန်ထမ်းတစ်ယောက်ကနေ တဆင့်ပါ။ လူ တစ်ရာ ကျော်၊ လောလောဆယ် ဆက်စပ်သူတွေ အားလုံးကို ပိုးယူစစ်ဖို့ လုပ်နေတယ်။ အကုန် မယူရသေးဘူး” ဟု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာ ခင်ဇော်က မဇ္ဈိမကို ပြောသည်။

လတ်တလော ဝန်ထမ်းအားရုံး ကွာရန်တင်း ဝင်နေရပြီး ဆေးစစ်ချက်အဖြေ အားလုံးထွက်မှ ရုံးပြန်ဖွင့်မည့်ရက်ကို ပြော၍ရမည်ဟုလည်း ၎င်းကဆိုသည်။

“ဒါကရုံးခွဲတစ်ခုပဲ၊ ရုံးခွဲတစ်ခုရဲ့ လုပ်ငန်းဆောင်တာတွေ ပျက်တာနဲ့ ရုံးချုပ်ကြီးတစ်ခုလုံးက ဘာမှပြဿနာ မရှိပါဘူး။ ကျွန်တော်တို့ရုံးချုပ်က အားလုံးလက်ခံပြီး ဆောင်ရွက်နေပါတယ် ” ဟုလည်း ပါမောက္ခ ဒေါက်တာ ခင်ဇော်က ပြောသည်။

အဆိုပါ COVID-19 ကူးစက်ခံရသူ အခြေအနေနှင့် မည်ကဲ့သို့ ကူးစက်ခံရသည်ကို သိရှိနိုင်ရန် FDA ရန်ကုန်ရုံးမှ တာဝန်ရှိသူတစ်ဦးကို ဖုန်းဖြင့် ဆက်သွယ်သော်လည်း ပြန်လည် ဖြေကြားခြင်း မရှိသေးပေ။

FDA ရန်ကုန်ရုံး ပြန်လည် မဖွင့်လှစ်သေးခင် လုပ်ငန်းဆောင်တာများ လုပ်ဆောင်နိုင်ရန် အစားအသောက်ဌာနခွဲ ဖုန်းနံပါတ် ၀၉၇၇၆၈၂၄၀၈၂၊ ဆေးဝါးဌာန ဖုန်းနံပါတ် ၀၉၉၅၅၄၂၅၅၈၈ နှင့် ဆေးပစ္စည်း/အလှကုန်နှင့် လူသုံး ကုန်ဌာနခွဲ ဖုန်းနံပါတ် ၀၉ ၄၅၃၇၆၅၇၈၅ တို့ကို ဆက်သွယ်နိုင်ကြောင်း ထုတ်ပြန်ထားသည်။

စက်တင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းအထိ မြန်မာနိုင်ငံတွင် ကူးစက်လူနာ အ‌ရေအတွက် များလာသော်လည်း ခရီးသွားရာဇဝင် မရှိသည့်အပြင် အတည်ပြုလူနာတို့နှင့် ထိတွေ့ခြင်းမရှိဘဲ ဖြစ်ပွားသည့် ပမာဏမှာမူ နည်းလာ သည်ကိုတွေ့ရသည်။ သို့သော်လည်း စက်တင်ဘာလ ၁၂ ရက်နေ့ ဓာတ်ခွဲစစ်ဆေးချက်များအရ တစ်ရက်တည်း ပိုးတွေ့လူနာ နှစ်ရာ ကျော် တွေ့ရှိပြီးနောက် စုစုပေါင်း ကူးစက်ခံရသူဦးရေ ၂၇၉၆ ဦးအထိ ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required