ကိုဗစ်နဲ့ ထောင်ကျခြင်းအနုပညာ - ၁၃

သန့်ဇော်(သန်လျင်)

ထောင်ထဲက ရေးတဲ့စာ( အပိုင်း - ၇ )

ခုတလော ကိုဗစ်ရဲ့ပျံ့နှံ့မှုအခြေအနေက တစ်ဟုန်ထိုး မြင့်တက်လာတော့ ကျွန်တော်တို့ အရင် ကထက် ပိုပြီး သတိကြီးစွာထားရမယ့် အနေအထားပဲဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံကို ကာကွယ်ဆေးတွေ ရောက်မလာသေးခင် ကတော့ ရောဂါ မဖြစ်အောင် မကူးစက် အောင် အရေးမကြီးရင် ဘယ်မှမသွားဘို့နဲ့ မဖြစ်မနေ သွားလာရမယ်ဆိုခဲ့ရင်တောင် နှာခေါင်းစည်းကို သေချာတပ်ပြီး လူအချင်းချင်း ခပ်ခွာခွာနေကာ လက်ကို မကြာမကြာ ဆေးဖို့ကို မမေ့မလျော့ သတိထားလုပ်ဆောင်ရမှာ ပဲဖြစ်ပါတယ်။  

ဒီကာလတွေမှာတော့ ကျွန်တော်တို့ဟာ အိမ်မှာနေလေ ကောင်းလေဆိုတော့ အိမ်မှာ နေတဲ့အခါ အပျင်းပြေ စာဖတ်ရင်း အချိန်ကို အကျိုးရှိရှိ ကုန်ဆုံးအောင် အသုံးချရင် မကောင်းပေဘူးလား။ စာဆိုတာ စာအုပ်ထဲမှာသာ ဖတ်လို့ရတာမဟုတ်ဘဲ ကျွန်တော်တို့ လက်ထဲက လက်ကိုင်ဖုန်းကနေလည်း စာဖတ်လို့ရပါတယ်။ ပုံတွေချည်းပဲ မကြည့်ဘဲ စာလေးပါ ဖတ်စေချင်တာပါ။ ရွေးကောက်ပွဲကလည်း နီးနေပြီဆိုတော့ နေ့စဉ်အကြောင်း အရာ  တွေကို သေသေချာချာဖတ်ရင်း အမှားအမှန် သမိုင်းကြောင်းအမှန်တွေ သိနေဖို့ လိုပါတယ်။

ကျွန်တော်တို့ ပြည်သူတွေဟာ ကိုယ့်နိုင်ငံရဲ့ သမိုင်းကြောင်းကို သိနေဖို့တော့ လိုပါတယ်။ သမိုင်းကြောင်းကို လေ့လာပါမှ သိပါမှ လာမယ့်ရွေးကောက်ပွဲမှာ ဘယ်သူ့ကို မဲထည့်ရ မလဲဆိုတာ ကိုယ်တိုင် စဉ်းစားသုံးသပ်နိုင်မှာ ဖြစ်လို့ အသဲကြားက မဲတစ်ပြားဟာလည်း  ကိုယ့်နိုင်ငံအတွက် အကျိုးရှိမှာ ဖြစ်ပါတယ်။  

ထောင်ထဲက ရေးတဲ့စာကို ပြန်ဆက်ပါဦးမယ်

ဓာတ်ပုံ - သန့်ဇော်(သန်လျင်)

ကျွန်ုပ်သည် ဖြောင့်ချက်မပေးချင်၍ တမင်အချိန်ဆွဲနေလည်း မရပါ။ အတင်းအဓမ္မပင် ဖြောင့်ချက်ပေးခိုင်းပါသည်။ ကျွန်ုပ်၏ရှေ့မှ ညီညီဦးနှင့် မိုးကျော်သူတို့မှာ ဖြောင့်ချက် ပေးသွားကြောင်း ကျွန်ုပ်အား ပြပါသည်။ ကျွန်ုပ်လည်း ဆက်လက်၍ပင်ငြင်းဆန်နေ ပါသည်။ ကျွန်န်ုပ်အားဆက်လက် နှိပ်စက်နေပြီး ဖြောင့်ချက်မပေးလျင်မရကြောင်း အတင်းပင်ပြုလုပ်ခိုင်းနေပါသည်။ အချိန်မှာ ည ၉ နာရီကျော်နေပြီး ဖြောင့်ချက်ကို လက်ခံမည့် တရားသူကြီးနှင့် သက်သေရှေ့နေများက ဖြောင့်ချက်မပေးမချင်း ကျွန်ုပ်အား စောင့်နေကြပါသည်။  

ထောက်လှမ်းရေးများသည် အတင်းအကျပ်ပင် အခန်းထဲဆွဲသွင်းပြီး ကျွန်ုပ်အား ကုလား ထိုင်တွင် အတင်းထိုင်စေ၍ အောင်သပြေ ရဲရိပ်သာ စစ်ကြောရေးစခန်းတွင် လံကြုတ် ပြောခဲ့သည့် ဗုံးဖောက်ကွဲမှုအကြောင်းကို ပြောခိုင်းပါသည်။ ကျွန်ုပ်လည်း ဘာမှမတတ်နိုင် တော့ဘဲ စိတ်မပါ့တပါဖြင့်လည်းကောင်း၊ မေးခွန်းများပြန်လည်ဖြေဆိုခြင်းကို တုံဏှိ ဘာဝေနေခြင်းဖြင့်လည်းကောင်း ဂရုမထားသည့်ဟန်မျိုးဖြင့်လည်းကောင်း ရှေ့နောက် မညီအောင် လံကြုတ်ဖြောင့်ချက်ကြီးကို ညသန်းကောင် ၁၂ နာရီအထိ ပြောခဲ့ရပါတော့ သည်။

၂၇ -၇ - ၁၉၈၉ နေ့ နံနက်ပိုင်းတွင် ကျွန်ုပ်အား ကျွန်ုပ်ကိုချုပ်နှောင်ထားရာ အင်းစိန် ထောင် အထူးတိုက်မှ ကားဖြင့် လာရောက်ခေါ်ဆောင်သွားပါသည်။ အင်းစိန်ထောင်ဘေး ရှိ ခန်းမတစ်ခုသို့ ခေါ်သွားခြင်းဖြစ်ပါသည်။ ၎င်းနေရာတွင် ညီညီဦးနှင့် မိုးကျော်သူတို့ကို တွေ့ပါသည် ၊ကျွန်ုပ်မရောက်ခင်က ကြိုရောက်နေတာဖြစ်ပါသည်။ သူတို့နှစ်ယောက်ရော ကျွန်ုပ်ကိုပါ လက်ထိတ်ခတ်ထားပြီး အတူထိုင်ခိုင်းထားပါသည်။ ကျွန်ုပ်တို့၏ မျက်နှာများ ကို မဖုံးထားသည်အတွက် ပတ်ဝန်းကျင်အားလုံးကိုမြင်နေရပါသည်။ တရားစစ်ဆေးကြား နာဖို့  ပြင်ဆင်နေတာကိုတွေ့ရပြီး ညီညီဦးနှင့် မိုးကျော်သူတို့အား ကျွန်ုပ်က အထင်ဖြင့် ယခု ပြင်ဆင်နေသည်မှာ စစ်ခုံရုံးဖြစ်ကြောင်း ဘာပဲဖြစ်ဖြစ် အမှန်အတိုင်းပြောရန် အထပ် ထပ် မှာကြားရပါသည်။

သေချာပါသည်။ စစ်ခုံရုံးပင်ဖြစ်ပါသည်။အလံများ ရုပ်ပုံကားချပ်များ ပြင်ဆင်ပြီးတာနဲ့ ကျွန်ုပ်တို့ သုံးဦးကို ၎င်းခုံရုံးစင်မြင့်ရှေ့တွင် ထိုင်စေပါသည်။ ဒုတိယဗိုလ်မှူးကြီး အောင်ညွန့်(လေ) ဥက္ကဋ္ဌပြုလုပ်သော စစ်ခုံရုံး အမှတ်(၁) ဖြစ်ပါသည်။

ကျွန်ုပ်တို့ကို ဗုံးဖောက်ခွဲသည်ဟုဆိုကာ ထောက်လှမ်းရေးများက စာတစ်တန် ပေတစ် တန်ဖြင့် တရားလိုလုပ်ကာ စစ်ခုံရုံးမှ တရားသူကြီးများအား  ဖတ်ပြပြီး ကျွန်ုပ်တို့ တရားခံ သုံးယောက်ကို ပြင်းထန်သော ပြစ်ဒဏ်ပေး ပါရန် အရေးဆိုပါသည်။ ကျွန်ုပ်တို့ကို စွဲဆို ထားသော ပုဒ်မများမှာ ၃၀၂/၁(ခ)၃၄ ဟုတပ်ထားရာ ၎င်းဆွဲဆိုချက်များသည် ကျွန်ုပ်တင် မဟုတ် ကျွန်ုပ်၏ပါတီကိုပါ စော်ကားသိက္ခာချခြင်းဖြစ်ကြောင်း၊ အဆိုပါဗုံးဖောက်ခွဲမှု မှာလည်း ကျွန်ုပ်တို့နှင့် လုံးဝမပတ်သက်ကြောင်း၊ လုံးဝမဟုတ်ကြောင်း၊ ဗုံးကွဲမှုမဖြစ်ခင် နေ့များမှ ၇ ရက်နေ့ ဗုံးကွဲပြီးနောက်ပိုင်းအထိ ကျွန်ုပ်တို့ ဘယ်နေရာတွင်ရှိသည်၊ ဘယ်သူတွေနှင့်ရှိနေသည်၊ ဘယ်အချိန်တွင်ရှိနေသည် စသည်ဖြင့် တိကျခိုင်လုံသော အထောက်အထားများ သက်သေများပြဆိုနိုင်ကြောင်း၊ ကျွန်ုပ်တို့အား စစ်ဆေးသော ထောက်လှမ်းရေးများသည် ကျွန်ုပ်တို့ကို အရွယ်နှင့်မလိုက်အောင် နည်းမျိုးစုံဖြင့် ညှဉ်းပန်းနှိပ်စက်မှုတို့ကို မခံမရပ်နိုင်ဖြစ်ခြင်းကြောင့် ထောက်လှမ်းရေးများအလိုကျ ထောက်လှမ်းရေးစခန်းတွင် ပြောခဲ့ရကြောင်း၊ ကျွန်ုပ်တို့တွင် ဤအမှုနှင့် မပတ်သက်၍ လုံးဝ လုံးဝ အပြစ်မရှိပါကြောင်း နှစ်နာရီခန့် ကျွန်ုပ်ကိုယ်တိုင် လျှောက်လှဲ ပြောဆိုခဲ့ပါ သည်။

ထိုအခါ တရားသူကြီး ဥက္ကဋ္ဌဦးဒုတိယဗိုလ်မှုးကြီးအောင်ညွန့်က တရားရုံးခေတ္တနားမည်ဟု ပြောဆို၍ တရားစစ်ဆေးခြင်းကိုနံနက် ၁၀ နာရီတွင် ခေတ္တနားပြီး ကျွန်ုပ်တို့အား ထောက်လှမ်းရေးများက အတင်းဆွဲဆောင့်၍ ကားပေါ်တင်ကာ အင်းစိန်ထောင်တွင်းသို့ ပြန်ပို့ပါသည်။ ကားပေါ်တွင်လည်း ဆဲဆို၍ အကန်ခံရပါသေးသည်။  ။

(ဆက်လက်ဖော်ပြပါမည်)

သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly