အီရတ်မှာ COVID-19 ကြောင့် သေဆုံးခဲ့သူတွေကို မိသားစု သင်္ချိုင်းတွေမှာ ပြန်လည်မြေမြှုပ်သင်္ဂြိုလ်

အီရတ်မှာ COVID-19 ကြောင့် သေဆုံးခဲ့သူတွေကို မိသားစု သင်္ချိုင်းတွေမှာ ပြန်လည်မြေမြှုပ်သင်္ဂြိုလ်

စက်တင်ဘာ ၁၃

အီရတ်နိုင်ငံမှာ COVID-19 ရောဂါကြောင့် သေဆုံးခဲ့သူတွေရဲ့ အလောင်းတွေကို ယခုအခါမှာ သက်ဆိုင်ရာ မိသားစု ဂူဗိမာန်တွေ ဒါမှမဟုတ် အများပြည်သူဆိုင်ရာ သုဿန်တွေမှာ ပြန်လည်မြေမြှုပ်သင်္ဂြိုလ်ဖို့ အစိုးရက ခွင့်ပြု ပေးလိုက်ပြီ ဖြစ်ပါတယ်။

ဒီလို အစိုးရရဲ့ အမိန့်ညွန်ကြားချက်သစ်တွေ ထွက်ပေါ်လာတဲ့နောက်မှာ အီရတ်နိုင်ငံသားတွေဟာ ပူဆွေးဝမ်းနည်းမှုတွေနဲ့အတူ ၎င်းတို့တွေရဲ့ ချစ်ခင်ရသူတွေရဲ့ ရုပ်အလောင်းတွေကို မိသားစုသုဿာန်တွေမှာ ပြောင်းရွှေ့ မြေမြှုပ် ဖို့အတွက် ပူပြင်းလှတဲ့ သဲကန္တာရထဲမှာ မြှုပ်နှံခံထားရတဲ့ အလောင်းတွေကို လက်ချည်းသက်သက် ပြန်လည်တူးဖော်ခဲ့ကြပါတယ်။

ပြီးခဲ့ဲတဲ့လတွေအတွင်းမှာတော့ ယင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီး သေဆုံးသွားခဲ့တဲ့ အီရတ်နိုင်ငံသားတွေကို အစဉ်အလာ မိသားစုသင်္ချိုင်းတွေမှာ မမြှုပ်နှံခဲ့ပါဘူး။ အဲဒီ အလောင်းတွေဟာ ရောဂါကို ဆက်ပြီး ကူးစက်ပျံ့နှံ့စေမှာကို စိုးရိမ်ပူပန်မှုတွေ ရှိနေခဲ့လို့ အဲဒီအလောင်းတွေကို မိသားစုသင်္ချိုင်းတွေမှာ မမြှုပ်နှံခဲ့တာဖြစ်ပါတယ်။

ယခုအခါမှာတော့ အစိုးရအမိန့်နဲ့အတူ ဒီ ကိုဗစ်-၁၉ အလောင်းတွေကို အစဉ်အလာ မိသားစု သုဿန်တွေမှာ ပြန်လည်မြှုပ်နှံခွင့် ရခဲ့တာဖြစ်ပါတယ်။

“ပထမဆုံးအကြိမ်အနေနဲ့ သူဟာ အတော်ခပ်ဝေးဝေးမှာ မြှုပ်နှံခံခဲ့ရပါတယ်၊ သင့်တော်မှန်ကန်တဲ့ ဘာသာရေးထုံးတမ်းနည်းလမ်းတွေနဲ့အညီ လုပ်ခဲ့လား ဆိုတာကတော့ ကျွန်တော်လည်း သေချာမပြောနိုင်ပါဘူး၊ ဘာလို့လဲ ဆိုတော့ သူတို့တွေဟာ ဘူဒိုဇာတစ်စီးနဲ့ သင်္ချိုင်းမြေပုံကျင်းကြီးတစ်ခုကို တူးခဲ့တာကြောင့်ပါ၊ အဲဒီ မြေပုံဟာ မီတာဝက်လောက်ပဲ နက်ပါတယ်၊ ဒါမှမဟုတ် တခါတရံ အဲဒီထက်တောင် လျော့ပါသေးတယ်၊ ခုချိန်မှာ တော့ သူဟာ ကျွန်တော်တို့နဲ့၊ နောက်ပြီး ကျွန်တော်တို့မိသားစုနဲ့အတူ မိသားစု သင်္ချိုင်းတစ်ခုမှာ ရှိနေနိုင်ပြီဖြစ်ပါတယ်” လို့ ကိုဗစ်-၁၉ ကြောင့် သေဆုံးသွားသူတစ်ဦးရဲ့ သားဖြစ်သူ မိုဟာမက် အယ်လ် ဘာဟာဒလီက ပြောသွား ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required