အစိုးရရုံးများအခြေစိုက်ရာ နေပြည်တော်တွင် COVID-19ရောဂါပြည်တွင်းကူးစက်မှုစနေပြီဟုဆို

အစိုးရရုံးများအခြေစိုက်ရာ နေပြည်တော်တွင် COVID-19ရောဂါပြည်တွင်းကူးစက်မှုစနေပြီဟုဆို
ဓာတ်ပုံ - အောင်မြတ်သူ/မဇ္ဈိမ

နေပြည်တော်၊ စက်တင်ဘာ ၁၂

နိုင်ငံတော်သမ္မတအိမ်တော် အပါအဝင် အစိုးရဝန်ကြီးဌာနရုံးများ အခြေစိုက်ရာ ပြည်ထောင်စုနယ်မြေနေပြည်တော်တွင် COVID-19 ရောဂါ ပြည်တွင်းကူးစက်မှုရှိနေပြီဟု နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက မဇ္ဈိမကိုပြောသည်။

အဓိကအားဖြင့် ပြည်တွင်းပြည်ပ ခရီးသွားရာဇဝင်မရှိသူအချို့ နေပြည်တော်တွင် ကူးစက်မှုကြောင့်ဖြစ်သည်ဟု ဒေါက်တာမြတ်ဝဏ္ဏစိုးကပြောသည်။

ဓာတ်ပုံ - အောင်မြတ်သူ/မဇ္ဈိမ

“ကျွန်တော်တို့ကတော့ နေပြည်တော်ထဲမှာတော့ အင်ပို့တက်ပေါ့ တခြားခရီးသွား ရာဇဝင်ရှိတာ။ အခုတော့ ခရီးသွားရာဇဝင်မရှိတာတွေလည်း နေပြည်တော်ထဲမှာ ရောဂါပိုးတွေ့ရှိတာတွေ တွေ့ရှိလာရတဲ့အတွက် ဒီမှာ Local Transmission စနေပြီ။ စနိုင်ပြီလို့ ကျွန်တော့်အနေနဲ့ ပြောလိုပါတယ်။”ဟု ၎င်းကပြောသည်။

ပြည်ထောင်စုနယ်မြေနေပြည်တော်တွင် စက်တင်ဘာ၁၂ရက်နေ့က COVID-19အတည်ပြုလူနာ လေးဦးရှိခဲ့ကြောင်း၎င်းကဆက်လက်ပြောကြားသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၄ရက်နေ့က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ နေပြည်တော်တွင်ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရရောဂါအတည်ပြုလူနာစာရင်းတွင် ကူးစက်မှု ခုနစ်ဦးထိပါဝင်ခဲ့ပြီး နေပြည်တော်တွင်အများဆုံးဖြစ်ခဲ့သည်။

ဓာတ်ပုံ - အောင်မြတ်သူ/မဇ္ဈိမ

အဆိုပါ ခုနှစ်ဦးတွင် အတည်ပြုလူနာနှင့်ထိတွေ့မှုမရှိသလို  ပြည်ပခရီးသွားရာဇဝင်မရှိသူ ခြောက်ဦးပါရှိခဲ့သည်။

လက်ရှိနေပြည်တော်နှင့်ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များကို ပြည်သူများအနေဖြင့် လိုက်နာကြရန်လိုအပ်ကြောင်း ဒေါက်တာမြတ်ဝဏ္ဏစိုးကဆက်လက်ပြောကြားသည်။

“မလိုအပ်ပဲ လူစုလူဝေးမလုပ်ပါနဲ့။ တတ်နိုင်သမျှအိမ်ထဲမှာနေပါ။ အပြင်မထွက်ပါနဲ့။ အပြင်ထွက်တာနဲ့ Mask တပ်ပါ လက်ဆေးပါ။ ဘာလို့ဒီစကားပြောတာလဲဆိုတော့ နေပြည်တော်မှာ အခုထက်ထိဈေးတွေ လူစုလူဝေး နေရာတွေမှာ Mask တပ်တာနည်းနည်းအားနည်းနေတယ်လို့ ကျွန်တော့်အနေနဲ့မြင်မိပါတယ်ဗျ”ဟုဆိုသည်။

သမ္မတရုံးတွင်တာဝန်ထမ်းဆောင်နေသည့် လက်ထောက်ညွှန်ကြားရေးမှူးတွင် ပြီးခဲ့သည့်ရက်ပိုင်းက COVID-19 ရောဂါပိုးတွေ့ရှိခဲ့ပြီး အဆိုပြုလူနာနှင့် သမ္မတရုံးသတင်းစာရှင်းလင်းပွဲတွင်ပါရှိခဲ့သည့် သတင်းထောက်တစ်ဦးတွင် ရောဂါပိုးတွေ့ရှိခဲ့ကြောင်း ယနေ့နံနက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ သတင်းထုတ်ပြန်မှုတွင်ပါရှိခဲ့သည်။

အဆိုပါသတင်းစာရှင်းလင်းပွဲတွင် ပါရှိခဲ့သော သတင်းထောက် ၃၆ဦးကို အစိုးရ၏ အစီအစဉ်ဖြင့် Sawb နှာခေါင်းတို့ဖတ်၊အာခေါင်တို့ဖတ်ယူစစ်ဆေးခဲ့ရာ အဆိုပါတစ်ဦးတွင် ရောဂါပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် COVID-19အတည်ပြုလူနာ ၂၅ဦးခန့်ရှိပြီဖြစ်ပြီး အဆိုပါအတည်ပြုလူနာများနှင့်ထိတွေ့မှုရှိခဲ့သူများကိုကွာရန်တင်းထားရှိပြီး အသွားအလာ စောင့်ကြည့်လျက်ရှိကြောင်း ဒေါက်တာမြတ်ဝဏ္ဏစိုးကပြောသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏COVID-19ရောဂါဆိုင်ရာ ကျန်းမာရေး အသိပညာများ၊ သတင်းအချက်အလက်များနှင့် ဆောင်ရွက်မှုများ Website ၏ ဖော်ပြချက်အရ  စက်တင်ဘာ ၁၂ရက်နေ့ နံနက် ၈နာရီ အထိ အတည်ပြုလူနာ၂၄၄၅ဦး ပြန်လည်သက်သာသူ ၆၂၅ဦး သေဆုံးသူ၁၄ဦးရှိကြောင်းဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly