တိုကျိုပန်းခြံထဲက တိုးယိုပေါက် မြင်ရတဲ့ အများသုံး မှန်အိမ်သာ

By AFP
12 September 2020
တိုကျိုပန်းခြံထဲက တိုးယိုပေါက် မြင်ရတဲ့ အများသုံး မှန်အိမ်သာ
Photo - AFP

စက်တင်ဘာ ၁၂

ကျယ်ဝန်းသန့်ရှင်းပြီး တိုးယိုပေါက် မြင်ရသလောက်ဖြစ်တဲ့ အများသုံး မှန်အိမ်သာကို တိုကျိုက ပန်းခြံထဲမှာ တည်ဆောက်ထားရှိထားတာကို မြင်တွေ့ရတာ ဖြစ်ပါတယ်။ ခုလို အိမ်သာထဲကို ရှင်းရှင်းလင်းလင်း လှမ်းမြင်နေရတာကြောင့် အသုံးပြုသူများ ရှိပါ့မလားဆိုပြီး တွေးပူကောင်း ပူစရာပါပဲ။ 

ဒါပေမယ့် တမူထူးတဲ့ ဒီ မှန်အိမ်သာဟာ သုံးစွဲသူ ဝင်ရောက်ပြီး တံခါးပိတ်လိုက်ရင် ချက်ချင်းဆိုသလိုပဲ မှန်တွေဟာ မှုန်ဝါးသွားပြီး အတွင်းကို ထိုးဖောက်မမြင်ရတော့ပါဘူး။ အသုံးပြုပြီး ပြန်ထွက်လာပြီဆိုရင် အိမ်သာတွင်းကို ပကတိအတိုင်း ပြန်မြင်တွေ့ရတာ ဖြစ်ပါတယ်။ 

တိုကျိုပန်းခြံထဲက အခု အများသုံး မှန်အိမ်သာဟာ အခန်းထဲမှာ လူမရှိရင် အထဲကို ရှင်းလင်းပြတ်သားစွာ မြင်တွေ့ရတာ ဖြစ်ပြီး ဒီ အိမ်သာခန်းတွဲကို တိုးယိုပေါက်နီးပါး မြင်ရတဲ့ ခရမ်းရောင်မှန်ကာထားတဲ့ အခန်းက အမျိုးသားတွေအတွက် ဖြစ်ပါတယ်။ တစ်ခြားတစ်ဖက်က တိုးယိုပေါက်နီးပါး မြင်ရတဲ့ ပန်းရောင်မှန် ကာထားတဲ့အခန်းကတော့ အမျိုးသမီးတွေအတွက် ဖြစ်ပါတယ်။  

ဒါအပြင် အဝါရောင်မှန် ကာထားတဲ့ အခန်းလည်း ပါရှိပြီး ဒါဟာ ကလေးငယ်တွေ အဝတ်အစားလဲခန်းအဖြစ် ထားရှိထားတာ ဖြစ်ပါတယ်။ 

“တကယ်ပါပဲ၊ ဒီ အိမ်သာတွေကို ကျွန်မ ပထမဆုံး စတွေ့ရတော့ အံ့ဩသွားတယ်။ ဒါပေမယ့် ဒီ အိမ်သာကို တည်ဆောက်တဲ့ ဗိသုကာပညာရှင် ရှီဂျီရူဘန်း ရှင်းပြမှာ တကယ် အသုံးဝင်မှန်း သိတော့တယ်။ အများသုံးအိမ်သာတွေရဲ့ ပြဿနာနှစ်ခုကို ဖြေရှင်းပြီး ခုလို မှန်အိမ်သာ တည်ဆောက်တာလို့ ရှီဂျီရူဘန်းက ရှင်းပြတယ်လေ။”ဆိုပြီး နီပွန်ဖောင်ဒေးရှင်းမှ ဆက်ဆံရေးအရာရှိ ကာနာဆာဂျီက ပြောပါတယ်။ 

“အများသုံးအိမ်သာတွေ သန့်ပါ့မလားဆိုပြီး ဝင်ရောက်အသုံးပြုမယ့် သူတွေဟာ စိုးပူကြတယ်မဟုတ်လား။ ခုတော့ မှန်တွေနဲ့ကာထားပြီး အထဲကို မြင်ရတော့ စိုးရိမ်ပူပန်စရာ မလိုတော့ဘူးလေ။ နောက် ပြဿနာတစ်ခုကတော့ လုံခြုံရေးအပိုင်းအတွက်ပေါ့။ အိမ်သာထဲမှာ ပုန်းအောင်းနေသူ တစ်ဦးဦး ရှိနေတာမျိုးနဲ့ မကြုံနိုင်တော့ဘူးပေါ့။”လို့ သူက ဆိုပါတယ်။ 

“ဒါကြောင့်ပဲ အများသုံး မှန်အိမ်သာစီမံကိန်းကို ကျွန်မ လက်သင့်ခံမိတော့တာ ဖြစ်တယ်။”လို့ သူက ဆက်လက်ပြောပါတယ်။ 

ယိုယိုဂျီဖူကာမာချီမီနီပန်းခြံထဲမှာ ထားရှိထားတဲ့ အခု အများသုံး မှန်အိမ်သာဟာ အင်န်ဂျီအိုအဖွဲ့ဖြစ်တဲ့ နီပွန်ဖောင်ဒေးရှင်းရဲ့ စီမံချက်တစ်စိတ်တစ်ပိုင်းပဲ ဖြစ်ပါတယ်။ ဖောင်ဒေးရှင်းဟာ နာမည်ကြီး ဗိသုကာတွေကို အများပြည်သူ နေရာ၊ အဆောက်အအုံဟာ ဘယ်လို ပုံစံဖြစ်သင့်တယ်လို့ ပြန်လည်စဉ်းစားသုံးသပ်ပြီး တည်ဆောက်စေတဲ့ ဖောင်ဒေးရှင်းပဲ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required