ကိုလံဘီယာဆန္ဒပြပွဲမှာ ရဲပစ်ခတ်လို့ သေဆုံးသူရဲ့ ဆွေမျိုးတွေက တရားမျှတရေးအတွက် တောင်းဆို

By AFP
12 September 2020
ကိုလံဘီယာဆန္ဒပြပွဲမှာ ရဲပစ်ခတ်လို့ သေဆုံးသူရဲ့ ဆွေမျိုးတွေက တရားမျှတရေးအတွက် တောင်းဆို

စက်တင်ဘာ ၁၂

ကိုလံဘီယာနိုင်ငံ ဘိုဂိုတာမြို့တော်က ဆန္ဒပြပွဲတွေမှာ ရဲတပ်ဖွဲ့ ပစ်ခတ်တဲ့ ကျည်ဆန် လမ်းလွှဲပြီး ထိမှန်ခဲ့တယ်ဆိုထားတဲ့ သေဆုံးလူငယ်ရဲ့ ဆွေမျိုးသားချင်းတွေဟာ တရားမျှတရေးအတွက် တောင်းဆိုကြပါတယ်။ 

ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ ရဲတွေက ကျင်စက်နဲ့ အကြိမ်ကြိမ်တို့လို့ လူတစ်ဦး သေဆုံးခဲ့ရတာနဲ့ ပတ်သက်ပြီး ဆန္ဒပြအဓိကရုဏ်းတွေ ဖြစ်ပွားပေါ်ပေါက်ခဲ့ရာမှာ ရဲစခန်းတစ်ခုလည်း ဖျက်ဆီးခံခဲ့ရပါတယ်။ 

ကျည်လမ်းကြောင်းလွဲပြီး ထိမှန်သေဆုံးတယ်ဆိုတဲ့ လူငယ်ရဲ့ ဆွေမျိုးသားချင်းတွေကတော့ တရားမျှတမှုဟာ အဆုံးသတ်သွားပြီဆိုတာ အစိုးရကို သတင်းစကားပါးချင်တယ်လို့ ပြောကြပါတယ်။ 

“ကျွန်တော်တို့ ဒီမှာ ဖျက်လိုဖျက်ဆီး လုပ်နေတာ မဟုတ်ဘူး။ တရားမျှတမှု အဆုံးသတ်သွားပြီဆိုတာကို သတင်းစကား ပါးနေတာ ဖြစ်တယ်။ ကျွန်တော့် ညီဟာ အပြစ်မကင်းသေးဘူး။ ဘာကြောင့်လည်းဆိုတော့ သူတို့က ကျည်ဆန်ဟာ လမ်းလွှဲထိမှန်တာပါလို့ ပြောနေလို့ပဲ။ ဒါဟာ လမ်းကြောင်းလွဲ ကျည်ဆန် မဟုတ်ဘူး။ ချိန်ပြီးတော့ကို ပစ်ခဲ့တာပဲ။”လို့ သေဆုံးသူ လူငယ်ရဲ့ အစ်ကိုဖြစ်သူ ဒေးဗစ်ဟာနန်ဒက်ဇ်က ပြောပါတယ်။ 

ဆန္ဒပြပွဲအတွင်း သေဆုံးတဲ့ အဲဒီလူငယ်ရဲ့ ဖခင်ဖြစ်သူ ဟိုဆေးဟာနန်ဒက်ဇ်ကလည်း “ရဲတွေ ရောက်လာပြီး ထင်ရာစိုင်း ပစ်ခတ်တာပဲ။ ဒါကြောင့် ကျွန်တော့် သားတင်မက အခြား အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ဦး သေဆုံးတယ်။ ပြီးတော့ အသက် ကိုးနှစ်သားအရွယ် ယောက်ကျားလေး သေဆုံးပြီး အခြားသူတွေ ဒဏ်ရာရတယ်လို့ သူတို့က ပြောတယ်။ ဒီလိုပဲ ဖြစ်မှာပေါ့၊ သူတို့က လဲကျနေတဲ့ လူတွေကိုတောင် ပစ်ခတ်ခဲ့တာ ဖြစ်တယ်။”ဆိုပြီး ပြောပါတယ်။ 

“ကျွန်တော့် သားကို သူတို့ ဖမ်းနိုင်တယ်။ ရိုက်နှက်နိုင်တယ်။ ဒါပေမယ့် မသတ်နိုင်ဘူး၊ သတ်လို့ မရဘူးဗျာ။ ခုတော့ ကျွန်တော်သားဟာ လူမမယ်သမီးလေးနှစ်ယောက်ကို ထားရစ်ပြီး ထွက်ခွာသွားပြီ။ ကျွန်တော် အရမ်းဝမ်းနည်းတယ်၊ နာကျင်ရတယ်။ အစိုးရဆီက တရားမျှတမှု လိုချင်တယ်။”လို့ သူက ပြောပါတယ်။ 

ရဲအချုပ်ခန်းမှာ လူသေဆုံးရာကနေ မြို့တော်ဘိုဂိုတာနဲ့ အခြားမြို့တွေမှာပါ နှစ်ညဆက်တိုက် လူတွေ သေဆုံးရတဲ့ ဆန္ဒပြအဓိကရုဏ်းတွေ ဖြစ်လာပြီးတဲ့နောက်မှာ ရဲတွေရဲ့ လူမဆန်တဲ့ လုပ်ရပ်အတွက် ကာကွယ်ရေးဝန်ကြီးက သောကြာနေ့မှာ လူသိရှင်ကြား တောင်းပန်စကား ပြောလာခဲ့ပါတယ်။ 

အဲဒီ ဆန္ဒပြအဓိကရုဏ်းတွေမှာ အနည်းဆုံး လူ ၁၃ ဦး သေဆုံးပြီး ၄၀၀ ကျော်ထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required