စပိန်ဘောလုံးအဖွဲ့ချုပ်သည် မက်ဆီငယ်စဉ်ကို စပိန်ကိုကိုယ်စားပြုရန် သိမ်းသွင်းခဲ့ဖူးသည်ဟု ဒယ်လ်ဘော့စကေးပြော

စပိန်ဘောလုံးအဖွဲ့ချုပ်သည် မက်ဆီငယ်စဉ်ကို စပိန်ကိုကိုယ်စားပြုရန် သိမ်းသွင်းခဲ့ဖူးသည်ဟု ဒယ်လ်ဘော့စကေးပြော

နိုဝင်ဘာ ၁၂၊ စပိန် ။                ။ စပိန်ဘောလုံးအဖွဲ့ချုပ်သည် ဘာစီလိုနာကြယ်ပွင့်မက်ဆီငယ်စဉ်က ၎င်း၏မိခင်နိုင်ငံအာဂျင်တီးနားကိုငြင်းပြီး စပိန်လက်ရွေးစင်အသင်း ကိုယ်စားပြုရန် သိမ်းသွင်းခဲ့ပုံ များကို စပိန်နည်းပြဒယ်လ်ဘော့စကေးက ဖွင့်ဟလိုက်သည်။

ကမ္ဘာ့ဖလားနှင့် ယူရို ၂၀၁၂ ချန်ပီယံစပိန်အသင်းအနေဖြင့် မက်ဆီဆယ်ကျော်သက်အရွယ်တွင် ဘာစီလိုနာအသင်းကြီး၌ပါဝင်လာစဉ် ပထမ အကြိမ်ချဉ်းကပ်ကမ်းလှမ်း ခဲ့ခြင်းဖြစ်သည်ဟု   သောကြာနေ့တွင် အင်္ဂလန်နှင့်ကစားမည့်ခြေစမ်းပွဲအတွက် သတင်းစာရှင်းလင်းပွဲ၌ ဒယ်လ်ဘော့ စကေးက ပြောသည်။

အာဂျင်တီးနားလူမျိုး မက်ဆီသည် ဘာစီလိုနာအသင်းသို့ အသက် ၁၃ နှစ်အရွယ်တွင်ရောက်လာခဲ့ပြီး အသက် ၁၈ နှစ်အရွယ်ထိ အာဂျင်တီးနားလက်ရွေးစင်အသင်းကြီးတွင် ပါဝင်ခြင်းမရှိခဲ့သူဖြစ်သည်။

ချယ်လ်ဆီးတိုက်စစ်မှူး ဒီယေဂိုကော်စတာကိုလည်း မွေးရပ်ဘရာဇီးထက် စပိန်ကိုသာရွေးချယ်ရန် တောင်းဆိုခဲ့ဖူးသည့် အသက် ၆၄ နှစ် အရွယ် ဒယ်လ်ဘော့စကေးက မက်ဆီနှင့်ပတ်သက်၍လည်း ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။

"အဲဒီအချိန်တုန်းကလည်း မက်ဆီကိုကြိုးပမ်းခဲ့သေးတာပါပဲ။ ဒါပေမဲ့သူ့ရဲ့မွေးရပ်မြေကိုသာ ရွေးချယ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်"ဟု အင်ဒီပန်းဒန့် သတင်းစာသို့ ဒယ်လ်ဘော့စကေးက ပြောသည်။

တစ်နိုင်ငံနှင့်တစ်နိုင်ငံကူးပြောင်းကိုယ်စားပြုခြင်းနှင့်ပတ်သက်၍လည်း ရီးယဲလ်မက်ဒရစ်နည်းပြဟောင်းက "ဒါက ပြောင်းလဲလို့မရတဲ့ ဖြစ်ရိုး ဖြစ်စဉ်ပါပဲ။ အဲဒါမျိုးပျောက်ကွယ်သွားအောင် ကျွန်တော်တို့ မစွမ်းနိုင်ပါဘူး။ မကြာခဏလည်းဖြစ်နေပါတယ်။

စပိန်ပြင်ပကရောက်လာသူတွေ ထဲမှာ မက်ဆီနောက်တစ်ယောက်၊ စီရော်နယ်ဒိုနောက်တစ်ယောက် ရှိမလာနိုင်ဘူးလို့ ဘယ်သူမှမသိနိုင်ပါဘူး။ တခြားကနေရောက်လာသူ တွေက ဘဝတွေပိုကောင်းလာဖို့ရည်ရွယ်ချက်နဲ့ ရောက်လာကြတာပါ"ဟု ပြောသည်။

ဥရောပလက်ရှိချန်ပီယံ စပိန်အသင်းသည် သောကြာနေ့တွင် အင်္ဂလန်နှင့်ရင်ဆိုင်ပြီး လေးရက်အကြာ၌ ဘယ်လ်ဂျီယံနှင့်သွားကစားရဦးမည် ဖြစ်သည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly