ပြတင်းပေါက်တပ် ဆူညံသံလျှော့ချပေးနိုင်တဲ့ကိရိယာ စင်္ကာပူတီထွင်

ပြတင်းပေါက်တပ် ဆူညံသံလျှော့ချပေးနိုင်တဲ့ကိရိယာ စင်္ကာပူတီထွင်
Photo - AFP

စက်တင်ဘာ ၁၁ 

စင်္ကာပူက သိပ္ပံပညာရှင်တွေဟာ ဆူညံသံဖယ်ရှားပေးနိုင်တဲ့နားကြပ်တွေမှာသုံးတဲ့နည်းပညာကို အသုံးပြုပြီး ပြတင်းပေါက်မှာတပ်ဆင်မယ့် စနစ်တစ်ခုကို တီထွင်လိုက်တာကြောင့် လူနေထူထပ်တဲ့ မြို့ကြီးနေပြည်သူတွေဟာ ပြတင်းပေါက်တွေကို ဖွင့်ထားရင်းနဲ့ပဲ အပြင်ကဝင်လာတဲ့ ဆူညံသံတွေကို လျှော့ချနိုင်တော့မှာဖြစ်ပါတယ်။  

ဆောက်လုပ်ရေးလုပ်ငန်းခွင်၊ အမြန်ရထားနဲ့ ကားတွေဆီကလာတဲ့ ဆူညံသံတွေဟာ တိုက်ခန်းငယ်တွေရဲ့ပြတင်းပေါက်ကတစ်ဆင့် ဝင်လာလေ့ရှိပါတယ်။ 

မြို့ပြရဲ့ဆူညံသံတွေကို လျှော့ချရင်းနဲ့ လေကောင်းလေသန့်ဝင်နိုင်မယ့် နည်းလမ်းတစ်ခုကို သိပ္ပံပညာရှင်တွေက ရှာဖွေတွေ့ရှိထားပါတယ်။ 

စင်္ကာပူက တီထွင်လိုက်တဲ့ အဲဒီစနစ်မှာတော့ ဖွင့်ထားတဲ့ ပြတင်းပေါက်ရဲ့ သံဇကာကွက်မှာ အသံကာပစ္စည်းအနေနဲ့ စပီကာအသေး ၂၄ လုံးတပ်ဆင်ထားလိုက်တာပါ။ 

စပီကာလေးတွေဟာ မော်တော်ယာဉ်တွေနဲ့ မြေအောက်ရထားတွေကလိုမျိုး ဆူညံသံတွေကို စူးစမ်းပြီး ဆူညံသံအချို့ကို ဖယ်ရှားပေးမယ့် အသံလှိုင်းတစ်ခုကို ထုတ်လွှင့်မှာဖြစ်ပါတယ်။ အဆင့်မြင့်နည်းပညာသုံး နားကြပ်တွေမှာသုံးတဲ့ နည်းလမ်းတွေလိုမျိုးလုပ်ထားတာပါ။။  

နန်ယန်းနည်းပညာတက္ကသိုလ်က သုတေသီအဖွဲ့ကို ဦးဆောင်တဲ့ အသံပိုင်းဆိုင်ရာ အင်ဂျင်နီယာပါမောက္ခ ဂန်ဝန်ဆန်းက “ဆူညံသံကို တိုက်ဖျက်ဖို့ ဆူညံသံကို အသုံးပြုလိုက်တဲ့သဘောပါ။ အပြင်ဘက်ကလာတဲ့ ကျယ်လောင်သံတွေကို တားဆီးရင်းနဲ့ ပြတင်းပေါက်ကနေ သဘာဝလေနဲ့ အလင်းရောင်ကိုလည်း ဝင်စေမှာဖြစ်ပါတယ်။ မြို့ပြဆူညံသံတွေဟာ လျှော့တွက်ထားတဲ့ ခြိမ်းခြောက်မှုတွေထဲက တစ်ခုလို့ WHO က ပြောထားပါတယ်။ ဆူညံသံတွေဟာ သွေးတိုးရောဂါ၊ နှလုံးရောဂါနဲ့ အကြားအာရုံဆုံးရှုံးမှုစတဲ့ ရေရှည်ကျန်းမာရေးပြဿနာအချို့ကို သက်ရောက်စေပါတယ်။ ဒီကိရိယာကတော့ ဆူညံသံကြောင့်ဖြစ်မယ့်သက်ရောက်မှုတွေကို လျှော့ချနိုင်ပြီး တစ်ချိန်တည်းမှာ ပြတင်းပေါက်ဖွင့်ထားတဲ့အတွက် သဘာဝလေကိုလည်း ခံစားနိုင်မှာဖြစ်ပါတယ်” လို့ AFP ကိုပြောပါတယ်။  

ဒီစနစ်ဟာ ဝင်လာတဲ့ဆူညံသံတွေကို အသံယူနစ် ၁၀ ဒက်ဆီဘယ်အထိ လျှော့ချနိုင်ပြီး ရထားနဲ့ဆောက်လုပ်ရေးလုပ်ငန်းခွင်အသံတွေကို အကောင်းဆုံးလျှော့ချနိုင်မှာဖြစ်ပါတယ်။ 

ဒါပေမယ့် ခွေးဟောင်သံလိုမျိုး အသံလှိုင်းကြိမ်နှုန်းမြင့်မားတဲ့ ဆူညံသံတွေကိုတော့ မတားဆီးနိုင်ဘူးလို့ ဆိုပါတယ်။  

ဆူညံသံလျှော့ချပေးတဲ့ အဆိုပါကိရိယာတွေကို နေအိမ်မှာတပ်ဆင်ချင်သူတွေအတွက် ရောင်းချပေးသွားမယ်လို့ မျှော်လင့်ရပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly