ရခိုင်ပြည်နယ်တွင် နိုင်ငံရေးပါတီများ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးမှု မစတင်နိုင်သေး

ရခိုင်ပြည်နယ်တွင် နိုင်ငံရေးပါတီများ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးမှု မစတင်နိုင်သေး

စက်တင်ဘာ ၁၀ရက်

လာမယ့် ၂၀၂၀ ရွေးကောက်ပွဲအတွက် စက်တင်ဘာလ ၈ ရက်နေ့က စတင်ပြီး မဲဆွယ်ခွင့်ပြုကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပေမယ့် စစ်ဘေးနဲ့ ကိုရိုနာဗိုင်းရပ်ကပ်ဘေးတွေ ကြုံတွေ့နေရတဲ့ ရခိုင်ပြည်နယ်မှာတော့ မဲဆွယ် စည်းရုံးမှုတွေ မစတင်နိုင်သေးပါဘူး။ 

နိုင်ငံရေးပါတီတွေရဲ့ မဲဆွယ်စည်းရုံးခွင့် ကာလကို စက်တင်ဘာလ ၈ ရက်ကနေ ရက်ပေါင်း ၆၀ အထိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုထားတာပါ။

စက်တင်ဘာလ ၈ ရက်နေ့ စတင်မဲဆွယ်လို့ရကြောင်း ဆိုထားပေမယ့် ရခိုင်ပြည်နယ်က မြို့နယ်အားလုံးကို Stay at Home ကာလအဖြစ် သတ်မှတ်ထားတာကြောင့် မဲဆွယ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရခိုင်အမျိုးသားပါတီ( ANP) ဗဟိုဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်က ပြောပါတယ်။

ဒါ့အပြင် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ကိုရိုနာဗိုင်းရပ်ကူးစက်မှုခံနေရတဲ့ ရခိုင်ပြည်နယ်ရှိ မြို့နယ် အားလုံးကို နေအိမ်အပြင် မထွက်ရဆိုတဲ့ (Stay at Home) ကာလသတ်မှတ်ထားပြီး အဲဒီမြို့နယ်တွေမှာ မဲဆွယ်စည်းရုံးခွင့် မပြုကြောင်း ရွေးကောက်ပွဲကော်မရှင် စက်တင်ဘာလ ၇ရက်နေ့က ကြေညာထားပါတယ်။

“ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာ ၁၇ မြို့နယ်လုံးကို အားလုံးက ကိုရိုနာဗိုင်းရပ်ရောဂါ ကူးစက်ပျံ့နှံ့မှု ခံနေရတဲ့ မြို့နယ်တွေပဲ။ ၁၇ မြို့နယ်မှာ ဘယ်မြို့နယ်မှ မလွတ်တော့ဘူးဆိုတော့ ရောဂါဖြစ်တာနဲ့ လော့ဒေါင်းချတယ်။ Stay at Home နေခိုင်းတယ်ဆိုတော့ ရခိုင်ပြည်နယ်တစ်ခုလုံးနဲ့ အကျုံးဝင်သွားပြီ။ ရွေးကောက်ပွဲ မဲဆွယ်စည်း ရုံးတဲ့အလုပ်ဆိုတာက မိမိတို့ပါတီရဲ့ မူဝါဒတွေနဲ့ ရည်ရွယ်ချက်တွေ၊ မိမိတို့ရည်မှန်းထားတဲ့ ဒေသအကျိုး၊ အမျိုးသားအကျိုးစီးပွားနဲ့ မိမိကိုယ်တိုင်အရွေးခံမယ့် ပုဂ္ဂိုလ်ရဲ့ စေတနာဆန္ဒတွေ၊ မိမိရဲ့ အရည်အချင်း ဘယ်လိုလုပ်ကိုင်ဆောင်ရွက်မယ်ဆိုတာတွေကို ပြည်သူကို ချပြီး ပြောဆိုစည်းရုံးကမယ့် ကိစ္စတွေကို သီးသန့်တားမြစ်လိုက်တဲ့ ပုံစံသက်ရောက်သွားတယ်။” လို့ ဦးထွန်းအောင်ကျော်က ပြောပါတယ်။

ရခိုင်အမျိုးသားပါတီဟာ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်အတွင်း မဲဆန္ဒနယ်အများစု အနိုင်ရရှိခဲ့တဲ့ ပါတီတစ်ခုဖြစ်ပါတယ်။

လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာလည်း ရခိုင်ပြည်နယ်ရှိ မဲဆန္ဒနယ်အားလုံးမှာ ဝင်ရောက်အရွေး ချယ်ခံဖို့ ပြင်ဆင်ထားတဲ့ ပါတီတစ်ခု ဖြစ်ပါတယ်။

ရခိုင်ဒီမိုကရေစီအဖွဲ့ ပါတီ (ALD ) အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်ကလည်း ကိုဗစ်-၁၉ စည်းကမ်းသတ် မှတ်ချက်တွေကြောင့် မဲဆွယ်စည်းရုံးရေးအပိုင်းမှာ ဘာမှလုပ်ဆောင်လို့ မရဘူးလို့ ပြောပါတယ်။

“ရခိုင်ပြည်နယ်မှာက တစ်ပြည်နယ်လုံး လော့ဒေါင်းဆိုတဲ့အခါမှာ ကျွန်တော်တို့တွေက ဘာမှလှုပ်ရှားလို့ မရဘူး။ ကော်မရှင်က မဲဆွယ်ခွင့်ပေးပေမယ့် ဒီကိုဗစ်က လော့ဒေါင်းချထားတဲ့အတွက် ကျွန်တော်တို့ ဘာမှလှုပ်ရှားလို့ မရပါဘူး။”လို့ ဦးမျိုးကျော်က ဆိုပါတယ်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(ALD)ဟာ ရခိုင်မြောက်ပိုင်းက ကျောက်တော်မြို့နယ် တစ်ခုမှာပဲ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပြီး ရခိုင်တောင်ပိုင်းက ကျောက်ဖြူ၊ သံတွဲ၊ ရမ်းဗြဲ၊ မာန်အောင်၊ ဂွ၊ အမ်း၊ တောင်ကုတ် စတဲ့မြို့နယ်တွေမှာ ဝင်ရောက် အရွေးချယ်ခံဖို့ ပြင်ဆင်ထားတာပါ။

ဒါကြောင့် လတ်တလောမှာ မြေပြင်မဲဆွယ်လို့ မရတဲ့အခြေအနေကြောင့် အွန်လိုင်းက မဲဆွယ်မယ့် နည်းလမ်းကို စီစဉ်သွားမယ်လို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(ALD)ရဲ့အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က ပြောပါတယ်။

 “ဝ” ဒေသနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး လုံခြုံရေးအရ စိုးရိမ်ရတဲ့ အခြေအ နေမှာရှိနေကြောင်း တပ်မတော်ကပြောဆိုထားပြီး ရခိုင်ပြည်နယ်က မြို့နယ် ငါးခုမှာပဲ ရွေးကောက်ပွဲ အပြည့်အဝကျင်းပနိုင်မယ်လို့ သမ္မတရုံးပြောရေးဆိုခွင့် ရှိသူ ဦးဇော်ဌေးက စက်တင်ဘာလ ၄ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။

ဒါ့ပေမယ့် ဘယ်မြို့နယ်တွေမှာ ရွေးကောက်ပွဲကျင်းပနိုင်မယ်ဆိုတာကို ထုတ်ဖော်ပြောကြားခဲ့တာ မရှိပါဘူး။  

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရွေးကောက်ပွဲကျင်းပဖို့ ကနဦး စီစဉ်ထားပြီး မကျင်းပနိုင်တဲ့ မြို့နယ်တွေကို အောက်တိုဘာလမှာ ကြေညာသွားမယ်လို့ ဆိုထားပါတယ်။

မဲဆွယ်စည်းရုံးမှုကာလအတွင်း လုပ်အားအချိန်ပေး၊ အားသွန်ခွန်စိုက်ပြုလုပ်ပြီးမှ ရွေးကောက်ပွဲ မကျင်းပ ဖြစ်မှာကို စိုးရိမ်တယ်လို့ ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောပါတယ်။

“ကျေးရွာတွေကလည်း Stay at Home လုပ်တဲ့အခါ သူတို့ ရွာကို ပိုးတွေရောက်မှာကို စိုးရိမ်တဲ့ ပြဿနာက အများကြီး ရှိကြတယ်။ အဲဒါကြောင့် သူတို့ရွာကို လူမဝင်ရဘူးဆိုပြီး တားဆီးထားတဲ့ဟာတွေ ရှိတယ်။ ကျေးရွာတွေကို သွားဖို့ဆိုတာ ကိုယ်စားလှယ်လောင်းတွေအတွက် အခက်အခဲတွေ တွေ့နေရတယ်။ အွန်လိုင်းက မဲဆွယ်စည်းရုံးဖို့ဆိုတာကလည်း တော်တော်ခဲယဉ်းပါတယ်။ အခုဆို ဆိုင်းဘုတ်တွေတင်ဖို့အတွက် လိုအပ်တဲ့ငွေတွေကို သုံးရပြီ ဖြစ်ပါတယ်။ အဲတော့လိုအပ်တဲ့ငွေကိုလည်း သုံးရတယ်။ အချိန်လည်း ပေးရတယ်။ ငွေလည်းကုန်ပြီးမှ အခုလုပ်ထားတဲ့ဟာတွေ အကုန်လုံး အချဉ်းအနှီး အလာဟသ ဖြစ်သွားမှာကိုလည်း စိုးရိမ်စိတ်တွေ ရှိပါတယ်။ ” လို့ ဒေါ်ခင်စောဝေက ပြောပါတယ်။  

အထူးသဖြင့် ရခိုင်မြောက်ပိုင်းမှာ 4G အင်တာနတ် ဖွင့်ပေးတာ မရှိသေးတဲ့အတွက် အင်တာနတ်ပေါ်က မဲဆွယ်စည်းရုံးလို့မရတဲ့ အခြေအနေရှိနေတယ်လို့လည်း သူက ဆိုပါတယ်။

တစ်ဖက်မှာလည်း ပြည်တွင်းစစ်ဘေးဒဏ်ကို ကြုံတွေ့နေကြရတဲ့ ရခိုင်ပြည်သူတွေဟာ ရွေးကောက်ပွဲအပေါ်မှာ စိတ်ဝင်စားမှုရှိတာ မတွေ့ရဘူးလို့ နိုင်ငံရေးပါတီတွေက သုံးသပ်ပြောကြပါတယ်။

 ဒါ့အပြင် ကိုရိုနာဗိုင်းရပ်(စ်) ကပ်ဘေးကြုံတွေ့နေရတဲ့ ရခိုင်ပြည်နယ်မှာ စစ်ဘေးဒဏ်ကြောင့် ဒေသခံ ပြည်သူတွေဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရဆဲဖြစ်ပြီး လက်ရှိ ရခိုင်မြောက်ပိုင်းမှာ စစ်ဘေးဒုက္ခသည် နှစ်သိန်းရှိလာပြီလို့လည်း စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပပြုလုပ်မယ်လို့ ရွေးကောက်ပွဲကော်မရှင်က ကြေညာထားပြီး နိုင်ငံရေးပါတီပေါင်း ၉၄ ပါတီက ဝင်ရောက်ယှဉ်ပြိုင်သွားဖို့ ရှိနေတာလည်း ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required