ရခိုင်ပြည်နယ်ရှိ COVID-19 အတည်ပြုလူနာများထဲမှ ဆေးရုံဆင်းခွင့် ရရှိသူ ၁၅၂ ဦးရှိ

ရခိုင်ပြည်နယ်ရှိ COVID-19 အတည်ပြုလူနာများထဲမှ ဆေးရုံဆင်းခွင့် ရရှိသူ ၁၅၂ ဦးရှိ

စက်တင်ဘာ ၁၀ရက်

ရခိုင်ပြည်နယ်ရှိ စက်တင်ဘာ ၉ ရက်နေ့အထိ COVID-19 အတည်ပြုလူနာများထဲမှ ဆေးရုံမှဆင်းခွင့် ရရှိသူ ဦးရေမှာ ၁၅၂ဦးရှိကြောင်း ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။

“ဒါ မနေ့က အချိန်ထိနော်။ ၁၅၂ ယောက်ဆင်းထားပြီ။ ပိုးနှစ်ကြိမ် မတွေ့တဲ့ သူတွေလည်းပါတယ်။  ကျွန်တော်တို့ရဲ့ အဖြေထွက်မှုပေါ်လစီအရ ရောဂါလက္ခဏာမပြတဲ့သူတွေလည်း ပါတယ်။ ရောဂါလက္ခဏာ မပြဘဲ ၁၄ ရက်ပြည့်ရင် ဆင်းလို့ရတယ်။ အဲ့ဒီသူတွေပါတယ်” ဟု ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။

ဆေးရုံဆင်းခွင့်ရရှိသူ ၁၅၂ ဦးတွင် စစ်တွေမြို့မှ ၁၁၀ ဦး၊ ပေါက်တောမြို့မှ ၁၃ ဦး၊ ကျောက်တော်မြို့မှ ခြောက် ဦး၊ ကျောက်ဖြူမြို့မှ ခြောက် ဦး၊ မင်းပြားမြို့မှ ငါး ဦး၊ ဘူးသီးတောင်မြို့မှ ငါး ဦး၊ မြောက်ဦးမြို့မှ လေး ဦး၊ သံတွဲမြို့မှ နှစ် ဦး နှင့် မြေပုံမြို့မှ တစ် ဦးတို့ဖြစ်သည်။  

အဆိုပါ ဆေးရုံမှဆင်းခွင့်ရရှိသူများမှာ စစ်တွေဆေးရုံကြီးနှင့်သူနာပြုသင်တန်းကျောင်းများတွင် ကုသမှုခံယူ နေသည့် လူနာများဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် မြို့နယ် ၁၇ မြို့နယ်ရှိပြီး သြဂုတ် ၁၆ရက်မှစတင်ကာ စစ်တွေမြို့အပါအဝင် မြို့နယ် ၁၆ခုတွင် COVID-19 ရောဂါကူးစက်မှုဖြစ်ပွားခဲ့သည်။

၎င်း COVID-19 ရောဂါကူးစက်မှုအခြေအနေသည် သြဂုတ်လအကုန်ပိုင်းအထိ မြန်ဆန်ခဲ့သော်လည်း စက်တင်ဘာလဆန်းပိုင်းတွင်မူ ကူးစက်နှုန်းပြန်လည်လျာ့နည်းသွားသည့် အခြေအနေမျိုး မြင်တွေ့ရသည်။

ယင်းသို့ ကူးစက်မှုနှုန်းလျော့နည်းလာသော်လည်း ဗိုင်းရပ်စ်ပြန့်ပွားမှုအား ထိန်းချုပ်နိုင်ပြီဟု ပြောဆိုနိုင်ခြင်းမရှိ သေးကြောင်း ဒေါက်တာစိုးဝင်းပိုင်က ဆိုသည်။

“ဆရာတို့လည်း စောင့်ကြည့်နေတယ်။ အခုမှ သုံးပတ်ပဲရှိသေးတော့ ပြောဖို့ စောပါသေးတယ်။ ကူးစက်မှု ကရှိနေတယ်။ ရှိနေသေးတဲ့အတွက် ထိန်းချုပ်နိုင်ပြီလို့ ပြောဖို့က စောပါသေးတယ်။ ဆရာတို့က အိမ်မှာနေပါလို့ လူတွေကို အကြံပေးလို့ပဲရတယ်။ သိလား။ နေမှုထိုင်မှုနဲ့ သွားလာနေတာတွေတော့ ရှိမှာပေါ့လေ။ ဘယ်လိုပဲဖြစ်ဖြစ် အိမ်မှာဘဲနေပါ။ မလိုအပ်ဘဲ အပြင်မထွက်ပါနဲ့။ အပြင်ထွက်ရင်လည်း လူစုလူဝေး မလုပ်နဲ့။ တစ်ယောက်နဲ့ တစ်ယောက် social distancing(လူအများနှင့်ခပ်ခွာခွာနေခြင်း)ကို  ၆ပေအကွာနဲ့ နေပေါ့။ ပြီးလို့ရှိရင် နှာခေါင်းစည်းတပ် လက်ကို ခနခနဆေး။ ခုနကပြောတဲ့ဟာတွေကိုပဲ ပြည်သူတွေအနေနဲ့ လိုက်နာပေးပါလို့ တောင်းဆိုချင်ပါတယ်” ဟု ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် COVID-19 ရောဂါသည် ဈေးမှအဓိကပြန့်ပွားခြင်းဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏တွေ့ရှိချက်အရ သုံးသပ်ကြောင်း  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစု ကြည်က  သြဂုတ်လ ၂၅ ရက်နေ့ညပိုင်းက ပြုလုပ်သည့် ရခိုင်ပြည်နယ်အတွင်း COVID-19 ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့် စပ်လျဉ်းပြီး ပြည်သူသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့ သည်။  
ရခိုင်ပြည်နယ်အတွင်း COVID-19‌ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများပြားလာသည့်အတွက် ရောဂါကူးစက်ပျံ့နှံ့မှုကို ထိရောက်စွာထိန်းချုပ်နိုင်ရေးအတွက် ရခိုင်ပြည်နယ်တစ်ခုလုံးအား Stay at home (နေအိမ်မှာဘဲနေကြရန်)ကျန်းမာရေးဝန်ကြီးဌာနက သြဂုတ် ၂၆ရက်နေ့တွင် ကြေညာခဲ့သည်။

ရခိုင်ပြည်နယ်တွင် စက်တင်ဘာ ၁၀ရက် နံနက်ပိုင်းအထိ အတည်ပြုလူနာ စုစုပေါင်း ၆၆၄ ဦး ရှိသည့်အနက် စစ်တွေမြို့နယ်တွင် ၃၆၁ဦးရှိသည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required