ရွှေရောင် ထရမ့်ပုံတူ သက်ရှိရုပ်တုနဲ့ သမ္မတ ထရမ့်ကို ဆန့်ကျင်ဆန္ဒပြ

ရွှေရောင် ထရမ့်ပုံတူ သက်ရှိရုပ်တုနဲ့ သမ္မတ ထရမ့်ကို ဆန့်ကျင်ဆန္ဒပြ
Photo - AFP

စက်တင်ဘာ ၁၀

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ဆန့်ကျင်ဆန္ဒပြကြရာမှာ ဒီတစ်ခါ ဆန္ဒပြတဲ့ ပုံစံကတော့ ထူးခြားဆန်းပြားနေပါတယ်။ 

နယူးယောက်စီးတီးက ဘတ်တာရီပန်းခြံမှာ ဆန္ဒပြတာ ဖြစ်ပြီး အဲဒီ ဆန္ဒဖော်ထုတ်မှုကို ‘နောက်ဆုံးထိုးစစ်’ဆိုပြီးလည်း အမည်ပေးထားပါသေးတယ်။ 

ဆန္ဒပြသတဲ့ ပုံစံကတော့ ရွှေရောင်ဆေးခြယ်ထားတဲ့ ထရမ့်နဲ့ ပုံစံတူလူက ကိုရိုနာဗိုင်းရပ်စ်နဲ့ စစ်ပွဲအတွင်း သေဆုံးသူတွေရဲ့ အုတ်ဂူမှတ်တိုင်တွေပေါ်ကနေ ဂေါက်ကွင်းသုံးကားကို မောင်းနှင်နေဟန်နဲ့ ဆန္ဒပြတာပါ။ 

အဲဒီ ရွှေရောင် ထရမ့်ပုံစံတူနဲ့ ကားနောက်မှာလည်း ရွှေရောင်ဆေးခြယ်ထားတဲ့ Fox News ရုပ်သံသတင်းထောက်တွေက လိုက်ပါနေတဲ့ပုံစံ ရုပ်တုပုံစံလုပ်ပြီး ဆန္ဒပြကြတာပဲ ဖြစ်ပါတယ်။ 

ရုပ်ရှင်ထုတ်လုပ်သူ ဘရိုင်ယန်ဘတ်ကလေးဦးဆောင်တဲ့ အနုပညာရှင်အဖွဲ့ဖြစ်တဲ့ ‘ထရမ့်ရုပ်တုပမာဏ’ဆိုတဲ့ အဖွဲ့က အခု ရွှေရောင်သက်ရှိရုပ်တုကို ခင်းကျင်းပြသတာပဲ ဖြစ်ပါတယ်။ 

အမေရိကန်နိုင်ငံမှာ နိုဝင်ဘာ ၃ ရက် ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ထရမ့်ဟာ စိန်ခေါ်မှုတွေ ကြုံနေရပါတယ်။ ဒီမိုကရက်တစ်ပြိုင်ဖက် ဂျိုးဘိုင်ဒင်က အလားအလာကောင်းနေသမျှ ထရမ့်အတွက်က ဖြေရှင်းစရာ ဝေဖန်မှုတွေက ရှိနေတာပဲ ဖြစ်ပါတယ်။ 

ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးမှာ ကူးစက်ဖြစ်ပွားသူနဲ့ သေဆုံးသူဦးရေ မြင့်မားတာကြောင့် ထရမ့်ဟာ ဝေဖန်စရာ ဖြစ်နေပါတယ်။ 

ဒီအတောအတွင်းမှာပဲ ထရမ့်က စစ်ပွဲအတွင်း ကျဆုံးစစ်သားတွေဟာ အရှုံးသမားတွေ၊ လူနုံလူအတွေ ဖြစ်တယ်ဆိုပြီး ပြောဆိုဖူးတယ်ဆိုတဲ့ သတင်း ထွက်ပေါ်လာတာကြောင့် အရေးကြီးတဲ့ စစ်ပြန်ဟောင်းတွေရဲ့ မဲရလဒ်အတွက်တော့ အထိနာစရာ ဖြစ်နေပါတယ်။ 

ထရမ့်ကတော့ သူ အဲဒီလို ပြောဆိုခဲ့ခြင်း မရှိဘူးဆိုပြီး ငြင်းဆန်ထားပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required