ကြောင်များက ယခင် ထင်ထားသည်ထက် ကိုရိုနာဗိုင်းရပ်စ် ပိုပြီး ကူးစက်ခံရဖွယ် ရှိ

ကြောင်များက ယခင် ထင်ထားသည်ထက် ကိုရိုနာဗိုင်းရပ်စ် ပိုပြီး ကူးစက်ခံရဖွယ် ရှိ

စက်တင်ဘာ ၁၀

သုတေသနသစ်တစ်ရပ်က အဆိုပြုလာသည်မှာ ကြောင်များသည် ယခင် ထင်ထားသည်ထက် ကိုရိုနာဗိုင်းရပ်စ် ပိုမိုပြီး ကူးစက်ခံရဖွယ် ရှိသည်ဟု ဆိုရာ ယင်းကြောင့် ကြောင်များတွင် ဗိုင်းရပ်စ်အား တိုက်ဖျက်သည့် တမူထူးသော နည်းလမ်းများ ရှိနေနိုင်သည်ဟု ကောက်ချက်ချစရာ ရှိနေသည်။  

အဆိုပါ တွေ့ရှိချက်ကို Emerging Microbes & Infections ဂျာနယ်တွင် ပြီးခဲ့သည့် သီတင်းပတ်က ဖော်ပြခဲ့ခြင်း ဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားပြီးနောက် တရုတ်နိုင်ငံ ဝူဟန်မြို့မှ ကြောင် ၁၀၂ ကောင်မှ သွေးရည် ကြည်ကို Huazhong Agricultural တက္ကသိုလ်မှ သုတေသနပညာရှင်များက ရယူကာ သုတေသနပြုခဲ့ခြင်း ဖြစ်သည်။   

အဆိုပါ ကြောင် ၁၀၂ ကောင်တွင် ၁၅ ကောင်၌ COVID-19 ကို တိုက်ဖျက်သည့် ပဋိပစ္စည်းများ ရှိနေသည်ကို တွေ့ရှိခဲ့သည်။  

ထို ၁၅ ကောင်မှ ၁၁ ကောင်တွင် ဗိုင်းရပ်စ်ကို တင်းတင်းကျပ်ကျပ် ပိတ်ဆို့ထားသော အာနိသင်လျော့ပါးစေသည့် ပဋိပစ္စည်းများကို တွေ့ရှိရပြီး ယင်းက ကူးစက်ဖြစ်ပွားမှုကို တားဆီးကာကွယ်ထားခြင်း ဖြစ်နိုင်သည် ထို ကြောင် ၁၁ ကောင်တွင် ဆေးရုံများမှ လေးကောင်၊ လမ်းဘေးကြောင် လေးကောင်နှင့် COVID-19 လူနာရှင်များ ပိုင်ဆိုင်သည့် ကြောင်သုံးကောင်တို့ ဖြစ်ကြသည်။  

“COVID-19 လူနာတွေ ပိုင်တဲ့ ကြောင်သုံးကောင်မှာ ရောဂါကို ကာကွယ်တိုက်ဖျက်တဲ့ ပဋိပစ္စည်းတွေ မြင့်မြင့်မားမား ရှိနေတာ တွေ့ရတယ်။”ဟု ဂျာနယ်တွင် ဖော်ပြထားသော သုတေသနပြုချက်က ဆိုသည်။  

ဝူဟန်တွင် လူများ၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားပြီးနောက် ကြောင်များတွင် ယခုကဲ့သို့ ပဋိပစ္စည်းများ တွေ့လာရခြင်းသည် လူထံမှ ကြောင်ဆီသို့ ဗိုင်းရပ်စ် ကူးစက်မှု ရှိသလားဆိုသည့် မေးခွန်းက ပို၍ အားကောင်းလာသည်ကို ညွှန်ပြနေခြင်း ဖြစ်ကြောင်း သုတေသနပညာရှင်များက ပြောသည်။  

သို့သော် ပဋိပစ္စည်းများရှိနေသော မည်သည့် ကြောင်မှ ကိုရိုနာဗိုင်းရပ်စ် ပိုး မတွေ့သကဲ့သို့ ရောဂါလက္ခဏာပြခြင်း၊ ယင်း ဗိုင်းရပ်စ်ကြောင့် သေဆုံးခြင်းများ မရှိထားပေ။ ယခင် သုတေသနများက ကြောင်များသည်လည်း COVID-19 ကူးစက်ဖြစ်ပွားနိုင်ကြောင်း ဆိုထားခြင်း ဖြစ်သည်။   

လက်ရှိ သုတေသနသစ်ကမူ ယခု ကြောင်များတွင် ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမတွေ့ရှိသည့်တိုင်အောင် ကြောင်များသို့ ဗိုင်းရပ်စ် ကူးစက်ရရှိပြီး ယင်းကို ကာကွယ်သော ပဋိပစ္စည်းများ ဖွံ့ဖြိုးလာမှုကြောင့် ကူးစက်ဖြစ်ပွားသည်ကို မတွေ့ရှိခြင်း ဖြစ်နိုင်သည်ဟု ဆိုထားသည်။ 

COVID-19 ဖြစ်ပွားနေသော ပိုင်ရှင်တစ်ဦးထဲမှ ကြောင်နှစ်ကောင်တွင် ပဋိပစ္စည်း ပါဝင်နှုန်း အမြင့်မားဆုံးရှိနေသည်ကို တွေ့ရှိရသည်။ ထို ကြောင်နှစ်ကောင်၌ ပဋိပစ္စည်းများ မည်မျှကြာအောင် ဇီဝလည်ပတ်နေသည်ကို သုတေသနပညာရှင်များက အခြား ကြောင်များထက်ပို၍ ခြေရာကောက် ဆန်းစစ်ခဲ့သည်။  

မတ်လအစောပိုင်း၌ ထို ကြောင်များတွင် ပဋိပစ္စည်း စတင်တွေ့ရှိပြီးနောက် ဆယ်ရက်ဝန်းကျင်၌ ပဋိပစ္စည်းနှုန်းထား အမြင့်ဆုံး ရောက်ရှိခဲ့သော်လည်း ချက်ချင်းပင် ပြန်လည်ကျဆင်းသွားခဲ့သည်။ ဇွန်လတွင် ပဋိပစ္စည်းများက မကျန်ရစ်သလောက်ပဲ ရှိတော့သည်။ 

ထိုကြောင့် ကြောင်များ၌ ရောဂါကို ကာကွယ်စွမ်းသော ပဋိပစ္စည်းများ ဖွံ့ဖြိုးမှု ရှိသော်လည်း ရာသီပေါ်ဗိုင်းရပ်စ်တစ်မျိုးမျိုးကို တုံ့ပြန်ရာ၌ ၎င်းတို့၏ ခန္ဓာကိုယ်အတွင်း ယာယီပဋိပစ္စည်းများ ထွက်ပေါ်ခြင်းဖြစ်ပြီး ရေရှည်ခုခံစွမ်းအား တည်မြဲခြင်းတော့မဟုတ်ဟု သုတေသနပညာရှင်များက မှတ်ချက်ချသည်။ ယင်းကြောင့် ကြောင်များသည်လည်း လက်ရှိ၌ ဗိုင်းရပ်စ်ကူးစက်နိုင်ခြေ ရှိနေသည်ဟု ညွှန်ပြနေခြင်းပင် ဖြစ်သည်။ 

လက်ရှိအထိ ကြောင်မှ လူသို့ ဗိုင်းရပ်စ် ကူးစက်သည့် ခိုင်မာသော သက်သေအချက်အလက်မရှိသကဲ့သို့ လူမှ ကြောင်သို့ ကူးစက်သည်ဆိုခြင်းကိုလည်း သိရှိရမှု များများစားစား မရှိထားဟု ဆိုသော်လည်း အိမ်မွေးတိရစ္ဆာန်များနှင့် သတိထားထိတွေ့ဆက်ဆံသင့်သည်ဟု သုတေသနပညာရှင်များက မှတ်ချက်ပြုသည်။ 

“ခွေး၊ ကြောင်တို့လို အဖော်ပြုအိမ်မွေးတိရစ္ဆာန်တွေနဲ့ COVID-19 လူနာတို့ကို သင့်တော်တဲ့ အကွာအဝေးနဲ့ ခွဲထားတဲ့ ကာကွယ်တားဆီးရေး လုပ်ငန်းစဉ်အချို့ကို အကောင်အထည် ဖော်သင့်ပါတယ်။ ပြီးတော့ တစ်ကိုယ်ရည်သန့်ရှင်းရေးနဲ့ ရောဂါခြေချုပ် စည်းမျဉ်းစည်းကမ်းတွေကို ဒီ ဘေးအန္တရာယ် ရှိနိုင်တဲ့ တိရစ္ဆာန်တွေအတွက်လည်း ဖော်ဆောင်ထားသင့်တယ်။”ဟု အဆိုပါ သုတေသနစာတမ်း၌ ရေးသားဖော်ပြထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required