ကားဖြင့်လှည့်လည်ကာကျန်းမာရေးစစ်ဆေးသည့်အစီအစဉ် ကန့်ကွက်မှုများကြောင့် ဖျက်သိမ်း

ကားဖြင့်လှည့်လည်ကာကျန်းမာရေးစစ်ဆေးသည့်အစီအစဉ် ကန့်ကွက်မှုများကြောင့် ဖျက်သိမ်း
Photo Creadit - U Aung Htike

စက်တင်ဘာ ၉

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင် ကိုယ်အပူချိန်တိုင်းကိရိယာပါရှိသော ကားများဖြင့် လှည့်လည်ကာကျန်းမာရေးစစ်ဆေးသည့်အစီအစဉ်ကို ဝေဖန်ကန့်ကွက်မှုများကြောင့် ဖျက်သိမ်းလိုက်ကြောင်း လူမှုရေးဝန်ကြီးဦးနိုင်ငံလင်းက မဇ္ဈိမကို ပြောသည်။

ပြည်သူလူထု၏ ကန့်ကွက်ဝေဖန်မှုကိုထည့်သွင်းစဉ်းစားကာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ညွှန်ကြားချက်ကြောင့် ဖျက်သိမ်းလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ''အခုလက်ရှိဖြစ်နေတဲ့ ရောဂါပိုးဟာ ရောဂါလက္ခဏာမပြလည်း ရောဂါပိုးရှိနေတာ (Positive ) ဖြစ်ကောင်းဖြစ်နိုင်တယ်။ အဲ့ဒီလိုအခြေအနေမျိုးမှာ ကျွန်တော်တို့ သွားစစ်မယ်ဆိုရင် အင်းစိန်တို့၊ လှိုင်သာယာတို့ လုပ်ခဲ့သလိုမျိုး အကျိုးရလဒ်မျိုး ရနိုင်မှာမဟုတ်ဘူးလို့ မျှော်လင့်တယ်ပေါ့နော်။ အဲ့ဒီလိုအခြေအနေမျိုးကြောင့် ဒါရပ်သင့်တယ်ပေါ့နော်။ နောက်ဒါအန္တရာယ်အရမ်းကြီးတယ်ဆိုတာကြောင့် ကျွန်တော်တို့ ရပ်ဆိုင်းလိုက်တာဖြစ်ပါတယ်” ဟု ပြောသည်။

ကားဖြင့် ကွင်းဆင်းလှည့်လည်ပြီး ကျန်းမာရေးစစ်ဆေးသည့်အစီအစဉ်ကို ရန်ကုန်တိုင်းဒေသကြီးစည်ပင်သာယာနယ်နိမိတ်အတွင်းရှိ မြို့နယ် ၃၃ မြို့နယ်တွင် ၁၅ ရက်တာအတွင်း အပြီးလုပ်ဆောင်သွားရန် ရန်ကုန်တိုင်းဒေသကြီး COVID-19 ရောဂါအ‌ရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် တိုင်းကျန်းမာရေးတို့ ပူးပေါင်းစီစဉ်ခဲ့ခြင်းဖြစ်သည်။

ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ရန် ကားအနီး၌ အားလုံးစုဝေးစောင့်ဆိုင်းရခြင်းဖြစ်ပြီး တစ်ဦးနှင့် တစ်ဦးကြား ခပ်ခွာခွာနေရန် သတ်မှတ်ထားသော်လည်း အချိန်နှင့်နေရာအခက်အခဲကြောင့် လူစုလူဝေးဖြစ်နေသည့်အပေါ် ဝေဖန်မှုများထွက်ပေါ်နေခဲ့သည်။

ဦးနိုင်ငံလင်းက  “အဲ့ဒီအသံတွေကြောင့်ပဲ လူကြီးတွေက ဆုံးဖြတ်လိုက်တာပါ။ ကျွန်တော်တို့ ဒီအလုပ်လုပ်ခဲ့တုန်းကလည်း စေတနာထားပြီး ပြည်သူလူထုကို ကူးစက်မှုမများခင် ကျွန်တော်တို့ ထိန်းချုပ်နိုင်အောင် ကျွန်တော်တို့ ကြိုးစားတာဖြစ်ပါတယ်။ သို့သော်လည်း အများရဲ့ တင်ပြမှုနဲ့ တာဝန်ရှိသူတွေရဲ့ ဆုံးဖြတ်ချက်ကြောင့် ကျွန်တော်တို့ ရပ်ဆိုင်းလိုက်တာဖြစ်ပါတယ်” ဟု ပြောသည်။

 ရန်ကုန်တွင် COVID-19 ရောဂါကူးစက်ဖြစ်ပွားမှုအများဆုံး မြို့နယ်ဖြစ်သည့် သင်္ဃန်းကျွန်းမြို့နယ်ရှိ ကူးစက်မှုများပြားနေသည့် ရပ်ကွက် ၁၀ခုတွင် ကားဆယ်စီးဖြင့် စက်တင်ဘာလ ၈ ရက်နေ့ကစတင်ဆောင်ရွက်ခဲ့  သည်။ကျန်းမာရေးဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေး၊ ကြက်ခြေနီနှင့် လုပ်အားပေးစေတနာ့ဝန်ထမ်းများက ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ခဲ့ပြီး စက်တင်ဘာလ ၉ ရက်နေ့မနက်ပိုင်းက တာမွေမြို့နယ်မှာလည်း ပြုလုပ်ခဲ့ သေးသည်။

ကားများဖြင့် ကွင်းဆင်းလှည့်လည်ကာ  ကျန်းမာရေးစစ်ဆေးရာတွင် ကိုယ်အပူချိန်တိုင်းခြင်း၊ ခရီးသွားရာဇဝင်ရှိ၊မရှိ၊ ကိုဗစ်ရောဂါလက္ခဏာများဖြစ်သည့် နှာချေ၊ ချောင်းဆိုး၊ အနံ့နှင့် အရသာမရခြင်းတို့ရှိ၊ မရှိ မေးမြန်း စစ်ဆေးမှုများပြုလုပ်ပြီး သံသယလက္ခဏာတွေ့ရှိရသူများကို သက်ဆိုင်ရာဆေးရုံများသို့ လွှဲပြောင်းကာ ဓာတ်ခွဲနမူနာစစ်ဆေးရန် စီစဉ်ထားခြင်း ဖြစ်သည်။

ပြီးခဲ့သည့် မေလအတွင်းကလည်‌း  COVID-19‌ရောဂါကူးစက်ဖြစ်ပွားမှုများပြားနေသည့် မရမ်းကုန်းမြို့နယ်၊ အင်းစိန်မြို့နယ် လှိုင်သာယာမြို့နယ်နှင့် တာမွေမြို့နယ်များတွင် ကားများဖြင့် ကွင်းဆင်းလှည့်လည်ကျန်းမာရေး စစ်ဆေးမှုများကို ပြုလုပ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly