ဂျပန်မှာ ဝန်ကြီးချုပ်သစ်ခန့်အပ်ရေးအတွက် ရွေးကောက်ပွဲကို စတင်

ဂျပန်မှာ ဝန်ကြီးချုပ်သစ်ခန့်အပ်ရေးအတွက် ရွေးကောက်ပွဲကို စတင်
Photo - AFP

စက်တင်ဘာ ၉ 

ဂျပန်နိုင်ငံရဲ့ အာဏာရပါတီဖြစ်တဲ့ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) ဟာ ဝန်ကြီးချုပ်ရှင်ဇိုအာဘေးရဲ့ အရိုက်အရာအတွက် ယှဉ်ပြိုင်သွားမယ့် ကိုယ်စားလှယ်လောင်းသုံးဦးကို  အင်္ဂါနေ့က သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး မိတ်ဆက်ပေးခဲ့ပါတယ်။ 

အဲဒီအထဲက အသက် ၇၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကက်ဘိနက်အတွင်းဝန်ချုပ် ယိုရှီဟီဒဲဆူဂါ ကတော့ စက်တင်ဘာ ၁၄ ရက်မှာပြုလုပ်မယ့် ပါတီခေါင်းဆောင်ရွေးကောက်ပွဲမှာ အများစုရဲ့ထောက်ခံမှုရဖို့ သေချာနေပါတယ်။  

LDP ပါတီဝင်အများစုရဲ့ထောက်ခံမှုကြောင့် ဆူဂါဟာ စက်တင်ဘာ ၁၆ ရက်မှာပြုလုပ်မယ့် ပါလီမန်ရဲ့မဲခွဲဆုံးဖြတ်ချက်မှာလည်း အနိုင်ရဖို့ သေချာသလောက်ရှိနေပြီး ဝန်ကြီးချုပ်သစ် ဖြစ်လာနိုင်ပါတယ်။  

ဂျပန်နိုင်ငံရဲ့ သက်တမ်းအရှည်ဆုံး ဝန်ကြီးချုပ်ဖြစ်တဲ့ အာဘေးက ကျန်းမာရေးအခြေအနေကြောင့် နုတ်ထွက်ဖို့ ရုတ်တရက် ကြေညာလိုက်ပြီးတဲ့နောက် LDP ပါတီခေါင်းဆောင် ရွေးချယ်ပွဲ စတင်ခဲ့တာဖြစ်ပါတယ်။  

ဆူဂါနဲ့အတူ ကာကွယ်ရေးဝန်ကြီးဟောင်း ရှီဂဲရု အီရှီဘာနဲ့ ပါတီမူဝါဒအကြီးအကဲ ဖူမီအို ကီရှီဒါ တို့ ပါတီခေါင်းဆောင်အဖြစ်ယှဉ်ပြိုင်မယ့်အကြောင်း အင်္ဂါနေ့မနက်ပိုင်းက တရားဝင် ကြေညာခဲ့တာဖြစ်ပါတယ်။ 

ကက်ဘိနက်အတွင်းဝန်ချုပ်ဖြစ်တဲ့ ယိုရှီဟီဒဲဆူဂါက “ ခုလို ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကျရောက်နေတဲ့အချိန်မှာ အရေးကြီးဆုံးက အလုပ်အကိုင်တွေ တည်တံ့ဖို့နဲ့ စီးပွားရေးတွေကို အထောက်အကူပေးဖို့ဖြစ်ပါတယ်” လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။  

LDP ရဲ့ မူဝါဒအကြီးအကဲဖြစ်တဲ့ ဖူမီအို ကီရှီဒါက “ရှင်ဇိုအာဘေးဖော်ဆောင်ခဲ့တဲ့ အာဘေးနိုမစ် စီးပွားရေးမူဝါဒရဲ့ အကျိုးအမြတ်တွေကို ဘယ်လိုဖြန့်ဝေပေးသင့်လဲ၊ ကပ်ရောဂါကြောင့်ဖြစ်လာတဲ့ တရားမမျှတမှုတွေကို ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာနဲ့ အရင်းရှင်ဝါဒီသစ်ကို ဘယ်လို ဦးဆောင်သွားသင့်လဲဆိုတာတွေကို ကျွန်တော် အလေးထားလုပ်ဆောင်သွားမှာပါ” လို့ပြောပါတယ်။ 

ကာကွယ်ရေးဝန်ကြီးဟောင်းဖြစ်တဲ့ ရှီဂဲရုအီရှီဘာက “နိုင်ငံရေး၊ စီးပွားရေး၊ ဘဏ္ဍာရေး၊ ယဉ်ကျေးမှုနဲ့ သတင်းအချက်အလက်တွေကို အာရုံစူးစိုက်လုပ်နေရတဲ့ တိုကျိုကို ဖိအားတွေမပိုစေရပါဘူး။ သယ်ယူပို့ဆောင်ရေးတွေတိုးတက်လာတာ သတင်းအချက်အလက်တွေ များပြားလာတာနဲ့အတူ စိတ်ပိုင်းဆိုင်ရာ အာရုံစူးစိုက်မှုတွေကလည်း မြင့်တက်နေပါတယ်။ မြို့တော်အတွက်သာမက တစ်နိုင်ငံလုံးအတွက်ပါ ဖွဲ့စည်းပုံဆိုင်ရာ ပြဿနာရှိနေပါတယ်။ တွေးခေါ်တဲ့ပုံစံမပြောင်းလဲဘဲနဲ့ ကိုယ့်နယ်မြေကို ဆက်လက်မထိန်းသိမ်းထားနိုင်ပါဘူး” လို့ပြောပါတယ်။  

ကိုယ်စားလှယ်လောင်းတွေဟာ ဆန္ဒမဲပေးပွဲမတိုင်ခင်မှာ စကားစစ်ထိုးပွဲ နှစ်ကြိမ် ပြုလုပ်ရမှာဖြစ်ပြီး LDP အမတ်တွေနဲ့ ဂျပန်ရဲ့ ဒေသ ၄၇ ခုကနေ ဒေသတစ်ခုကို ပါတီကိုယ်စားလှယ် သုံးဦးစီတို့က မဲပေးဆုံးဖြတ်ကြမှာဖြစ်ပါတယ်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required