သင်္ဃန်းကျွန်းမြို့နယ်က COVID-19 အတည်ပြုလူနာသစ် ၇၂ ဦးမှာ Music Zone KTV ဆိုင် ဝန်ထမ်းများဖြစ်

သင်္ဃန်းကျွန်းမြို့နယ်က COVID-19 အတည်ပြုလူနာသစ် ၇၂ ဦးမှာ Music Zone KTV ဆိုင် ဝန်ထမ်းများဖြစ်
ဓာတ်ပုံ - သူရ / မဇ္ဈိမ

စက်တင်ဘာ ၉ ရက်

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စက်တင်ဘာလ ၉ ရက် နံနက်ပိုင်း ထုတ်ပြန်ချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်မှ COVID-19 အတည်ပြုလူနာ ၇၃ ဦးအနက် ၇၂ ဦးသည် Music Zone KTV မှ ဝန်ထမ်းများဖြစ်ကြောင်း သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က အတည်ပြုသည်။

"၇၂ ယောက်ကတော့ ဇဝနရပ်ကွက်ထဲမှာရှိတဲ့ စားသောက်ဆိုင်တစ်ခုက ဝန်ထမ်းတွေပေါ့။ ပထမ စာရေးမ နှစ်ယောက် (ပိုး) တွေ့တယ် ဆိုကတည်း lockdown ချထားတာ။ အခုတော့ positive တွေ့တဲ့လူတွေကိုတော့ တိုင်း ကျန်းမာရေးက ဆေးရုံပို့မယ်ထင်တယ်။ လာတော့ ခေါ်နေပြီ။ အယောက် ၂၀ လောက်တော့ ခေါ်ပြီးသွားပြီ" ဟု ဦးနေဘုန်းလတ်က ဆိုသည်။

လူနာအမှတ် (၇၄၁) နှင့် ဆက်စပ်၍ Music Zone KTV မှ ဝန်ထမ်းများအား ကွာရန်တင်းထားပြီး ဓာတ်ခွဲနမူနာ စစ်ဆေးရာတွင် ယခုကဲ့သို့ ပိုးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။  

ပြီးခဲ့သည့် စက်တင်ဘာလ ၄ ရက်နေ့က Music Zone KTV မှ ဝန်ထမ်းနှစ်ဦးတွင် COVID-19 ပိုးတွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

Music Zone သည် သင်္ဃန်းမြို့နယ်၊ ဇဝနရပ်ကွက်၊ သုမင်္ဂလာလမ်းမတွင် ဖွင့်လှစ်ထားခြင်းဖြစ်ပြီး စားသောက်ဆိုင်နှင့် KTV ကာရာအိုကေတို့ တွဲထားသော ဆိုင်ဖြစ်သည်။

ဓာတ်ပုံ - သူရ / မဇ္ဈိမ

ရန်ကုန်တိုင်းဒေသကြီးရှိ COVID-19 ရောဂါပိုးတွေ့ရှိသည့် မြို့နယ် ၃၈ ခုတွင် သင်္ဃန်းကျွန်းမြို့နယ်က ၁၇၁ ဦးဖြင့် ပိုးတွေ့လူနာ အများဆုံး မြို့နယ် ဖြစ်သည်။

"ကျွန်တော်တို့ အပိုင်းကတော့ အဓိကကတော့  ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့  ထုတ်ပြန်ချက်တွေကို တိတိကျကျ လိုက်နာဖို့ ကိစ္စတွေပေါ့နော်။ နောက်ပြီးတော့ အသိပညာပေးတဲ့ကိစ္စတို့၊ တိုက်တွန်းတဲ့ကိစ္စတို့ပဲ ကျွန်တော်တို့ လုပ်နိုင်တာလေ။ ကျန်တဲ့ဟာကတော့ lockdown လုပ်တာတွေ၊ stay at home လုပ်တာတွေကတော့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေပဲ စောင့်ရမှာပေါ့နော်။ အခုတော့ ညွှန်ကြားချက်တွေအတိုင်း တချို့တိုက်တွေကိုတော့ lockdown ချထားတာရှိတယ်" ဟု ဦးနေဘုန်းလတ်က ဆိုသည်။

Stay at home အဖြစ် သတ်မှတ်ထားသည့် မြို့နယ် ခုနစ်မြို့နယ်တွင် သင်္ဃန်းကျွန်းမြို့နယ်လည်း ပါဝင်သည်။

မြန်မာနိုင်ငံတွင် စက်တင်ဘာလ ၉ ရက် နံနက်ပိုင်းအထိ COVID-19 အတည်ပြုလူနာ ၁၈၀၇ ဦးရှိပြီး သေဆုံးသူ ၁၂ ဦးအထိ ရှိပြီဖြစ်သည်။ ရောဂါပိုးကင်းစင်၍ ဆေးရုံဆင်းခွင့်ရရှိသူ ၄၆၀ဦး ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required