COVID-19 အတည်ပြုလူနာ ၂ဦး သေဆုံး

စက်တင်ဘာ ၉ရက် 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ စက်တင်ဘာ ၉ရက် နံနက်ပိုင်း ထုတ်ပြန်ချက်အရ COVID-19 အတည်ပြုလူနာ နှစ်ဦး သေဆုံးသွားကြောင်း သိရသည်။ 

သေဆုံးသူ နှစ်ဦးသည် လူနာအမှတ်(၈၈၅)နှင့် လူနာအမှတ် (၁၆၉၂) တို့ဖြစ်သည်။ 

လူနာအမှတ်(၈၈၅)သည် အသက် ၅၁နှစ်အရွယ် အမျိုးသားဖြစ်ပြီး ဝေဘာဂီအထူးကုဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသူဖြစ်ကာ စက်တင်ဘာ ၉ရက် နံနက် ၃နာရီခွဲအချိန်တွင် ရုတ်တရက်နှလုံးရပ်ပြီး ပြင်းထန်အဆုတ် ရောင်ရောဂါကြောင့် ရုတ်တရက် အသက်ရှူလမ်းကြောင်း ပျက်စီးခြင်းဖြင့် သေဆုံးသွားသည်။ 

လူနာအမှတ်(၁၆၉၂)သည် အသက် ၅၇နှစ်အရွယ် အမျိုးသမီးဖြစ်ပြီး ဆီးချို၊ သွေးတိုးရောဂါအခံရှိသူဖြစ်ကာ သူသည် သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသူဖြစ်သည်။ 

၎င်းသည် စက်တင်ဘာ ၇ရက် ညနေ ၄နာရီကျော်ခန့်က ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက် အသက်ရှူလမ်းကြောင်း ပျက်စီးခြင်းဖြင့် သေဆုံးခဲ့သည်။ 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စက်တင်ဘာ ၈ရက် ညပိုင်းထုတ်ပြန်ချက်တွင်လည်း အတည်ပြုလူနာ နှစ်ဦး သေဆုံးသွားကြောင်း တွေ့ရသည်။   

မြန်မာနိုင်ငံတွင် စက်တင်ဘာ ၉ရက် နံနက်ပိုင်းအထိ COVID-19 အတည်ပြုလူနာ ၁၈၀၇ဦးရှိပြီး သေဆုံးသူ ၁၂ဦးအထိရှိပြီဖြစ်သည်။ 

ရောဂါပိုးကင်းစင်၍ ဆေးရုံဆင်းခွင့်ရရှိသူ ၄၆၀ဦး ရှိသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required