အမျိုးသမီးများအပေါ်အကြမ်းဖက်မှုအား ထိထိရောက်ရောက်တားဆီးကာကွယ်ပေးနိုင်မည့် လိုအပ်နေဆဲ ဥပဒေမူဘောင်

By ဒေါ်လှလှရီ
07 September 2020
အမျိုးသမီးများအပေါ်အကြမ်းဖက်မှုအား ထိထိရောက်ရောက်တားဆီးကာကွယ်ပေးနိုင်မည့် လိုအပ်နေဆဲ ဥပဒေမူဘောင်

စက်တင်ဘာ ၇

အိမ်တွင်းအကြမ်းဖက်မှုများအပါအဝင် အမျိုးသမီးများအပေါ် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ လူမှုစီးပွားဆိုင်ရာနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများအတွက် တရားမျှတမှုတောင်းဆိုရာတွင် ရင်ဆိုင်ကြုံတွေ့နေရသောစိန်ခေါ်မှုများနှင့် လက်ရှိပြဌာန်းထားသော ဥပဒေများ၏အားနည်းချက်များကြောင့် ကျား၊မအခြေပြု အကြမ်းဖက်ခံရမှုများသည် တနေ့ထက်တနေ့များပြားစွာ ဖြစ်ပွားလျက်ရှိသည်။ ယခုကဲ့သို့ COVID-19 ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း နိုင်ငံအသီးသီးတွင် အိမ်တွင်းအကြမ်းဖက်ခံရမှုများ ပိုမိုမြင့်တက်လာသည့်အလျောက် မြန်မာနိုင်ငံတွင်လည်း သိသာထူးခြားစွာမြင့်တက်လျှက်ရှိကြောင်းကို  ဥပဒေရေးရာကုစားရေးအဖွဲ့ (မြန်မာ) ၏ လေ့လာဆန်းစစ်ထားသည့် အချက်အလက်များအရလည်း တွေ့မြင်ရပါသည်။ 

အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုပပျောက်ရေးဆိုင်ရာသဘောတူစာချုပ် (CEDAW) ကို မြန်မာနိုင်ငံက ၁၉၉၇ ခုနှစ်တွင်လက်မှတ်ရေးထိုးခဲ့ချိန်မှစပြီး နိုင်ငံအတွင်းရှိ လိင်ကွဲပြားမှုပေါ်အခြေခံသော အကြမ်းဖက်မှုများကို တားဆီးနိုင်ရန်နှင့် ကျူးလွန်ခံရသူများအား အကာအကွယ်ပေးနိုင်ရန်လိုအပ်သည့် ဉပဒေပြဌာန်းရန် တောင်းဆိုမှုများရှိလာခဲ့ပါသည်။ အထူးသဖြင့် အမျိုးသမီးများအပေါ်ကျူးလွန်သော အကြမ်းဖက်မှုအားလုံး၏ သုံးပုံနှစ်ပုံခန့်သည် အိမ်တွင်းအကြမ်းဖက်မှုများ ဖြစ်သည့်အပြင် လက်ရှိ ပြဌာန်းထားသည့် ဥပဒေများက ကျူးလွန်ခံရသူများကို အပြည့်အဝအကာအကွယ်ပေးနိုင်ရန် အားနည်း နေခြင်းကြောင့် ဥပဒေပြဌာန်းရာတွင် အိမ်တွင်းအကြမ်းဖက်ခံရမှုအတွက် အထူးပြုပြဌာန်းပေးရန် အရပ်ဖက် လူ့အဖွဲ့စည်းများ၊ အမျိုးသမီးအခွင့်အရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူများနှင့် ဉပဒေရေးရာ အကာအကွယ်ပေးရေးအဖွဲ့များက  တောင်းဆိုမှုများရှိလာခဲ့သည်။ 

ထိုကဲ့သို့အရေးတကြီးတောင်းဆိုရန်လိုအပ်သည့် အကြောင်းအရင်းများစွာလည်းရှိပါသည်။ မြန်မာနိုင်ငံသည် မတူကွဲပြားသော တိုင်းရင်းသားလူမျိုးပေါင်း ၁၃၀ ကျော်နေထိုင်သည့်နိုင်ငံဖြစ်သည့်အလျောက် တိုင်းရင်းသားလူမျိုးအလိုက် ကိုးကွယ်သည့်ဘာသာ၊ ကျင့်သုံးသည့် ဓလေ့၊ ရိုးရာနှင့် ယဉ်ကျေးမှုများလည်း မတူညီသကဲ့သို့ တရားမျှတမှုအတွက် ဖြေရှင်းသည့်ပုံစံများမှာလည်း နေရာ၊ဒေသ၊လူမျိုးနှင့် ကိုးကွယ်သည့် ဘာသာအပေါ်တွင် မူတည်ပြီးကွဲပြားခြားနားပါသည်။ အထူးသဖြင့် အမျိုးသမီးများ အကြမ်းဖက်ခံခြင်း၊ အခွင့်အရေး တန်းတူညီမျှမရှိခြင်း နှင့်အခွင့်အရေးချိုးဖောက်ခံရခြင်းများနှင့်ပတ်သက်ပြီး တရားမျှတမှု တောင်းဆိုမှုနှင့် ဖြေရှင်းပေးနေမှုအပိုင်းတွင် မေးခွန်းထုတ်စရာနှင့် စိန်ခေါ် မှုများရှိနေပါသည်။ 

ထိုသို့ တရားမျှတမှုတောင်းဆိုရာတွင် ပတ်သက်ဆက်နွယ်နေသည့်ဥပဒေများစွာ ရှိသကဲ့သို့ နောက်ဆက်တွဲ အနေဖြင့်အမျိုးသမီး၏ ကွာရှင်းခွင့်၊ ပစ္စည်းပိုင်ဆိုင်ခွင့်၊  အမွေဆက်ခံခွင့် နှင့် သားသမီးအုပ်ထိမ်းခွင့် များမှာလည်း ကိုးကွယ်မှုဘာသာအပေါ် မူတည်ပြီး ဉပဒေကြောင်းအရကွဲပြားကာ ခွဲခြားဆက်ဆံထားမှုများ လည်းရှိပါသည်။ ၎င်းကွဲပြားနေသော ပြဌာန်းဥပဒေများအနက်မှ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုများနှင့် ပတ်သက်ပြီး တရားစွဲဆိုမှုအများဆုံး ဉပဒေတခုဖြစ်စည့် ၁၉၈၁ ရာဇသတ်ကြီးဥပဒေသည် အမျိုးသမီးအကြမ်းဖက်ခံရမှုများကိုအပြည့်အဝအကာအကွယ်မပေးနိုင်ရုံသာမက အချို့သောပြစ်ဒဏ်များနှင့် ပြဌာန်းချက်များမှာခေတ်ကာလအားဖြင့် လျော်ညီမှုမရှိခြင်း၊ အကြမ်းဖက်ခံရသူအနေအထားနှင့် နောက်ဆက်တွဲ အကျိုးဆက်များကိုထည့်သွင်းပြဌာန်းထားမှုမရှိခြင်းတို့အပြင် အကြမ်းဖက်ခံရမှုများကိုကျယ်ပြန့်စွာ အဓိပ္ပါယ်ဖွင့်ဆိုထားမှု မရှိခြင်းနှင့်သေချာတိကျသောတားမြစ်ပြဌာန်းချက်များမရှိသည့်အတွက် တရားမျှတမှုရရှိရန် ခက်ခဲလျှက်ရှိပါသည်။ 

နာကျင်အောင်ကိုယ်ထိလက်ရောက်ပြုခြင်း ရာဇသတ်ကြီး ပုဒ်မ-၃၂၃ (ဉပမာအားဖြင့် အမျိုးသမီးတစ်ဦးသည် လင်ယောက်ျားဖြစ်သူထံမှ ပါးရိုက်ခံရသည် ဆိုပါစို့)အရ မည်သူမဆို တစ်ဦးတစ်ယောက်သောသူအား မိမိအလိုအလျောက်နာကျင်စေလျှင် ထိုသူကိုတစ်နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ကျပ်တစ်သိန်းထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည် ဟုပြဌာန်းထားသည်။ ယင်းမှာ အများဆုံးချမှတ်နိုင်သည့် ပြစ်ဒဏ်သာဖြစ်ပြီး တရားသူကြီးက အနည်းဆုံးပြစ်ဒဏ် မည်မျှချမှတ်ရမည်ဆိုသည်ကိုထည့်သွင်း ပြဌာန်းထားခြင်းမရှိခြင်းကြောင့် (ပါးရိုက်ခံရခြင်းသည်နာကျင်မှုအားဖြင့်ခဏတာသာဖြစ်သော်လည်း) ကျုးလွန်ခံရသူအတွက် စိတ်ပိုင်းဆိုင်ရာနှင့်အရှက်သိက္ခာပိုင်းကို ထည့်သွင်းစဉ်းစားထားခြင်းမရှိသော လျော့ပေါ့သည့် ပြစ်ဒဏ်များဖြင့်သာအဆုံးသတ်သွားသည်ကများသည်။

ထို့ပြင် ၎င်းဥပဒေအရတစ်ချို့သော ပုဒ်မပြဌာန်းချက်များသည် ရဲအရေးမပိုင်သည့်အတွက် အမျိုးသမီးများတိုင်တန်းရသည့်အနေအထား၊ တရားမျှတမှုတောင်းခံရသည့်အခြေအနေနှင့် လုံခြုံမှုပေးနိုင်သည့် အပိုင်းတွင်လည်း အားနည်းချက်များရှိနေသည်။ အထူးသဖြင့်အိမ်တွင်းအကြမ်းဖက်ခံရသည့်အနေအထားတွင် ၎င်းရာဇသတ်ကြီးဥပဒေဖြင့် ကာကွယ်မှုအသေအချာမပေးနိုင်ကြောင်းတွေ့ရှိရသည်။

ဖြစ်စဉ်အရ “အမျိုးသမီးတစ်ယောက်သည် လင်ယောက်ျားဖြစ်သူထံမှ ပါးရိုက်ခံရသဖြင့်  နီးစပ်ရာရဲစခန်းသို့ သွားရောက်တိုင်ကြားရာ ရဲအရာရှိက ရဲအရေးမပိုင်သည့်ပုဒ်မဖြစ်သည့်အတွက် ပုံစံ “က” “ခ”ပေးပြီး တရားရုံးတွင်ဦးတိုက်စွဲဆိုရန်ပြောလိုက်သည်။ ၎င်းအချိန်သည် တရားရုံးဖွင့်သည့် ရုံးချိန်ကျော်လွန်သွားသဖြင့် နောက်တရက်ရုံးဖွင့်ချိန်ကိုစောင့်ရမည်ဖြစ်ပြီး အိမ်ပြန်သွားချိန် ယောက်ျား၏အကြမ်းဖက်မှုထပ်မံခံရခြင်းမှ အကာအကွယ်ပေးရန်လိုအပ်နေသော်လည်း မည်သည့်ဥပဒေကမှ ၎င်းအခြေအနေအပေါ်  ထည့်သွင်းစဉ်းစားထားသောပြဌာန်းချက်ရှိမနေပေ”။

အထက်ပါဖြစ်စဉ်များကိုကြည့်ခြင်းအားဖြင့် အကြမ်းဖက်မှုကျူးလွန်ခံရသူများကို ဉပဒေအရ အကာအကွယ် ပေးနိုင်ရန်အားနည်းနေခြင်းက မြန်မာနိုင်ငံတွင်အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့်ပတ်သက်ပြီး (အထူးသဖြင့် အိမ်တွင်းအကြမ်းဖက်ခံရမှုကို ထည့်သွင်းပြဌာန်းထားသည့်) သီးခြားဥပဒေမရှိပဲ ရာဇသတ်ကြီး ဖြင့်သာ စီရင်ကျင့်သုံးနေခြင်းကြောင့်ဖြစ်ပါသည်။ ထိုကဲ့သို့နှစ်ကာလ ကြာရှည်စွာ တောင်းဆိုလာခဲ့ကြသော အမျိုးသမီးများအပေါ်အကြမ်းဖက်မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်မည့် ဥပဒေမူဘောင်တစ်ခုကို ပံ့ပိုးပေးနိုင်ရေးအတွက်အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေး ဥပဒေကြမ်း (PoVAW) ကို ၂၀၁၃ခုနှစ်ကတည်းက အစိုးရ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် နိုင်ငံတကာအဖွဲ့အစည်းများက အတူတကွစတင်ရေးဆွဲခဲ့ပါသည်။

ဤဥပဒေမူကြမ်းထဲတွင် အမျိုးသမီးများအား အကြမ်းဖက်မှုပုံစံမျိုးစုံမှ ကာကွယ်ပေးရန်လိုအပ်ချက်ကို ပြဋ္ဌာန်းပေးထားရာ မိမိနှင့်ရင်းနှီးချစ်ကျွမ်းဝင်နေသူမှ အကြမ်းဖက်ခြင်း၊ အိမ်ထောင်ဖက်မှ မုဒိမ်းကျင့်ခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း ၊ လိုက်လံ ချောင်းမြောင်းသူများမှ အနှောင့်အယှက်ပေးခြင်း၊ လုပ်ငန်းခွင်နှင့် အများပြည်သူဆိုင်ရာ နေရာများတွင် အနှောင့်အယှက်ပေးခြင်းနှင့် ဓလေ့ထုံးတမ်းနှင့်ရိုးရာ အစဉ်အလာများမှတဆင့် အကြမ်းဖက်မှုများလည်းပါဝင်ပါသည်။

အမျိုးသမီးများအပေါ်အကြမ်းဖက်မှုတားဆီးကာကွယ်ရေးဥပဒေမူကြမ်းကို အစိုးရက ယခုနှစ် ဇန်နဝါရီလအတွင်း နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် အများပြည်သူ သိရှိအောင်ထုတ်ပြန်ကြေညာခဲ့ပြီး လက်ရှိအချိန်ထိလွှတ်တော်တစ်ရပ်ရပ်တွင်ဆွေးနွေးရန်ဆောင်ရွက်နေဆဲ ဖြစ်သည်။ ဉပဒေမူကြမ်းတွင် ပါဝင်သော အချို့ပြဌာန်းချက်များသည် အမျိုးသမီးထုအတွက် အကြမ်းဖက်ခံရမှုမှ ကာကွယ်ပေးနိုင်မည့် အာမခံချက်များရှိသော်လည်း ပြဌာန်းချက်အများစုမှာ ပြန်လည်သုံးသပ်ပြင်ဆင်မှသာ ထိရောက်မှုရှိမည် ဖြစ်သောကြောင့် လွှတ်တော် ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာလွှတ်တော်ကော်မတီများအနေဖြင့် အောက်ပါအချက်များကို ပြန်လည်ဆန်းစစ်ပေးရန်တောင်းဆိုလိုပါသည်။ 

  • အခန်း (၁)တွင် အချို့သောအဓိပ္ပါယ်ဖွင့်ဆိုချက်များမှာ ရှင်းလင်းသေချာပြည့်စုံမှုမရှိသည့်အတွက် ဥပဒေအကောင်အထည်ဖော်ရာတွင် အခက်အခဲရှိနိုင်ပါသဖြင့် ပိုမိုရှင်းလင်းပြည့်စုံသောအဓိပ္ပါယ် ဖွင့်ဆိုချက်များထည့်သွင်းပြဌာန်းပေးရန်လိုအပ်ပါသည်။
  • အခန်း (၅)တွင် အကြမ်းဖက်သူနှင့်၎င်းနှင့်ဆက်စပ်နေသူများမှာ အသက်၊ အိုးအိမ်နှင့် တခြား စသည် လုံခြုံမှုအပိုင်းများနှင့် အန္တရာယ်ပြုခံရနိုင်သည့်အခြေအနေများတွင် ယာယီအကာအကွယ်ပေးရေး အစီအမံ ထုတ်ဆင့်ပေးမည့် မြို့နယ်အမျိုးသမီး ကော်မတီနှင့်၎င်း၏တာဝန်ပေးချက်အရ ထုတ်ဆင့်ပေးမည့်သူများအတွက်ကျရောက်လာနိုင်သည့်လုံခြုံမှုထိပါးလာနိုင်သည့်အခြေအနေများအား ကာကွယ်ပေးထားသည့် ပြဌာန်းချက်များထည့်သွင်းပြဌာန်းရန်လိုအပ်ပါသည်။
  • အိမ်တွင်းအကြမ်းဖက်မှုများအတွက်တိကျသော ပြစ်ဒဏ်ပြဌာန်းထားမှုမပါရှိခြင်းကြောင့် ယခုမူကြမ်းတွင် အိမ်တွင်းအကြမ်းဖက်မှုအတွက် ပြစ်ဒဏ်ကို တိကျသေချာစွာ ပြဌာန်းပေးရန်လိုအပ်ပါသည်။
  • လုပ်ငန်းခွင်အတွင်းလိင်ပိုင်းဆိုင်ရာထိပါးနှောက်ယှက်မှုကို သာမန်အမျိုးသမီးများကြုံရသည့် အခြေအနေများနည်းတူ တားမြစ်ချက်နှင့် ပြစ်ဒဏ်သာဖော်ပြထားပြီး လုပ်ငန်းခွင်အတွင်း လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်မှုသည် လုပ်ငန်းခွင်အတွင်းရှိ အမျိုးသမီးများအဖို့ သက်သေအထောက်အထား ရယူရန်ခက်ခဲခြင်း၊ တိုင်တန်းရန် လက်လှမ်းမမီမှုအခြေအနေနှင့် တရားစွဲဆိုသည့် အခြေအနေကြောင့် အလုပ်ပျက်၊ အလုပ်ထုတ်ခံရနိုင်သည့်အခြေအနေများကို ထည့်သွင်းစဉ်းစား ပြဋ္ဌာန်းထားသည့် ပြည့်စုံသော ပြဋ္ဌာန်းချက်မျိုး လိုအပ်ပါသည်။ အချို့သောအကြမ်းဖက်မှုများတွင် ကျူးလွန်သူကိုထောင်ဒဏ်ချမည့်အစား အကျင့်စာရိတ္တပြုပြင် ပြောင်းလဲစေနိုင်သောလူမှုရေးပြစ်ဒဏ် ချမှတ်ပေးခြင်းသည်လည်း အမျိုးသမီးများအပေါ် အကြမ်းဖက်ခံရမှုကိုလျော့ကျစေနိုင်ပြီး ထောင်ချအကျဉ်းချခြင်းထက် လူမှုရေးပြစ်ဒဏ်ချမှတ်ခံရသူ အနေဖြင့် အရှက်ရစေပြီး နောက်ထပ်ကျူးလွန်ရန်တွန့်ဆုတ်သွားမည်ဖြစ်သည်။ ယင်းအချက်ကို ယခုမူကြမ်းတွင်ထည့်သွင်းစဉ်းစားပြီး ပြဌာန်းပေးရန်လိုအပ်ပါသည်။
  •  မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုး (၁၃၅) မျိုးရှိရာအမျိုးသမီးများ၏ အမွေဆက်ခံခြင်းနှင့် ပစ္စည်းပိုင်ဆိုင်ခွင့်မှာလည်း နေရာဒေသအပေါ်မူတည်၍သော်လည်းကောင်း၊ ကိုးကွယ်သည့် ဘာသာ၊ ထုံးတမ်းစဉ်လာများအပေါ်တွင်မူတည်ပြီးသော်လည်းကောင်း ကွဲပြားခြားနားလျှက်ရှိသည်။ အချို့သော တိုင်းရင်းသားမျိုးနွယ်အမျိုးသမီးများသည် အမွေဆက်ခံခြင်းနှင့် ပစ္စည်းပိုင်ဆိုင်ခွင့်တို့တွင် အမျိုးသားများနှင့် တန်းတူအခွင့်အရေးမရရှိဘဲ ခွဲခြားဆက်ဆံခံနေရပြီး အခွင့်အရေးများ ဆုံးရှုံးလျှက်ရှိပါသည်။ ယခုမူကြမ်းတွင်အမျိုးသမီးများ၏ အမွေဆက်ခံခြင်းနှင့်ပစ္စည်းပိုင်ဆိုင်ခွင့် တို့တွင် အမျိုးသားမျာနှင့်အခွင့်အရေးတန်းတူရရှိစေနိုင်မည့်အချက်များ ထည့်သွင်းပြဌာန်းရန် လိုအပ်ပါသည်။
  • အခန်း (၉)ရှိ  တားမြစ်ချက်နှင့် ပြစ်ဒဏ်များအခန်းတွင် အချို့ ပြစ်ဒဏ်ဖော်ပြချက်များသည် လက်ရှိကျင့်သုံးနေသော ၁၈၆၁ ခုနှစ်ရာဇသတ်ကြီး ဥပဒေ၏ မူလ ပြဋ္ဌာန်းချက်များထက်ပင် အားနည်းလျက်ရှိရာ ယခုမူကြမ်းတွင် ပြစ်ဒဏ်များကိုလည်းအကြမ်းဖက်ခံရမှုကို ထိရောက်စွာဟန့်တားနိုင်သည့် ပြစ်ဒဏ်များအဖြစ် ပြောင်းလဲပြဌာန်းပေးရန်လိုအပ်ပါသည်။
  • ၁၉၈၁ ရာဇသတ်ကြီးတွင်ပြဌာန်းထားသော အဓိပ္ပါယ်ဖွင့်ဆိုချက်သည် သဘောတူခွင့်ပြုမှု အပိုင်း(consent) နှင့်ပတ်သက်၍(၃)ချက်သာဖော်ပြထားပြီး ခေတ်ကာလအနေအထားအရ ပို၍ကျယ်ပြန့်စွာဖွင့်ဆိုရန်လိုသဖြင့် မုဒိမ်းမှု၏ တိကျကျယ်ပြန့်သော အဓိပ္ပါယ်ဖွင့်ဆိုချက် အပြည့်အစုံကိုဤဥပဒေတွင် ထည့်သွင်းပြဌာန်းသင့်ပါသည်။
  • မည်သည့်လက်နက်ကိုင်များမှမဆို (မြန်မာနိုင်ငံ၏ လတ်တလော ရင်ဆိုင်ကြုံတွေ့နေရသော လက်နက်ကိုင်ပဋိပက္ခများ၊ လက်နက်ကိုင်များအပေါ် တရားစီရင်ရေး အကန့်အသတ်များ ရှိနေသော်လည်း) ကျူးလွန်သည့်လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကို တားမြစ်နိုင်သည့်ပြဌာန်းချက်နှင့် အထူးစုံးစမ်းစစ်ဆေးရမည့် ပြဌာန်းချက်များထည့်သွင်းရန်လို အပ်ပါသည်။
  • အိမ်တွင်းအကြမ်းဖက်မှုအပါအဝင် အခြားသောအကြမ်းဖက်မှုအမျိုးမျိုးကို အမျိုးသမီးများ လွယ်ကူစွာ တိုင်တန်းနိုင်စေရန် နှင့်စစ်ဆေးသည့်အပိုင်းများအဆင်ပြေစေရန် လူကုန်ကူးမှုများကိုကိုင်တွယ်သကဲ့သို့သော သီးသန့်အထူးရဲတပ်ဖွဲ့များ(task force) ဖွဲ့စည်းရမည့်အပိုင်းနှင့်စစ်ဆေးရမည့်အပိုင်းကို တိကျစွာပြဌာန်းပေးမှသာလျှင် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသောလက်နက်ကိုင်ပဋိပက္ခများ၏နောက်ဆက်တွဲအနေဖြင့် သက်ဆိုင်ရာဒေသရှိ အမျိုးသမီးအကြမ်းဖက်ခံရမှုများအတွက် တရားမျှတမှုလက်လှမ်းမီစေရေးကို မြှင့်တင်ရာရောက်မည်ဖြစ်သည်။

အထက်ပါတင်ပြချက်များကို သေချာစွာသုံးသပ်မှုများမပြုလုပ်ခဲ့လျှင်ဖြစ်စေ၊ ပြင်ဆင်မှုများနှင့်ထည့်သွင်း ပြဌာန်းမှုများမပြုလုပ်နိုင်ဘဲဖြစ်စေ ယခုမူကြမ်းအားဥပဒေတစ်ရပ်အဖြစ် အတည်ပြုလိုက်မည်ဆိုပါက အမျိုးသမီးထု လက်ရှိခံစားနေရသည့်အကြမ်းဖက်မှုများနှင့် တရားမမျှတမှုများကို ထိရောက်စွာကာကွယ်မှု မပေးနိုင်ရုံသာမက ရှုပ်ထွေးမှုများဖြစ်ပေါ် လာနိုင်ပါသည်။ ထို့ကြောင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေ းဥပဒေမူကြမ်းအား အမျိုးသမီးထုအတွက် အမှန်တကယ်အကာအကွယ်ပေးနိုင်မည့် ထိရောက်မျှတပြည့်စုံသောသောဥပဒေကောင်းအဖြစ် ပြန်လည်သုံးသပ်ပြင်ဆင်နိုင်စွမ်းသော လွှတ်တော်ကိုယ်စားလှယ်များနှင့် သက်ဆိုင် ရာ လွှတ်တော်ကော်မတီများသည်သာ အားကိုးရာဖြစ်ပါသည်။

ဒေါ်လှလှရီသည် တရားလွှတ်တော်ရှေ့နေ့တစ်ဦးဖြစ်ပြီး ဥပဒေရေးရာကုစားရေးအဖွဲ့ (မြန်မာ)၏ ပူးတွဲတည်ထောင်သူနှင့် ဒါရိုက်တာတစ်ဦးလည်းဖြစ်သည်။ ဤဆောင်းပါးကို Lotus Circle Fund ၏ ရက်ရောစွာထောက်ပံ့မှုဖြင့် အာရှဖောင်ဒေးရှင်းနှင့်ဥပဒေရေးရာကုစားရေးအဖွဲ့(မြန်မာ)တို့ ပူးတွဲ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော မြန်မာနိုင်ငံရှိ ကျား/မအခြေပြုအကြမ်းဖက်မှုများအား တားဆီးကာကွယ်ရေးနှင့် ကျူးလွန်ခံရသူများအားထောက်ပံ့ကူညီရေးဆိုင်ရာပရောဂျက်၏ တစ်စိတ်တစ်ပိုင်း အနေဖြင့်ရေးသားတင်ပြခြင်းဖြစ်သည်။  ဖော်ပြပါရေးသားသုံးသပ်မှုများနှင့် အကြံပြုတောင်းဆိုချက်များသည် စာရေးသူ၏အာဘော်သာဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly