ရန်ကုန်ဆေးရုံကြီးတွင် ကိုဗစ်သံသယလူနာရောက်ရှိမှု များပြားလာသည့်အတွက် ထားစရာနေရာ အခက် အခဲရှိနေ

ရန်ကုန်ဆေးရုံကြီးတွင် ကိုဗစ်သံသယလူနာရောက်ရှိမှု များပြားလာသည့်အတွက် ထားစရာနေရာ အခက် အခဲရှိနေ

စက်တင်ဘာ ၆

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်သံသယလူနာရောက်ရှိမှုများပြားလာသည့်အတွက် ၎င်းကိုဗစ်လူနာများကိုထားရှိရန် နေရာအခက်အခဲကြုံနေရကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အရေးပေါ်ဌာနတာဝန်ခံ ပါမောက္ခေ ဒေါက်တာမော်မော်ဦးက မဇ္ဈိမကို ပြောသည်။

ရန်ကုန်ဆေးရုံကြီး၌ ကိုဗစ်သံသယလူနာဦးရေ ၅၀ ခန့်အားထားရှိနိုင်ရန် ပြင်ဆင်ထားရာ နေ့စဉ်ရောက်ရှိလာသော သံသယလူနာဦးရေမှာလည်း  ၅၀ ခန့်ရှိနေသောကြောင့် နေရာအခက်အခဲကြုံနေရခြင်းဖြစ်သည်။

“ဓာတ်ခွဲနမူနာစစ်တာက တစ်ရက်၊ တစ်ရက်ခွဲကြာတယ်။ အဲ့ဒါကြောင့် တစ်ခါတစ်လေ ဓာတ်ခွဲအဖြေကြာရင် အဆင်ပြေသလို နေရာရှာပြီး ထားရတာပေါ့။ ဆေးရုံတွေ တော်တော်များများမှာ ဒီလူနာတွေက positive ထွက်နေတာ တွေ့ရတယ်။ အဲဒါကြောင့် သံသယလူနာ(PUI) ကို များများလက်ခံတယ်။ အဲဒီလိုလက်ခံတော့ နေရာအခက်အခဲရှိလာတာ ပေါ့နော်။ ပြီးခဲ့တဲ့ရက်တွေကတော့ အခက်အခဲရှိတာပေါ့။ အခုတော့ အခန်းတွေ ထပ်ချဲ့ထားတော့ အဆင်ပြေပါ တယ်။ နောက်ထပ်ထပ်ပြီးတော့ များလာရင်တော့ ပြေချင်မှလည်း ပြေမှာပေါ့” ဟု ၎င်းက ပြောသည်။

နေ့စဉ် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ သံသယလူနာဦးရေ ၅၀ ဝန်းကျင်ရောက်ရှိလာသည့်အနက် ဆယ်ရာခိုင်နှုန်း ဖြစ်သည့် ငါးဦးခန့်မှာ ကိုဗစ်ပိုးတွေ့ရှိနေရကြောင်း သိရသည်။

ပါမောက္ခဒေါက်တာမော်မော်ဦးက “ကျွန်တော်တို့ သံယရှိတယ်ဆိုတဲ့ လူနာတွေဟာ တကယ်ပဲ ပိုးတွေရှိနေတယ်ဆိုတာကိုတွေ့ရတာ။ ပတ်ဝန်း ကျင်လူထုထဲမှာလည်း အများကြီးရှိနေနိုင်တယ်ဆိုတာကို ပြတာ။ အဲဒီအချက်က ကျွန်တော်တို့ ရန်ကုန်အတွက် စိုးရိမ်စရာပဲ” ဟု  ပြောသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးအရေးပေါ်ဌာနသို့ ရောက်ရှိလာသူတိုင်းကို ကိုဗစ်နှင့်ပတ်သက်မှုရှိ၊ မရှိ အုပ်စုသုံးခုခွဲကာ စစ်ဆေးမှုပြုလုပ်ပြီး သံသယလူနာများကို ခွဲထုတ်၍ ဓာတ်ခွဲနမူနာများကို စစ်ဆေးနေခြင်းဖြစ်ကြောင်း သိရသည်။

ကိုယ်အပူချိန်တိုင်းကာ ရောဂါလက္ခဏာမေးမြန်းပြီး ခရီးသွားရာဇဝင်ရှိသူများကို အဆင့် A အဖြစ်သတ်မှတ်ပြီး၊ ဖျားနာရောဂါလက္ခဏာနှင့် ကိုဗစ်လက္ခဏာတွေ့ရှိရသူများကို အဆင့် B၊  သွေးတိုး၊ နှလုံး၊ ဆီးချို၊ ကျောက်ကပ်ရောဂါအခံနှင့် မောပန်းနွမ်းနယ်ခံရသူများကို အဆင့် C ဟုသတ်မှတ်ပြီး သံသယလူနာအဖြစ် အာခေါင်တို့ပတ်နမူနာယူစစ်ဆေးနေခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ကိုဗစ်ပိုးသည် ပြည်သူလူထုအတွင်း၌ ပျံ့နှံ့နေခြင်းဖြစ်သောကြောင့် ဆေးရုံမရောက်မီ လူထုအ တွင်း ကာကွယ်တားဆီးမှုများကို ပိုမိုဦးစားပေးလုပ်ဆောင်သင့်ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အရေးပေါ် ဌာနတာဝန်ခံ ပါမောက္ခဒေါက်တာ မော်မော်ဦးက အကြံပြုသည်။

“ ရန်ကုန်မြို့မှာ ကူးစက်မှုက လူထုထဲမှာ အများကြီးရှိနေနိုင်တယ်လို့ ယူဆတဲ့အချက်က တဖြည်းဖြည်းနဲ့ ပိုပြန့်မယ်ဆိုရင် ဆေးရုံတွေမှာ သံသယလူနာ (PUI) အရေအတွက်၊ Positive ထွက်တဲ့သူတွေ များများလာ မယ်ဆိုရင် ဆေးရုံတွေမှာ မနိုင်မနင်းဖြစ်တဲ့ အခြေအနေရောက်လာနိုင်တယ်လေ။ဆရာဝန်၊ ဆရာမတွေမှာ ကူးစက်မှုရှိလာရင် သူနဲ့ထိတွေ့သူတွေပါ ကွာရန်တင်းသွားရတဲ့ အခြေအနေဖြစ်တာကြောင့် အဲဒီတစ်ချက်က လည်း အထူးစိုးရိမ်စရာဖြစ်ပါတယ်။ ပြည်ပက လူထုထဲမှာ ကူးစက်မှုဖြစ်နေတာကို ဘယ်လိုထိန်းချုပ်ရမလဲဆို တာကို ပိုပြီးစဉ်းစားသင့်တယ်လို့ ပြောချင်ပါတယ်။ အများကြီးဖြစ်လည်း ကိစ္စမရှိဘူး။ ဓာတ်ခွဲနမူနာယူပြီး ဖောင်ကြီးတို့ ပို့မယ်ဆိုတာမျိုး မဖြစ်သင့်ဘူး။ အရင်တုန်းကဆို လမ်းပေါ်မှာ ကားတောင်မရှိလောက်အောင် နည်းသွားတယ်လေ။ အခုအဲ့လိုအခြေအနေမျိုးကို ပြန်ဖြစ်စေချင်တယ်” ဟု ၎င်းကပြောသည်။

စက်တင်ဘာလ ၆ ရက်နေ့ နံနက်အထိ မြန်မာနိုင်ငံတွင် ကိုဗစ် ၁၉ ပိုးတွေ့လူနာစုစုပေါင်း ၁၃၁၉ ဦးရှိပြီး ရန်ကုန်တိုင်းဒေသကြီးတွင် ၅၃၂ ဦးရှိပြီဖြစ်သည်။

သင်္ဃန်းကျွန်းမြို့နယ်ရှိ စံပြဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသော ပိုးတွေ့လူနာအမှတ် (၁၂၃၆) သည် နာတာရှည်ကျောက်ကပ်ပျက်စီးခြင်းနှင့် ဆီးချိုရောဂါအခံများဖြင့် ရုတ်တရက်အသက်ရှူလမ်းကြောင်းပျက်စီးပြီး သေဆုံးသွားသောကြောင့် ကိုဗစ်ရောဂါကြောင့် သေဆုံးသူသည် ရှစ်ဦးအထိရှိလာပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required