ထိုင်း ၅ ဦးနှင့် တရုတ်၁ ဦး မြန်မာဖက်မှ ခိုးဝင်လာသည်ကို ထိုင်းတွင် ဖမ်းဆီးရမိ

ထိုင်း ၅ ဦးနှင့် တရုတ်၁ ဦး မြန်မာဖက်မှ ခိုးဝင်လာသည်ကို ထိုင်းတွင် ဖမ်းဆီးရမိ

 စက်တင်ဘာ ၆

ထိုင်းနိုင်ငံဖက်ဆီသို့ မြန်မာဖက်မှ မြစ်ကို ဖြတ်ပြီး ဝင်ရောက်လာသော လူ ခြောက်ဦးကို တာ့ခ်ပြည်နယ် ဘန်ဟွေ့မောင်းရွာတွင် စနေနေ့ နံနက် ၁ နာရီတွင် ဖမ်းဆီးရမိသည်။ 

မဲဆောက်ခရိုင်၌ အမှတ် ၄ ခြေလျင်တပ်ရင်းမှ တာဝန်ရှိသူများ ကင်းလှည့်ရာ သောင်းရင်းမြစ်ကို လှေဖြင့် ဖြတ်လာသည့် ၎င်းတို့ ခြောက်ဦးအား ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။ 

ဖမ်းမိသူများမှ ထိုင်းနိုင်ငံသား ငါးဦးတွင် လေးဦးမှာ အမျိုးသားများဖြစ်ကာ ကျန်တစ်ဦးမှာ အမျိုးသမီးတစ်ဦးဖြစ်ပြီး ခြောက်ဦးမြောက်မှာ တရုတ်အမျိုးသား ဖြစ်ကြောင်း သိရသည်။ 

“မြန်မာနိုင်ငံဖက်က ကာစီနိုတစ်ခုမှာ အလုပ်လုပ်ကြသူတွေ ဖြစ်တယ်လို့ သူတို့အားလုံးက ထွက်ဆိုချက်ပေးပါတယ်။”ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။  

“မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှု အရှိန်မြင့်နေချိန်မှာ ကူးစက်ပျံ့နှံ့မှု တားဆီးနိုင်ဖို့အတွက် နယ်စပ်ဂိတ်တွေ အားလုံးကို ပိတ်ထားတာကြောင့် လူတွေဟာ မြစ်ကို ဖြတ်ပြီး ဝင်ရောက်ဖို့ ကြိုးစားလာကြတယ် ။”ဟု ၎င်းက ဆိုသည်။ 

  ဖမ်းမိသူများကို မဲဆောက်ရဲစခန်းသို့ ပို့ဆောင်ထားပြီး တရားမဝင် နိုင်ငံထဲ ခိုးဝင်မှုနှင့် တာ့ခ်ပြည်နယ် ရောဂါထိန်းချုပ်ရေးကော်မရှင်၏ စည်းမျဉ်းများအား ချိုးဖောက်မှုတို့ဖြင့် စွဲဆိုထားကြောင်း သိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly